သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ စားနပ်ရိက္ခာ ရှားပါး


မြန်မာနိုင်ငံအနောက်ပိုင်းက ချင်းပြည်နယ်ထဲမှာ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် အိန္ဒိယနိုင်ငံဖက်ကို ရာနဲ့ချီတဲ့ လူတွေ ထွက်ပြေးလာနေကြသလို အဲဒီ ဒုက္ခရောက် နေသူတွေအတွက် လှူတဲ့ ဆန်တွေကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက အဓမ္မ ကြားဖြတ်သိမ်းယူပြီး ပေါက်ဈေးထက် တင်ပြီး အဲဒီ ဒုက္ခရောက်နေသူတွေကို ပြန်ရောင်းစား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဦးဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အခုလို ချင်းပြည်အတွင်းမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအပေါ် ဒေသဆိုင်ရာ အာဏာပိုင်တွေက ခေါင်းပုံဖြတ်နေကြတဲ့ အကြောင်းကိုတော့ အဲဒီဒေသကို ကိုယ်တိုင် သွားရောက်ပြီး ကာယကံရှင်တွေကို လူတွေ့ မေးမြန်း စုံစမ်းခဲ့တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ ကွင်းဆင်း ပူးပေါင်း ဆောင်ရွက်ရေးမှူး ကိုသယ်ရ က ဗီအိုအေကို အခုလို ပြောပြပါတယ်။

“ဇန်နဝါရီလဆန်းပိုင်းမှာပေါ့ ဇန်နဝါရီ ပထမသီတင်းပတ်ထဲမှာ ကက်သလစ် အသင်းတော် ကနေပြီးတော့ အဲဒီ နယ်စပ်ဖက်မှာ ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီဖို့ ဆိုပြီးတော့ သူတို့ စုစောင်းထားတဲ့ ဆန် အိတ်ပေါင်း ၃၀၀ ကျော်ကို ပလပ်ဝမြို့ မယက ဥက္ကဌကနေပြီးတော့ အဲဒီဆန်ကို သူတို့ ခဏချေးမယ် ဆိုပြီးတော့ သူတို့ ယူတယ်။ အဲဒီ ဆန်အိတ်ပေါင်း ၃၀၀၊ နောက်မှ ပြန်ဆပ်မယ် ဆိုပြီးတော့ အခုထိ သူက ပြန်မဆပ်သေးဘူးနော်။ အဲဒါကို အခုထိ ပြန်မဆပ်လို့ သူတို့ အခု နောက်ထပ် မတ်လထဲမှာ ပြန်တောင်းတာပေါ့နော်။ အဲဒီအချိန်မှာတော့ သူတို့ မဆပ်နိုင်တော့ဘူးပေါ့နော်။ အဲဒီဆန် အကုန်လုံးကို သူတို့ သုံးပြီးပြီပေါ့။ အဲဒီလို ပြောတယ်။”

ဒါ့အပြင် ဖေဖော်ဝါရီလအတွင်းမှာ အလားတူ ပုံစံမျိုး ဒုတိယအကြိမ် ထပ်ဖြစ်ခဲ့တယ်လို့ ကိုသယ်ရ က ဆက်ပြောပါတယ်။

“ပြီးတော့ ဒုတိယအကြိမ်က ဖေဖော်ဝါရီလ အတွင်းမှာပေါ့။ အဲဒါကတော့ တခြား အသင်းတော် တစ်ခုက သူတို့ အငတ်ဘေးဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သူတို့ ဆန်တွေ အိတ်ပေါင်း ၂၅၀ ပေါ့နော်၊ အဲဒါကိုလည်း ပထမအတိုင်းပဲ၊ အဲဒီ မယက ဥက္ကဌက ပြန်ပြီးတော့ သိမ်းတာပေါ့။ သိမ်းပြီးတော့ အဲဒါကို သူတို့က ရောင်းတယ်တဲ့၊ မယက ကနေ အဆမတန်ပေါ့နော်၊ လက်ရှိ ဈေးနှုန်းထက်များတဲ့ ဈေးနှုန်းနဲ့ သူက ဒေသခံတွေကို ပြန်ပြီးတော့ ရောင်းတယ်။ ကာလ ပေါက်ဈေးကတော့ တစ်အိတ်မှာ ၁၈,၀၀၀ ပေါ့နော်။ ဒါပေမယ့် မယက ကနေပြီးတော့ တစ်အိတ် ၂၀,၀၀၀ နဲ့ အဲဒီလို ရောင်းနေတယ်တဲ့။”

အခုဖြစ်နေတဲ့နေရာက ဘယ်နေရာတွေမှာ ဖြစ်တာလဲခင်ဗျ။ မြန်မာပြည်က မြို့နယ်အနေနဲ့ ကြည့်မယ်ဆိုရင် အဲဒါက ဘယ်နဲ့ ပိုနီးလဲ။ တီးတိန်နဲ့ နီးသလား။ ဖလမ်း နဲ့ နီးသလား။ -

“အဲဒါက အိန္ဒိယနဲ့ နယ်စပ်နီးတဲ့ နေမြေတွေ ပတ်ဝန်းကျင်မှာပေါ့။”

နောက်တစ်ခုကလေ ကျနော်တို့ ကြားတာက အဲဒီလိုမျိုး မြန်မာပြည်ဖက်မှာ အငတ်ဘေး ကြုံနေတဲ့အတွက် စားနပ်ရိက္ခာတွေ ပြတ်လတ်နေတဲ့အတွက် အိန္ဒိယဘက်ကိုလည်း ချင်းတောင်ကနေပြီးတော့ လူတွေ တော်တော်များများ ထွက်ပြေးလာတယ် ကြားတယ်လေ။ အဲဒါလေးလည်း နည်းနည်း ပြောပြပါလား။ ဘယ်လိုလူတွေ ထွက်ပြေးလာကြတာလဲ။ ဘယ်နှစ်ယောက်လောက် ရှိလဲ၊ သိသလောက်။ -

“အဓိက ကတော့ ပလပ်၀ မြို့နယ်က ထွက်ပြေးတာ အများဆုံးပေါ့။ ဒီနှစ်အတွင်းမှာ လူဦးရေ ၅၀၀ လောက် ထွက်ပြေးတယ်။ အဲဒီ ၅၀၀ ဆိုတာက ဒီ မြစ်ကြီးနားနားမှာ သူတို့က အခြေစိုက်နေတယ်။ အဓိက ကတော့ ပလပ်၀ မြို့နယ်ကပဲ ခမီးလူမျိုးတွေပေါ့နော်၊ ခမီးတွေ များတယ်။ ဒုတိယကတော့ ရခိုင်ပေါ့။ အဲဒါ များတယ်။”

ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကူညီဖြေရှင်းတဲ့ပုံစံမျိုး တစ်ခုမှ မကြားမိဘူးလား။ ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလား။ အခုလို ဒေသခံ တိုင်းရင်းသားလူထုတွေ ဒုက္ခရောက်နေတဲ့အပေါ်မှာ။ -

“အခုထိတော့ အာဏာပိုင်တွေ တစုံတရာ လုပ်တယ်လို့ ကျနော် မကြားမိဘူးပေါ့နော်။ ဒေသခံတွေ ပြောတာကတော့ ဘာမှ လုပ်ပေးတာ မရှိဘူးတဲ့ အာဏာပိုင်တွေက။ တကယ်လို့ ဟိုဖက် တခြားနိုင်ငံကို တခြား ရွာတွေကိုပဲ ဖြစ်ဖြစ် ဘယ်သူမှ မပြောင်းရွှေ့ရဘူး ဆိုပြီးတော့ အမိန့်ပဲ ထုတ်ထားတာ ရှိတယ်။ အထောက်အကူ ပေးတာကတော့ ဘာမှမရှိဘူးတဲ့။ အဲဒီလိုပဲ ပြောကြတယ်။ ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာပဲ နေကြပါ ဆိုပြီးတော့ သူတို့ အမိန့် ထုတ်ထားတာတော့ ရှိတယ်တဲ့။”

နောက်တစ်ခုက ဒီကိစ္စက ဖြစ်နေတာက ဘယ်လောက် ကြာသွားပြီလဲခင်ဗျ။ ဘယ်အချိန်လောက်က စဖြစ်နေတာလဲ။ ဘယ်လောက် ကြာကြာ ဖြစ်နေတာလဲ။ ဒီ စားနပ်ရိက္ခ ပြတ်တာက။ -

“ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုလာလောက်က စဖြစ်နေပြီ။ သူတို့ စပါးက စက်တင်ဘာ ဒုတိယပတ်လောက်မှာ စစ်တပ်က သူတို့ စပါးတွေ အကုန်လုံး ဖျက်ဆီးတာပေါ့နော်။ ဒါကြောင့် သူတို့ အဲဒီစပါးကို သူတို့ လုံး၀ ရိတ်လို့ မရတော့ဘူး။ တချို့ နည်းနည်း စောစော ရိတ်နိုင်တဲ့ စပါးတချို့တော့ သူတို့ ရိတ်နိုင်ခဲ့တယ်၊ တစ်ဝက်တပြတ်ပေါ့။ ဒါပေမယ့် နောက်ကျတဲ့ စပါးမျိုးစေ့တွေကျတော့ တခုမှ သူတို့ ရိတ်လို့မရတော့ဘူးတဲ့။ အကုန်လုံး ဖျက်ဆီးတာပဲတဲ့။ အဲဒီကတည်းက အငတ်ဘေးက စချင်နေပြီ။”

ချင်းလူ့အခွင့်အရေးအဖွဲ့ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ရေးမှူး ကိုသယ်ရ ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG