သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာမညဆရာတော်ရဲ့ ရုပ်ကလာပ်ကို လက်နက်ကိုင်လူတစုက အဓမ္မယူဆောင်


ပျံလွန်တော်မူသွားတဲ့ သာမညတောင် ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဒီကနေ့မနက် အစောပိုင်းက အမည်မသိ လက်နက်ကိုင် လူတစုက လာရောက်လုယက် သွားခဲ့တယ်လို့ သာမညတောင်က ဆရာတော်ရဲ့ တပည့်တပမ်းတွေက ပြောကြပါတယ်။ ဘာအကြောင်းကြောင့် အခုလို ဆရာတော်ရဲ့ ရုပ်ကလပ်ကို လုယူသွားမှန်းမသိရသေးပဲ အခုအခါ ဒေသခံလုံခြုံရေး အာဏာပိုင်တွေကတော့ လုယက် သွားသူတွေကို လိုက်လံရှာဖွေ နေတယ်လို့လည်း ပြောကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

သာမညတောင် ဆရာတော်လို့ ထင်ရှားတဲ့ ဆရာတော် ဘဒ္ဒန္ဒ ဝိနယ ရဲ့ ရုပ်အလောင်းထားရှိရာ ကရင်ပြည်နယ် သာမညတောင်ပေါ်ကို အမည်မသိ လက်နက်ကိုင်တစု မနက်အစောပိုင်းက ရုတ်တရက် ရောက်ရှိလာပြီး ရုပ်အလောင်းကို အတင်းအကြပ် ပင့်ဆောင် သွားခဲ့တာလို့ ဆရာတော်ရဲ့ တပည့်တပန်းတွေက ပြောပြကြတာပါ။ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သာမညတောင်က ဆရာတော်ကို လေးစားကြည်ညိုသူ ဒါယိကာမ တဦးက အခုလိုပြောပြပါတယ်။

“ဒီသတင်းဟုတ်ပါတယ်။ တနာရီလောက်မှာပေါ့နော်၊ လက်နက်ကိုင် (၁၀) ယောက်လောက်ပေါ့နော်၊ (၁၀) ယောက် ကျော်လောက်ပေါ့နော် တောင်ပေါ် တက်လာတယ်။ လာပင့်သွားတာပေါ့ ဆရာတော် ရုပ်ကလာပ်ကို အဲဒီဂူဗိမ္ဗာန်မှာ စောင့်တဲ့ ဥပသကာကို၊ ကျမတို့ဘက်ကတော့ ဥပသကာပေါ့နော်၊ အဝတ်ဖြူ ဝတ်ထားတဲ့ အဲဒီစောင့်တဲ့လူ နှစ်ယောက်ကို မှောက်ခိုင်းပြီးတော့ အခန်းအလုံပိတ် ထားတာပေါ့။ အဲဒါ သူတို့ သေနတ်နဲ့ ချိန်ထားပြီးတော့၊ သူတို့က မှန်ကို ခွဲပြီးတော့ ဆရာတော်ကို ပင့်သွားတာပေါ့နော်။ အဲဒီ တနာရီ အချိန်လောက်မှာ။ သူတို့ကတော့ ဘယ်လို အဓိပ္ပါယ်နဲ့ ယူသွားတယ်ဆိုတာ ဘယ်သူမှတော့ သေချာမသိဘူးပေါ့နော်။ အမျိုးမျိုးတော့ ထင်ကြေးပေး နေကြတာပေါ့နော်။ ဘာကြောင့် ယူတယ်ဆိုတာတော့လည်း ပြောမတတ်သေးဘူး။ အခုအချိန်အထိလည်း လိုက်စုံစမ်းတာ လိုက်လို့မရသေးဘူးလေ။”

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်နှောင်းပိုင်း ဘဝနတ်ထံ ပျံလွန်သွားစဉ်ကစလို့ သာမညတောင် ဆရာတော် ဘဒ္ဒန္ဒ ဝိနယ ရဲ့ ရုပ်ကလာပ်ကို သာမည တောင်ပေါ်မှာပဲ ထားရှိခဲ့တာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ လှုပ်ရှားနေတဲ့ ကရင်ပြည်နယ်ထဲက သာမညတောင်ဒေသကိုတော့ ငြိမ်းချမ်းတဲ့ နယ်မြေတခုအဖြစ် လက်ခံထားကြတာ ဖြစ်ပြီး အခုလို သာမညတောင်ပေါ်က အဖြစ်အပျက်မျိုးက အရင်တုန်းက မဖြစ်ခဲ့ဖူးပါဘူး။ မြန်မာစစ်တပ် အပါအဝင် ဒီဒေသထဲမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတချို့ ရှိနေရာမှာ အဓိက အဖွဲ့တခုဖြစ်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖွဲ့လည်း အပါအဝင်ဖြစ်တာမို့ အခု ဆရာတော်ရဲ့ ရုပ်ကလာပ်ကို လုယက်သွားတဲ့ အမည်မသိ လက်နက်ကိုင် တစုနဲ့ ဆက်နွယ်ပတ်သက်မှု ရှိနိုင်တယ်လို့ သံသယ ရှိနေသူတွေထဲမှာ (DKBA) အဖွဲ့လည်း ပါဝင်နေတာပါ။

“အဲဒါလည်း ဖြစ်နိုင်ချေ အရှိဆုံးပေါ့နော်၊ တွက်ရမယ်ဆိုရင်တော့။ အဓိက သူတို့ပဲပေါ့နော်၊ ဖြစ်နိုင်ချေ အရှိဆုံးလို့ပဲ ပြောရမှာပေါ့။ သူတို့ပဲ ရှိတာပေါ့နော်။ ဒါပေမယ့်လို့ တတ်အပ်တော့ ပြောလို့ မဖြစ်သေးဘူးလေနော်။ ထင်ကြေးပေးတာကြတော့ ကျမတို့နယ်မှာတော့ ထင်ကြေးပေးမှုက များတယ်လေ။ အဲဒါတော့ အရမ်းလည်း မပြောရဲဘူး။ ပြောလို့လည်း မဖြစ်သေးဘူးပေါ့။ ဘာကိုမှ မသိရသေးတော့ သေချာ မပြောနိုင်သေးဘူးပေါ့။ ရဲရော စစ်တပ်ရော သူတို့တွေလည်း လိုက်တော့ လိုက်ပေးပါတယ်။”

သာမညတောင်က ဒါယိကာမတဦးက ပြောပြခဲ့တာပါ။ ပျံလွန်တော်မူသွားတဲ့ သာမည ဆရာတော်ဟာ သူကိုယ်တိုင် သတ်သတ်လွတ်စား တရားဘာဝနာ အားထုတ်နေတာ ဖြစ်သလို သာမညတောင်ကို လာရောက်ဖူးမျှော်ကြတဲ့ ကြည်ညို ကိုးကွယ်သူတွေ အနေနဲ့လည်း သတ်သတ်လွတ်စား ဖူးမျှော်ကြရတာပါ။ သာမညဆရာတော်ဟာ ပျံလွန်တော် မမူခင် အချိန်အထိ ဒေသထဲမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပျံလွန်တော်မူစဉ်က သက်တော် ၉၃ နှစ်၊ ဝါတော် အနှစ် ၈၀ ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ နိုင်ငံအဝှမ်း ကြည်ညိုလေးစား ခံခဲ့ရသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုးကွယ် ဆည်းကပ် ကြည်ညိုတဲ့ ဆရာတော် တပါးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG