သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေး ဆုံးရံှူး


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလအတွင်း နိုင်ငံရေးလှုပ်ရှားသူ ၅၂ဦး ဖမ်းဆီးခံခဲ့ရပြီး သူတို့ အားလုံးဟာ ဥပဒေအရ အကျိုးခံစားခွင့် မရှိတဲ့အပြင် ထိန်းသိမ်းခံရစဉ်အတွင်း ကျန်းမာရေး လူမှုရေးအရ နစ်နာထိခိုက်မှုတွေ ရှိနေတယ်လို့ အေအေပီပီ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီလူတွေဟာ အကြမ်းဖက်မှုတွေနဲ့ အလျင်းပတ်သက်ခြင်း မရှိပေမယ့် စစ်အာဏာပိုင်တို့ကနေ ရာဇဝတ်ပုဒ်မတွေနဲ့ အမျိုးမျိုး တရားစွဲဆို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဦးသားညွန့်ဦးက တင်ပြပါတယ်။

မြန်မာအစိုးရအနေနဲ့ လာမယ့် မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ လုပ်မယ်လို့ ကြေညာထားသလို အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေဖက်က ဒီဖွဲ့စည်းပုံကို ကန့်ကွက်ကြဖို့ လှုံ့ဆော်မှုတွေ လုပ်လာတာနဲ့ တချိန်တည်း အခုရက်ပိုင်း လပိုင်းအတွင်း နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာ အကြမ်းဖက်တာတွေ ပိုများလာတယ်လို့ ဆိုရမှာပါ။ အေအေပီပီ ထုတ်ပြန်ချက် မှာတော့ ဒီသုံးလအတွင်းမှာကို အနည်းဆုံး နိုင်ငံရေး လှုပ်ရှားသူ ၅၂ယောက် ဖမ်းဆီးခံရတယ်လို့ ဆိုထားပြီး သူတို့ဟာ ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေတယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ အရေးအခင်းတွေ ပြီးကတည်းက ဖမ်းဆီးမှုတွေ တင်းကြမ်းလုပ်လာခဲ့တာ အဖမ်းဆီးခံရသူ ၇၀၀ထဲမှာ ၄၀လောက်ကို ထောင်ဒဏ်အပြစ်ပေး အရေးယူတာတွေလုပ်ခဲ့ပြီး ကျန်သူတွေကိုတော့ ထိန်းသိမ်းထားဆဲပဲလို့လည်း အေအေပီပီ ကြေညာချက်အရ သိရပါတယ်။ ဒီတော့ ဒီထိန်းသိမ်းခံရတဲ့လူတွေ ဥပဒေကြောင်း အခွင့်အရေးရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်ဆိုတယ်ဆိုတဲ့အပေး အေအေပီပီ တွဲဖက်အတွင်းရေးမှုးကိုဘိုကြည်ကို မေးကြည့်ပါတယ်။

“တကယ်တမ်းတော့ သူတို့တွေဟာ ဒီလူတွေကို ချုပ်လို့ရဖို့အတွက် ပုဒ်မတွေကို တပ်ချင်သလို တပ်တယ်။ တပ်ပြီးတော့လည်း ပုဒ်မတွေက တခုပြီးတခု ပြောင်းနေတာမျိုးတွေ ရှိတယ်။ ဥပမာ ကိုမင်းကိုနိုင်တို့ဆိုရင် ပထမ ပုဒ်မ ၁၇ ၂၀နဲ့တပ်တယ်။ နောက် ရုံးထွက်တော့အခါ တခါ ထပ်ပြောင်းတယ်။ နောက်ဆုံးတော့ ၃၃/၁ဆိုတာမျိုးနဲ့ ပြောင်းလိုက်တာကို တွေ့ရတယ်။ တရားစီရင်ဖို့ အတွက် အချက်အလက်တွေ သူတို့ဆီမှာ မပြည့်စုံဘဲနဲ့ ဒီလို ဖမ်းတာတယ် ဆိုတာမျိုးတွေကို ကျွန်တော်တို့ တွေ့ရတယ်။ ပြီးတော့ ဒီလူတွေကို ဖမ်းဖု့ိအတွက် အထောက်အထား လုံလုံလောက်လောက်မရှိဘူး။ အဲဒီအတွက် အထောက်အထားတွေကို အခုမှ အပူတပြင်း လိုက်ရှာနေတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ ဒါဟာ အင်မတန်မှ မတရားသဖြင့် ဖမ်းဆီးထားတဲ့ဟာက ပေါ်လွင်နေတယ်။”

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းကတော့ မြန်မာနိုင်ငံမှာ တရားစီရင်ရေးအာဏာကို အစိုးရအုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွတ်ဖက်နေတာကြောင့် အခုလို ဥပဒေမဲ့လုပ်ရပ်တွေ ပိုများလာတာလို့ ဝေဖန်ခဲ့ပါတယ်။

“တရားစီရင်ရေး အာဏာကို သူတို့ရဲ့ အုပ်ချုပ်ရေး အာဏာက ဝင်မစွက်ဖို့လိုပါတယ်။ အခုမှာက တရားစီရင်ရေး အာဏာမှာ အုပ်ချုပ်မှုအာဏာပိုင်းက ဝင်ရောက်စွက်ဖက်မှုတွေ လုံးဝရှိတယ်။ အထက်ကပေးတဲ့ အမိန့်အတိုင်း တရားသူကြီးတွေက ဆောင်ရွက်နေရတယ်။ အခု တရားသူကြီးချုပ် ဦးအောင်တိုးကိုယ်တိုင်က ရဲတွေရဲ့ စစ်ဆေးချက်တွေ၊ စစ်ထောက်လှမ်းရေးတွေရဲ့ စစ်ဆေးချက်တွေကို တရားဝင်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ သူတို့က ပြင်ဆင်ပေးပြီးတော့ ဥပဒေကို ဘက်လိုက်မှုတွေနဲ့ စီရင် ဆုံးဖြတ်နေတာတွေ ရှိနေပါတယ်။ တရားစီရင်ရေးအာဏာတွေဟာ အလွဲသုံးစားဖြစ်နေတဲ့အတွက် ကျွန်တော်တို့တွေက တရားစီရင်ရေး မဏ္ဍိုင်ဟာ လုံးဝပျက်စီးနေပြီ။”

အခု ထိမ်းသိမ်းခံထားရသူအများစုဟာ သက်ဆိုင်ရာမိသားစုဝင်တွေနဲ့ပါ တွေ့ဆုံခွင့် စကားပြောဆိုခွင့်မရကြတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေပါ ရှိလာတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“အခုဆိုရင် ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်ဆိုရင် အခုချိန်ထိ မိသားစုက သူတို့ ဘယ်နေရာမှာ ရှိနေတယ်၊ ဘာဖြစ်နေတယ်ဆိုတာကို အခုချိန်ထိ မသိရသေးဘူး။ သူတို့ အဖမ်းခံရတာဆိုရင် ၂ပတ်ကျော်သွားပြီ။ ဒါဟာ ဥပဒေအရဆိုရင် နိုင်ငံတကာ ဥပဒေနဲ့ရော၊ ပြည်တွင်းဥပဒေနဲ့ပါ ကိုက်ညီမှုမရှိပါဘူး။ တချို့ဆိုရင်လည်း မိသားစုကနေပြီး သန်းခေါင်စာရင်း အစစ်မပါလို့ဆိုပြီး ထောင်ဝင်စာ တွေ့ခွင့်မရတာမျိုးတွေ၊ ထောင်ဝင်စာ ပစ္စည်းတွေကို အကန့်အသတ်နဲ့ ပေးသွင်းတာမျိုးတွေ တချို့ ဆေးဝါးတွေဆို ပေးမသွင်းတာမျိုးတွေ ရှိပါတယ်။ ထောင်ဝင်စာ မလာနိုင်တဲ့ သူမျိုးတွေ အထူးသဖြင့် ရဟန်းသံဃာတွေ၊ မယ်သီလှရှင်တွေဆို အထဲမှာ စားရေး သောက်ရေး တော်တော် ဒုက္ခရောက်နေတယ်။ သူတို့အတွက် လိုအပ်တဲ့ ဆေးဝါးလည်း လိုအပ်ပါတယ်။”

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ ကျောင်းသား ခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလိုပါ ဖမ်းဆီးခံနေရပါတယ်။ ဒါပေမယ့် စစ်အစိုးရဖက်က ဒီအဖမ်းအဆီးသတင်းတွေကို တရားဝင်ထုတ်ပြန်ပေးတာမရှိသလို သူတို့ကို တရားဥပဒေအရ မျှမျှတတ ရင်ဆိုင်ခွင့်လည်း ပေးမထားဘူးလို့ သိရပါတယ်။ တကယ်ကတော့ စစ်အစိုးရက ဂတိပေးထားတဲ့အတိုင်းဆိုရင် အကြမ်းဖက်လုပ်ရပ်တွေနဲ့မပတ်သက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့လိုမယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်က ပြောပါတယ်။

“နအဖအစိုးရက ၂၀၀၇ ဒီဇင်ဘာလမှာ လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ရဲချုပ် ခင်ရီက ပြောထားတာရှိပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာမှာ ဖမ်းဆီးထားတဲ့ သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သူတို့ စဉ်းစားမယ်၊ ထောင်ချမယ်ဆိုတာဟာလည်း အကြမ်းဖက်မှုနဲ့ လက်နက်နဲ့ ပတ်သက်သူကိုပဲ ဖမ်းဆီးထောင်ချမယ်လို့ပြောထားတာတွေ ရှိပါတယ်။ အဲလို ပြောဆိုချက်အတိုင်းဆိုရင် ကိုမင်းကိုနိုင်တို့၊ စည်သူမောင်တို့၊ ရဲမြတ်ဟိန်းတို့ ၊ နောက် ရဟန်းသံဃာတွေ၊ သူတို့တွေဟာ ဘယ်လက်နက်ကိုင် အဖွဲ့နဲ့မှ၊ ဘယ်အကြမ်းဖက်အဖွဲ့မျိုးနဲ့မှ ပတ်သက်ခြင်းမရှိဘူး။ အဲဒါကြောင့် ဒီလူတွေကို လွှတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို လွှတ်မပေးဘဲနဲ့ ဆက်ပြီးတော့ ထိန်းသိမ်းထားတယ်ဆိုတာက သူတို့ကိုယ်တိုင်က ဥပဒေကို ချိုးဖောက် နေတာဖြစ်တယ်။ သူတို့ ကတိကို မတည်တာလည်း ဖြစ်တယ်လိုပဲ ကျွန်တော်တို့ ပြောချင်တယ်။”

အခုဆိုရင် ဖမ်းဆီးထားသူတွေထဲ မန္တလေးအကျဉ်းထောင်က အန်အယ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလှမျိုးနောင် - သူတို့ဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေမရတာကြောင့် မျက်လုံးကွယ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။ မြန်မာအစိုးရဖက်ကတော့ ယခင်က အိုင်စီအာစီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းကို အကျဉ်းထောင်တွေထဲ သွားရောက်ခွင့်ပြုတာ နိုင်ငံရေးအကျဉ်းသားတွေနဲ့မိသားစုတွေကို ကြားခံဆက်ဆံခွင့်ပေးတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခု သုံးနှစ်ကျော်လောက် ကြာပါပြီ - အိုင်စီအာစီလည်း ဒီလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ နိုင်ငံတကာကတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါလို့ ပြောနေပေမယ့် အခု ဆန္ဒခံယူပွဲမတိုင်ခင် ပိုလိုတောင် အဖမ်းအဆီးတွေ များလာနိုင်တယ်လို့ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူတွေက ယူဆနေကြပါတယ်။

XS
SM
MD
LG