သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ ဘက်တော်သားတွေ လုံခြုံရေး စိုးရိမ်ရ


ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ နောက်တဦးကို ရန်ငြိုးမရှိဘဲ အမည်မသိလူတွေက ရိုက်နှက်မှုတခု လှိုင်သာယာမြို့နယ်ထဲမှာ မနေ့ညက ထပ်ပြီး
ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူ ဦးမြင့်အေး အရိုက်အနှက်ခံ
ရတဲ့ကိစ္စကလည်း မကြာသေးခင်ကပဲ ဖြစ်ပွားခဲ့တာမို့ အတိုက်အခံ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေး လှုပ်ရှားသူတွေအဖို့ အသက်အန္တရာယ်တွေ စိုးရိမ်နေရတဲ့သဘော
ဖြစ်လာပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာလုံခြုံရေးဆိုပြီး စစ်အစိုးရက ပြောဆို
နေပေမယ့် တကယ်တမ်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်
တာမျိုး မရှိပါဘူးလို့ အတိုက်အခံအင်အားစုတွေက မြန်မာစစ်အစိုးရအပေါ် ဝေဖန်
လိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါ
တယ်။

မနေ့ညက အသက် ၇၃ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ်
စည်းဥက္ကဋ္ဌ ဦးမြင့်လှိုင်ကို အမည်မသိလူတဦးက ချောင်းပြီး ရိုက်ခဲ့တာပါ။ အသက်
အန္တရာယ် မစိုးရိမ်ရပေမယ့် ဒီရာဇဝတ်မှု ကျူးလွန်သူဟာ ကြိုတင်ကြံစည်ထားတယ်
ဆိုတဲ့ အထောက်အထားတွေ တွေ့ရတဲ့အတွက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ
တွေကတော့ သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။

အဖြစ်အပျက်ကို အသေးစိတ်သိထားတဲ့ လှိုင်သာယာမြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက အခုလိုရှင်းပြပါတယ်။

“မနေ့ည ၇ နာရီခွဲလောက်မှာ သူ့အိမ်ရှေ့ ပိတောက်လမ်းပေါ်မှာ လမ်းလျှောက်နေရင်း လူတယောက်က အနားကပ်လာပြီး ရုတ်တရက် သစ်သားတုတ်တခုနဲ့ ရိုက်သွားတယ်။ ညာဘက်ချိုစောင်းမှာ နှစ်လက်မကျော်ကျော်လောက် ကွဲသွားတယ်။ ထူးခြားတာက
အဲဒီလူက ရိုက်ဖို့ချောင်းနေတာ နှစ်ရက်ရှိပြီ။ တနေ့က သူ့အိမ်မှာဖွင့်ထားတဲ့ စာအုပ်
ဆိုင်လေးမှာ စာအုပ်လာငှားတယ်။ သူ့ကိုယ်သူ မင်းမင်းပါလို့ ပြောတယ်။ လူက
ဂင်တိုတို၊ မည်းမည်း၊ ပျံကျပုံစံမျိုးပေါ့။”

ရပ်ကွက်ကလူတွေကရော အဲဒီလူကိုသိလား။

“မသိဘူး။ အဲဒီရပ်ကွက်ကလည်း မဟုတ်ဘူး။ အဲဒီလမ်းပေါ်ကလည်း မဟုတ်ဘူး။ အဲဒီ
အနီးဝန်းကျင်က မဟုတ်ဘူး။”

ဖြစ်တဲ့အချိန် အနီးအနားမှာ လုံခြုံရေးအာဏာပိုင်တွေ၊ ရဲတို့ ရဝတတို့ရှိလား။

“ရှိတယ်။ ထူးခြားတာက ဘာထူးခြားလဲဆိုရင် သူတို့ ပိတောက်လမ်းထိပ်မှာ နယ်မြေ
လုံခြုံရေးတာဝန်ကျတဲ့ ရဲတယောက်က ဆိုင်ကယ်နဲ့ စကားပြောစက်နဲ့ စကားပြောပြီး
ရပ်နေတယ်။ ရိုက်ခံရပြီ၊ ရိုက်ခံရပြီဆိုပြီး အိမ်နားကလူတွေက ဝိုင်းလာတော့ ဟိုလူက ထွက်ပြေးသွားတယ်။ သွေးကလည်း တော်တော်ထွက်နေတဲ့အခါကျတော့ ဆေးခန်း
သွားကြမယ်ဆိုပြီးထွက်တော့ လမ်းထိပ်မှာ စကားပြောစက်နဲ့ စကားပြောနေတဲ့ရဲကို
တွေ့တယ်။ အဲဒီရဲကိုလည်း ပြောတယ်။ ဒီမှာ လူရိုက်သွားတယ်။ အရိုက်ခံရတဲ့ဒဏ်ရာ
လည်းပြတယ်။ ရဲက ဘာမှပြန်မပြောဘူး၊ ဘာမှမတုံ့ပြန်ဘူး။ တချက်ပဲကြည့်ပြီး ရှောင်ထွက်သွားပြီးတော့ စကားပြောစက်နဲ့ သူ့ဘာသာသူ ဆက်စကားပြောပြီးတော့
အဲဒီလမ်း မြောက်ဘက်အတိုင်း ဆိုင်ကယ်ကို မောင်းထွက်သွားတယ်။”

ရဲတပ်သားနာမည်ရော သိလားခင်ဗျ။

“မသိဘူးခင်ဗျ။”

အဖြစ်အပျက်နဲ့ပတ်သက်လို့ရော သက်ဆိုင်ရာရဲစခန်းတွေ၊ အာဏာပိုင်တွေကို
အကြောင်းကြားလား။

“ဟုတ်ကဲ့၊ ဒီမနက် ကိုးနာရီခွဲမှာ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နဲ့ ကျနော်နဲ့ အဖွဲ့ချုပ်လူငယ်
တယောက်နဲ့ သွားပြီးတော့ ရီပို့ (Report) လုပ်တယ်။ ရီပို့လုပ်တော့ အမှုလက်ခံပေး
တယ်။ စခန်းမှူးကိုယ်တိုင်ကလည်း တွေ့ပြီးတော့ ဖြစ်စဉ်ကို နည်းနည်းပါးပါးမေးတယ်။
သူက အငြိုးအတေးရှိလို့ ရိုက်တာလား၊ ဘာလား။ အငြိုးအတေးရှိလို့ ရိုက်တာလည်း
မဟုတ်ဘူး။ ဘာအငြိုးအတေးမှလည်း မရှိဘူး။ အဲဒီလူကို မြင်ဖူးတာလည်း လွန်ခဲ့တဲ့ နှစ်ရက်ကပဲမြင်ဖူးတယ်။ လူမြင်ရင် မှတ်မိမယ်။ နာမည်မသိဘူး။”

ရဲအာဏာပိုင်တွေကရော အခင်းဖြစ်တဲ့နေရာကို လာကြည့်တာ၊ စုံစမ်းထောက်လှမ်း
တာတွေရော လုပ်လား။

“အခုထက်ထိတော့ မရှိသေးဘူး။ မျက်မြင်သက်သေတွေ လာမေးမယ်ပြောတယ်။
ဒီအချိန်ထိတော့ မလာသေးဘူး။”

အခုအနေအထားက ရန်ငြိုးရန်စရှိတဲ့အနေအထား မဟုတ်တော့ ဘာလို့ ယူဆထားလဲ။

“ဘာဖြစ်လို့ ရန်ငြိုးရန်စမရှိဘူးလို့ ယူဆလဲဆိုတော့ ဒီဥက္ကဋ္ဌက ပါစင်နယ်အရဆိုရင်
အင်မတန်မှ လူအေး၊ အသက်က ၇၂ နှစ်ရှိပြီ။ သူတပါးအပေါ်ကို နစ်နစ်နာနာ တခါမှ
လည်း မလုပ်ဖူးဘူး။ တခုခုကြောင့် သူတပါးနစ်နာသွားမှာ အမြဲတမ်းစိုးရိမ်ကြောင့်ကြ
ပြီးတော့ အနေအထိုင် အင်မတန်မှ ပိရိတဲ့လူ။ စကားအပြောအဆို အင်မတန်မှ နူးညံ့
တဲ့လူ။ အများအကျိုးဆောင်ဖို့ဆိုရင် ရှေ့တန်းက အမြဲတမ်းအဆင်သင့်ရှိပြီးတော့ သူတတ်နိုင်သလောက် အမြဲတမ်း ပံ့ပိုးပေးနေတဲ့သူ။ အဲဒီလိုလူတယောက်ကို ရန်ရှာ
တယ်၊ အငြိုးအတေးမရှိဘဲ ရိုက်တယ်ဆိုတာ သူ့ရဲ့လုပ်ရပ်တွေကို မကျေနပ်လို့၊ မနှစ်
မြို့လို့၊ အများအကျိုးဆောင်နေတာကို မနှစ်မြို့လို့၊ မကျေနပ်လို့ ရိုက်တယ်လို့ ကျနော်
ယူဆတယ်။”

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာအပိုင် လှိုင်သာယာ သောင်ကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားချက်မရပါဘူး။

လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ဦးမြင့်အေးဟာလည်း ပြီးခဲ့တဲ့တရက်
ကပဲ အလားတူ ရန်ငြိုးမရှိဘဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီ့မတိုင်ခင် မနှစ်ကလည်း
မန္တလေး မတ္တရာမြို့နယ်က အသက် ၇၀ အရွယ် လွှတ်တော်အမတ်တဦးလည်း
အလားတူ ထိုးကြိတ်တာခံရလို့ မျက်လုံးထိခိုက်ခဲ့ရပါတယ်။

နိုင်ငံရေးလှုပ်ရှားမှု ဦးဆောင်သူတွေအပေါ်မှာ အခုလို အကြမ်းဖက်သူ တရားခံ
ဘယ်သူဘယ်ဝါဆိုတာလည်း ဒီအချိန်ထိ မပေါ်သေးပါဘူး။ ဒါကြောင့် ဒါတွေဟာ
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မဲ့နေပြီဆိုတဲ့ ဖော်ပြချက်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကို ခြိမ်းခြောက်မှုတွေ လုပ်ရုံတင်မကဘဲနဲ့၊
ဖမ်းဆီးမှုတွေ လုပ်ရုံတင်မကဘဲနဲ့ ရိုက်နှက်တာတွေ၊ အသက်ရန်ရှာတာတွေအထိကို
လုပ်ခဲ့တယ်။ အရင်ကလည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက အသက်
အန္တရာယ်တွေ ပေးဆပ်ခဲ့ရတာရှိတယ်။ ကိုသက်နိုင်ဦး၊ ကိုအောင်လှိုင်ဝင်း၊ မန္တလေးမှာ
ဆိုလည်း ဦးသန်းလွင်တို့ ဖြစ်ပုံမျိုးတွေ၊ ဒီလိုလူမျိုးတွေ တောက်လျှောက် အသက်
ရန်ရှာခံရတဲ့အဆင့်တွေ ဖြစ်လာပြီ။ ဒါတွေဟာ လုံး၀ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အရာ
တွေပါ။ အခု နအဖအစိုးရကပြောနေတယ်။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ
စိုးမိုးရေးဆိုပြီး ပြောနေပေမယ့် မြို့လယ်ကောင်မှာ စစ်ကားတွေ လေးငါးဆယ်စီးနဲ့
ကင်းလှည့်ပြီး ပတ်နေပေမယ့် ခြိမ်းခြောက်မှုတွေ၊ အသက်ရန်ရှာခံရမှုတွေ ဖြစ်နေ
တယ်။ ပြည်သူလူထုတွေဘဝဟာ အသက်အိုးအိမ်စည်းစိမ်တွေ မလုံခြုံဘူး။ လုံခြုံရေး
ယူနေတယ်၊ နိုင်ငံတော်ကို ကာကွယ်နေတယ်၊ တရားဥပဒေစိုးမိုးအောင် တည်ဆောက်
နေတယ်၊ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ကို သွားနေတယ်ဆိုတာတွေက ဘယ်လိုပုံစံ
မျိုးလဲဆိုတာ မေးခွန်းထုတ်ရမလိုဖြစ်နေပြီ။ အဲတော့ သူတို့ရဲ့ တရားဥပဒေစိုးမိုးရေး
ဆိုတာ အပြောပဲဖြစ်နေတယ်။ ဒီတရားဥပဒေစိုးမိုးရေး လုံးဝမရှိဘူးလို့ပဲ ကျနော်
ပြောချင်ပါတယ်။”

အတိုက်အခံလှုပ်ရှားသူတွေကို အခုလို အမည်မသိသူတွေက အကြမ်းဖက် တိုက်ခိုက်
တာတွေ အခုရက်ပိုင်းအတွင်းမှာပဲ နှစ်ကြိမ်ဆက်တိုက် ဖြစ်ခဲ့တယ်ဆိုပေမယ့် ဟိုးတုန်း ကတည်းကလည်း အလားတူဖြစ်ရပ်မျိုးတွေ ရှိပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အထက်မြန်မာပြည် ဒီပဲယင်းမှာ အမည်မသိသူတွေက ဝိုင်းဝန်းရိုက်နှက်တာကြောင့် အသေအပျောက်ပါ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်ရပ်မှာလည်း တရားခံအစစ်ကို စစ်အာဏာပိုင်တွေဘက်က အခုအချိန်ထိ ဖော်ထုတ်ပေးနိုင်ခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG