သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက မြန်မာနိုင်ငံကို ဒုံးကျည်တွေ တရားမဝင် ရောင်းချ


မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို စစ်ဖက်သုံး အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးကျည်
တွေကို စင်ကာပူကုမ္ပဏီတခုကတဆင့် တင်ပို့ရောင်းချနေတယ်လို့ ဂျပန်နိုင်ငံ
အန်န်အိပ်ချ်ကေ သတင်းဌာနက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်
အောက်တိုဘာလ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အချိန်က
စပြီး နိုင်ငံခြားကို လက်နက်မရောင်းရဆိုပြီး မြောက်ကိုရီးယားအပေါ် ဂျပန်အပါအဝင်
နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူထားတာကို မြောက်ကိုရီးယားက ချိုး ဖောက်တာဖြစ်တယ်လို့ ဂျပန် အန်န်အိပ်ချ်ကေသတင်းဌာနက ဆိုပါတယ်။ ဒီကိစ္စနဲ့
ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဌာနခွဲက မစ္စတာကူးမားကို
ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

“အဲဒီသတင်းကို ဘာမှ ကျနော်တို့ မသိပါ။ အန်န်အိပ်ချ်ကေက ပြောသွားတာနဲ့
ပတ်သက်ပြီး ကျနော်တို့က ဘာလုပ်ရမှာလဲ။ ကျနော်တို့အစိုးရရဲ့ သတင်းဌာနမဟုတ်
ပါဘူး၊ အန်န်အိပ်ချ်ကေသတင်းဌာနဆိုတာ။ မြန်မာ့အသံနဲ့ လုံးဝမတူပါဘူး။ ဒါကြောင့် အန်န်အိပ်ချ်ကေသတင်းကတော့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကို ပြောတာမဟုတ်ပါ။ ကျနော်တို့အနေနဲ့ ခိုင်မာတဲ့သတင်းကတော့ မရှိပါ။”

ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲထဲမှာ ပါနေတဲ့အခါကျတော့ အဲဒီဆွေးနွေးပွဲကမှ မြောက်ကိုရီးယားက
တခြားနိုင်ငံတွေကို လက်နက်မရောင်းရဘူးဆိုတဲ့ ကန့်သတ်ထားတာကို ချိုးဖောက်ရာ ရောက်နေတော့ မြောက်ကိုရီးယား အစိုးရအပေါ်မှာ ဂျပန်အစိုးရအနေနဲ့ ဒီသတင်းနဲ့
ပတ်သက်ပြီး ဘယ်လိုများ တုံ့ပြန်ဖို့ရှိမလဲ။

“လောလောဆယ် ဘာမှမရှိသေးပါဘူး။”

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုလိုတုံ့ပြန်ချက်နဲ့ပတ်သက်ပြီး ဒီသတင်းကို
ထုတ်လွှင့်ခဲ့တဲ့ ဂျပန်နိုင်ငံ အန်န်အိပ်ချ်ကေ ရေဒီယိုသတင်းဌာန မြန်မာပိုင်းအစီအစဉ်
က အကြံပေးအရာရှိ ဦးရွှေဘခေါ် မစ္စတာအီစာအို တာနာဘဲကို မေးကြည့်တော့ …

“ကျနော်တို့ထင်တာက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာမဆို လုပ်တာကိုင်တာ နှေးကွေးတယ်ထင်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အပြည်ပြည်ဆိုင်ရာကိစ္စကို ဒီ့ထက်
စောစောစီးစီး မြန်မြန်ကိုင်တွယ်ဖို့ ကျနော် ဒီလိုပဲထင်ပါတယ်။”

မြောက်ကိုရီးယား နျူကလီးယားကိစ္စ ခြောက်နိုင်ငံ ဆွေးနွေးပွဲလုပ်နေတာ ဂျပန်နိုင်ငံ
က တနိုင်ငံအပါအဝင်ဖြစ်ပါတယ်။ အဲတော့ ခြောက်နိုင်ငံဆွေးနွေးပွဲကနေ မြောက်
ကိုရီးယားက တခြားနိုင်ငံတွေကို လက်နက်မရောင်းရဘူးဆိုတာမျိုး ရှိထားပါလား။

“ကျနော်တို့ ခြောက်နိုင်ငံစကားဝိုင်းက မကဘဲနဲ့ နိုင်ငံတကာကနေပြီးတော့ လက်နက်
အရောင်းအဝယ် တားမြစ်ထားတယ်ထင်ပါတယ်။ ဒါကို ချိုးဖောက်ပြီးတော့ မြောက်
ကိုရီးယားက စစ်အစိုးရဖြစ်တဲ့ မြန်မာအစိုးရကို လက်နက်ရောင်းတယ်ဆိုတော့
ကျနော်တို့က သူတို့ကို ပြရတယ်၊ ဒါ အန္တရာယ်ရှိတဲ့ကိစ္စဖြစ်တယ်ဆိုပြီး ယူဆပါတယ်။”

ဂျပန်အစိုးရအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်လိမ့်မယ်လို့ ထင်မြင်ယူဆပါလဲ။

“ကန့်ကွက်ရမှာပေ့ါ ဘာပဲပြောပြော။”

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ရေးရာကျွမ်းကျင်သူ ဦးဌေးအောင်ကလည်း အခုလိုပြောပြပါတယ်။

“ကျနော်တို့သိထားသလောက်ကတော့ မြောက်ကိုရီးယားကနေ ဒုံးကျည်တွေဝယ်တာ
အခု ပထမဦးဆုံး မဟုတ်ဘူးထင်တယ်။ ထပ်ဝယ်တဲ့သဘော ဖြစ်မယ်ထင်တယ်။ ပြည်တွင်းစစ်ကလည်း ပြောက်ကျားစစ်တိုက်နေတော့ ဒီဒုံးကျည်တွေနဲ့ ချေမှုန်းရတဲ့
အဆင့်မျိုးအထိ မရောက်နိုင်ပါဘူး။ အဲတော့ အခုဝယ်တဲ့ မြေပြင်ကမြေပြင်ပစ်
တာလတ်ပစ်ဒုံးတွေက ပြည်ပကျူးကျော်မှုကို ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့
အနေနဲ့ ဝယ်ယူတာ ဖြစ်နိုင်ပါတယ်။ စကာ့ဒ်အမျိုးအစားတွေဖြစ်ဖို့များတယ်လို့ ကျနော်တို့ယူဆပါတယ်။”

နိုင်ငံတကာအဆင့်အတန်းနဲ့ဆို ဘယ်လိုဟာမျိုးနဲ့ သွားတူမလဲ။ အမေရိကားက
ထုတ်တဲ့ ပက်ထရီယော့နဲ့များ သွားတူမလား။

“သူက ဒုံးခွင်းဒုံးတော့မဟုတ်ဘူး။ တာလတ်ပစ်ဒုံးမျိုး ဖြစ်ဖို့များပါတယ်။”

တန်ဖိုးနဲ့ အရေအတွက်အားဖြင့် ဘယ်လောက်လောက်များ အခုလို မြေပြင်က
မြေပြင်ပစ် မြောက်ကိုရီးယားဒုံးကျည်တွေကို ဝယ်ယူထားတယ်လို့ သိရှိထားပါလဲ။

“အတိအကျပြောဖို့တော့ ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယားက
နေ သင်္ဘောတွေနဲ့ မြန်မာပြည်ကို လက်နက်ခဲယမ်းတွေ အကြိမ်ကြိမ်ပို့နေတဲ့သတင်း
တွေကတော့ ၂၀၀၆ နိုဝင်ဘာတို့၊ ၂၀၀၇ မေလတို့မှာ သင်္ဘောတွေ သီလဝါဆိပ်ကမ်း
ကိုဆိုက်ပြီး လက်နက်တွေ အတင်အချလုပ်တာတော့ ကျနော်တို့ အတိအကျ သတင်း ရထားတာရှိတယ်။ နောက်တခုက မြောက်ကိုရီးယားကဝယ်ယူတဲ့ ဒုံးကျည်လက်နက်
တွေကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်းကနေပြီး တနင်္သာရီတလျှောက်လုံး နယ်စပ်ဒေသတွေမှာရယ်၊ တနင်္သာရီက ကမ်းလွန်ပင်လယ်ပြင်က တချို့ ကျွန်းတွေမှာ
လည်း ဆင်နေတာရှိတဲ့အတွက် အရေအတွက်အားဖြင့် တော်တော်များများရှိမယ်လို့
ယူဆပါတယ်။”

မြောက်ကိုရီးယားက အခုလိုမျိုး ဒုံးကျည်တွေရောင်းချတဲ့အခါမှာ အခုပိုများလာတယ်
လို့ ထင်ပါသလား။ နှစ်နိုင်ငံဆက်ဆံရေး တရားဝင်ထူထောင်ပြီးတဲ့ မနှစ်ကစပြီး။

“ပိုများလာစရာအကြောင်းတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယား
သင်္ဘောတွေက ခိုးကြောင်ခိုးဝှက်နဲ့ မြန်မာဆိပ်ကမ်းတွေကိုကပ်ပြီး လက်နက်ခဲယမ်း
တွေကို ရောင်းချနေတဲ့ အနေအထားမျိုးကနေ အခုတော့ ပိုပြီးတော့ နှစ်နိုင်ငံ
လွတ်လွတ်လပ်လပ် လက်နက်ခဲယမ်းတွေ ဝယ်ယူလာလိမ့်မယ်လို့ ကျနော်တို့ယူဆ
ပါတယ်။”

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုအဖွဲ့က မြန်မာ့တပ်မတော်ရေးရာ
စောင့်ကြည့်လေ့လာသူ ဦးဌေးအောင် ရှင်းပြသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စင်ကာပူကုမ္ပဏီတခုကတဆင့် မြောက်ကိုရီးယားက ဒုံးကျည်တွေ တင်ပို့ရောင်းချနေတယ်ဆိုတာနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်ထားပြီး ဒီကိစ္စ စုံစမ်းစစ်ဆေးမယ်၊ လူတွေ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ တရားမဝင်ရောင်းချတာနဲ့ပတ်သက်ပြီး နိုင်ငံတကာ
ကျင့်ဝတ်ကျင့်ထုံးတွေကို စင်ကာပူက အပြည့်အ၀ လိုက်နာဆောင်ရွက်မယ်လို့
လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG