မကြာခင်က အီရတ်နိုင်ငံ ဘာဆရာမြို့မှာ
ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အီရတ်တောင်ပိုင်းမှာရှိတဲ့ ဗြိတိသျှတပ်တွေ လျှော့ချဖို့အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်တယ်
လို့ ဗြိတိသျှကာကွယ်ရေးဝန်ကြီးက ကြေညာ
လိုက်ပါတယ်။ လန်ဒန်မြို့က ဗွီအိုအေသတင်း
ထောက် Mandy Clark သတင်းပေးပို့ထားတာ
ကို ဦးကျော်ဇော်ညွန့်က တင်ပြပေးထားပါတယ်။
ဗြိတိသျှကာကွယ်ရေးဝန်ကြီး ဒက်စ်ဘရောင်း
(Des Browne) က နွေဦးပေါက်ကာလမှာ ဘာဆရာမြို့အခြေစိုက် ထောင်နဲ့ချီတဲ့ ဗြိတိသျှ
တပ်တွေ ဌာနေကိုပြန်ခေါ်ဖို့ မျှော်လင့်ချက်ရှိတာဟာ အခုတော့ အဲဒီမျှော်လင့်ချက်ကို ရွှေ့ဆိုင်းထားလိုက်ရပြီဖြစ်တဲ့အကြောင်း ဗြိတိသျှပါလီမန်အမတ်တွေကို အခုလို
ပြောပြပါတယ်။
“အောက်တိုဘာလတုန်းက အီရတ်တောင်ပိုင်းမှာရှိတဲ့တပ်တွေကို ပြန်ခေါ်ယူဖို့ အစီ
အစဉ်ကို ကျနော်တို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်က ပေါ်ပေါက်
ခဲ့တဲ့ အခြေအနေကြောင့် လက်ရှိအခြေအနေကို မဖြေရှင်းနိုင်သေးခင်မှာ တပ်တွေ
လျှော့ချမယ့် အစီအစဉ် ဆိုင်းငံ့ထားမယ်ဆိုတာကတော့ မှန်ကန်တဲ့ အမြော်အမြင်
တခုပါပဲ။ စစ်မြေပြင်အခြေအနေ ပြောင်းလဲလာတဲ့အခါမှာ စစ်တပ်က တပ်မှူးကြီး
တွေက အစီအစဉ်ကို ပြန်လည်သုံးသပ်ကြတယ်ဆိုတာ တကယ့်ကိုမှန်ကန်လှပါတယ်”
လို့ သူက ပြောသွားတာပါ။
ဗြိတိသျှတပ်တွေ ဒီနှစ်နွေဦးပေါက်ကြရင် ၄,၁၀၀ ကနေ ၂,၅၀၀ အထိလျှော့ချဖို့ အစီ
အစဉ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon
Brown) က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် ထပ်ပြီးလည်း တပ်တွေလျှော့ချမယ့် အရိပ်လက္ခဏာကို သူက ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ဟာ မကြာ ခင်ကဖြစ်ပွားခဲ့တဲ့ အီရတ်စစ်တပ်နဲ့ တယူသန် ဘာသာရေးခေါင်းဆောင် မော့က်တာဒါ အယ်လ်ဆာဒါး (Muqtada al-Sadr) အပေါ် သစ္စာခံတဲ့ ရှီးယားစစ်သွေးကြွတို့အကြား
ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကြန့်ကြာသွားရခြင်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ လူတထောင်ကျော် သေဆုံးခဲ့ပြီး တနင်္လာနေ့မှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲ
ရေးကို သဘောတူလိုက်ပြီးတဲ့နောက်မှာမှ အခြေအနေဟာ အတန်ငယ် ငြိမ်သက်လာ
ပါတယ်။
တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေချိန်မှာ အီရတ်အစိုးရတပ်တွေကို ပံ့ပိုးကူညီဖို့အတွက်
ဗြိတိသျှနဲ့ အမေရိကန်တပ်တွေကို ခေါ်ယူခဲ့ရပါတယ်။ အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်
မာလီးကီး (Nuri al-Maliki) က ဘဂ္ဂဒက်စစ်ဆင်ရေးဟာ အောင်မြင်တဲ့အကြောင်း၊ မြို့တော်တောင်ပိုင်းမှာ ငြိမ်သက်မှုကို ထိန်းသိမ်းရန်အတွက် နောက်ထပ် ရဲနဲ့စစ်တပ်
အင်အားတသောင်းကို ခေါ်ယူဖို့ရှိတဲ့အကြောင်း ပြောကြားပါတယ်။
လန်ဒန်မြို့မှာတော့ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက အီရတ်တပ်တွေကို အားပေးကူညီ
ရာမှာ ဗြိတိန်ဟာ အခုတိုင် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ဆဲဖြစ်တယ်လို့ အခုလို ပြောကြားပါတယ်။
“ငြိမ်ဝပ်ပိပြားရေးအတွက် တာဝန်ကို အီရတ်လူမျိုးတွေ၊ အထူးသဖြင့် အီရတ်တပ်ကို
ကျနော်တို့က တာဝန်ယူစေလိုပါတယ်။ အဲဒီလိုဖြစ်နိုင်ဖို့ရန်အတွက်လည်း ကျနော်တို့
ဟာ တောင်ပိုင်းက အီရတ်တပ်တွေထဲက အင်အားသုံးသောင်းကို လေ့ကျင့်သင်တန်း ပေးနိုင်ပါတယ်။”
ဗြိတိသျှအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဒေးဗစ်ကမ်မရွန်
(David Cameron) ကတော့ အခုလိုမှတ်ချက်ပြုပါတယ်။
“ကတိတွေပိုပိုပေးပြီး လက်တွေ့ဆောင်ရွက်ရာမှာ လျော့နည်းတာမျိုးကို အစိုးရတွေ
ဟာ မလုပ်ရပါဘူး။ ဂေါ်ဒွန်ဘရောင်းဟာ ဆောင်းဦးပေါက်မှာ သူလုပ်နိုင်ကိုင်နိုင်တာ
ထက်ပိုပြီး ပြောခဲ့ခြင်းဖြစ်ပါတယ်။”
ဗြိတိသျှကာကွယ်ရေးဝန်ကြီးက ဗြိတိသျှတပ်တွေ ပြန်ရုပ်သိမ်းမယ့် အချိန်စာရင်း
ဇယားကိုတော့ ပြောပြခြင်းမရှိပါဘူး။ ဒါပေမယ့် တကယ်လို့ ဘာဆရာမြို့မှာ အီရတ် လက်နက်ကိုင်တပ်ဖွဲ့ဟာ အင်အားတောင့်တင်းပြီး လုံခြုံရေးလည်း တိုးတက်လာမယ်
ဆိုရင်တော့ ဗြိတိသျှတပ်တွေဟာ ဌာနေကို ပြန်နိုင်လိမ့်မယ်ဖြစ်တယ်လို့ ဗြိတိသျှ
အရာရှိများက ပြောဆိုတယ်လို့ သိရပါတယ်။