သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ကန့်ကွက်မဲပေးကြဖို့ လူထုကို NLD ပန်ကြား


NLD ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာပြည်သူတွေကို လာမယ့် မေလကျင်းပမယ့် လူထု ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေပေးကြဖို့ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက အထူး ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထု ကိုယ်စားလှယ်တွေ ရေးဆွဲထားခြင်း မဟုတ်တာကြောင့် ဖွဲ့စည်းပုံကို အတည် ဖြစ်စေမယ့် လူထု ဆန္ဒခံယူပွဲကြီးမှာ ကန့်ကွက်မဲ ထည့်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေကို ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်း ရသလဲလို့ မေးတဲ့ အခါမှာတော့ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က--

" ဒီဟာနဲ့ ပတ်သက်ပြီး မူသဘောကို အဖွဲ့ချုပ်က (၉၃)ခုနှစ်ကနေစပြီးတော့ အဆင့်ဆင့် ထောက်ပြခဲ့တယ်။ အရေးကြီးဆုံး အချက်ကတော့ ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့ အခြေခံဥပဒေဆိုတာ ပြည်သူလူထုက ရွေးကောက် တင်မြှောက် လိုက်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကမှသာ ရေးဆွဲလို့ရမှာ ဖြစ်တယ်နော်၊ အခုတော့ အာဏာပိုင်တွေက မိမိတို့ ထုတ်ပြန်ထားတဲ့ ၁/၉၀၊ အပုဒ်(၂၀) ကိုမလိုက်နာဘဲနဲ့ ပြည်သူ့ ကိုယ်စားလှယ်များ မရေးဆွဲတဲ့ အခြေခံဥပဒေကို ထုတ်ပြန်လာတယ်။ အဲဒီ ထုတ်ပြန်တဲ့ အခြေခံဥပဒေကို ကြည့်လိုက်တဲ့အခါမှာ အင်မတန်အရေးကြီးတဲ့ အခြေခံမူကြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အသည်းနှလုံးလို့ ဆိုလောက်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ ပြည်သူ့ထံမှ ဆင်းသက်ရမည်ဆိုတဲ့ မူနဲ့ ညီညွတ်ခြင်းမရှိဘူး၊ "

စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဟာ စစ်ဝါဒကို အားပေးတာဖြစ်တာကြောင့် လက်မခံနိုင်တဲ့ အကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ်က တပ်မတော်ရဲ့ အစဉ်အလာကို အင်မတန်မှလေးစားပါတယ်၊ သို့သော် တချိန်တည်းမှာ စစ်ဝါဒကို အားပေးတဲ့၊ စစ်ဝါဒကိုအတည်ပြုမယ့် အခြေခံ ဥပဒေမျိုးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လက်မခံနိုင်ပါဘူး၊ အဲဒီတော့ ပြန်ချုပ်လိုက်ရင် ပြည်သူ့ ကိုယ်စားလှယ်တွေ မရေးဆွဲတဲ့အတွက် တရားမဝင်ဘူး၊ ဒီမိုကရေစီ အခြေခံဥပဒေရဲ့ အသဲနှလုံးတွေကို ချိုးဖေါက်ခံ လိုက်ရတယ်၊ ဟုတ်လား၊ အဲသလို ဟာမျိုးက မြန်မာ့သမိုင်းမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့သမိုင်းမှာပဲဖြစ်ဖြစ် ပြည်သူလူထုက ထောက်ခံမှု မရပါဘူး၊ ပြည်သူ့ ထောက်ခံမှု မရရင်လည်း တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူး၊ ဒါကြောင့် အခုချိန်မှာတော့ ဥပဒေတွေ ထွက်လာပြီးဖြစ်တယ်၊ တဖက်က အာဏာပိုင် တွေကလည်း သူတို့ရေးဆွဲတဲ့ တဖက်သတ်အခြေခံဥပဒေကို သူတို့ဘက်က ထောက်ခံမဲပေးကြဖို့ စည်းရုံး လှုံ့ဆော်နေကြတာကိုလည်း တတိုင်းပြည်လုံး၊ တကမ္ဘာလုံးအသိပဲဖြစ်ပါတယ်၊ "

မြန်မာပြည်သူတွေအနေနဲ့ ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ယူပြီး ကန့်ကွက်မဲပေးဖို့ အဖွဲ့ချုပ်က သူတို့ရဲ့သဘောထားကို ပြောသွားပါတယ်၊

" (၉၀)ခုနှစ် ရွေးကောက်ပွဲကနေ ပြည်သူလူထုက အပ်နှင်းထားတဲ့ Mandate ပေးထားတဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီအနေနဲ့ အခုဒီဧပြီလ(၂)ရက်နေ့မှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အားလုံးကို မဲရုံကို မပျက်မကွက် သွားကြပါ၊ ကိုယ့်ရဲ့ ဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်အရ ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား သဘောထား ပေးကြပါ၊ အဲသလို ပေးကြမှသာလျင် ပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲတွေဖြစ်ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ် သေချာပေါက် အာမခံချက်ပေးနိုင်မယ့် စနစ်တခုကို သေချာပေါက် ထူထောင်နိုင်မယ်လို့ ကျနော်တို့ အဖွဲ့ချုပ်က ယုံကြည်တဲ့အတွက် အခုချိန်မှာ အဖွဲ့ချုပ်ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြန်ရခြင်းဖြစ်ပါတယ်၊ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလို တိုက်တွန်း နှိုးဆော်နေပေမယ့် မဲရုံမှာ တာဝန်ခံကြသူတွေ၊ မဲရေတွက်သူတွေထဲမှာ အာဏာပိုင်တွေ အလိုကျ ခန့်အပ်ထားပြီး မဲမသမာမှုတွေ ဖြစ်လာမယ် ဆိုရင်ကော အဖွဲ့ချုပ်အနေနဲ့ ဘယ်လို စဉ်းစားထားပါသလဲလို့ မေးမြန်းတဲ့အခါမှာတော့--

" ကျနော်တို့ ပြည်သူလူထုရဲ့ ရဲစွမ်းသတ္တိကို ကျနော်တို့ယုံပါတယ်၊ ကျနော်တို့ ပြည်သူလူထုဟာ အမှားနဲ့ အမှန်နဲ့ ပတ်သက်တဲ့ ကြုံကြိုက်လာတဲ့ သမိုင်းကွေ့တိုင်းမှာ သူရဲကောင်း ပြည်သူလူထုပီပီ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်တွေချခဲ့တာ၊ အဲဒီတော့ ပြည်သူလူထု ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် မဖြစ်လာဘူးဆိုရင် ပေါ်ပေါက်လာတဲ့ အခြေနေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့အဖွဲ့ချုပ်က လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ၊ "

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူကိုပန်ကြားချက်တွေ၊ ဖွဲ့စည်းပုံမှာစစ်တပ်ကပါဝင် တဲ့ အခန်းကဏ္ဍတွေ၊ မဲထည့်တဲ့နည်းစနစ်တွေ၊နဲ့ပတ်သက်ပြီး ကြေငြာချက်ထွက်ပြီး ဒီကနေ့မှာ ပြည်သူတွေကိုအသိပေးထားပါတယ်၊ ပြည်သူတွေကိုပန်ကြားထားချက်မှာတော့--

" လူထုလူတန်းစား အလွှာအသီးသီးမှ တိုင်းရင်းသား ပြည်သူများအားလုံးနဲ့ အဖွဲ့အစည်းများက သက်ဆိုင်ရာ မဲရုံများသို့ မပျက်မကွက် သွားရောက်ကြပြီး ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့ပေးကြပါရန် ပန်ကြားအပ်ပါသည်၊ "

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လူထုဆန္ဒခံယူပွဲ ရောက်တဲ့အချိန်ထိ အဖွဲ့ရဲ့ သဘောထားတွေကို ပြတ်ပြတ်သားသား ဆက်လက် ပြောကြားသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထူးပြန်ကြားရေး အဖွဲ့ဝင် ဦးသိန်းညွန့်ကပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG