အခြေခံဥပဒေမူကြမ်းကို ပြည်သူတွေ ကြိုတင် လေ့လာနိုင်အောင် အခုချိန်ထိ မြန်မာ စစ်အစိုးကနေ ဖြန့်ချိတာတွေ မလုပ်သေးပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကိုတော့ ကြိုပြီး ပေးထားတယ်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကိုလည်း အခြေခံ ဥပဒေမူကြမ်းတွေ ရ/မရ ဆိုတာနဲ့ ဆန္ဒခံယူပွဲအပေါ် သဘောထားတွေ သိရအောင်အတွက် ဦးကျော်အောင်လွင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
NLD ပါတီကို မြန်မာစစ်အစိုးရဖက်ကနေပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း ပေးထားတယ်လို့ ကြားပါတယ်ခင်ဗျ။ ဘယ်တုန်းကလဲခင်ဗျ။ -
“ကျနော် ရက်ကိုတော့ အတိအကျ မမှတ်မိဘူး၊ မှတ်မိနေတာက အဖွဲ့ချုပ် လူကြီးများနဲ့ မစ္စတာ ဂမ်ဘာရီနဲ့ မတွေ့ခင် တစ်ရက်က ည ၉ နာရီမှာ ရွေးကောက်ပွဲ ကော်မရှင်က အတွင်းရေးမှူး ဦးလွင်အိမ်ကို စာအုပ် ၃ အုပ် လာပို့ပါတယ်။”
ဟုတ်ကဲ့၊ အဲဒီ ၃ အုပ်က ဘာစာအုပ်တွေပါလဲခင်ဗျ။ -
“ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်ပါ။”
ဆိုတော့ တရားဝင်ပုံနှိပ်ထားတဲ့ စာအုပ်တွေလား။ -
“တရားဝင်ပုံနှိပ်ထားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။”
ဟုတ်ကဲ့ခင်ဗျ၊ ဆရာတို့ NLD ကို အခုလိုမျိုး ပေးတယ်ဆိုပေမယ့် ကျနော်တို့ သိရသလောက် မြန်မာစစ်အစိုးရဖက်က ပြည်သူတွေသိအောင် တရားဝင် ထုတ်ေ၀ ဖြန့်ချိပေးတာ မတွေ့သေးပါဘူးခင်ဗျ။ -
“ဟုတ်ပါတယ်၊ အခုထိ အဲဒီစာအုပ်ကို ရောင်းတာလည်း မရှိသေးဘူး၊ ဖြန့်ချိတာလည်း မရှိသေးဘူး၊ နည်းဥပဒေလည်း ကနေ့ထိ ထွက်တယ် ဆိုတာ မရှိသေးပါဘူးခင်ဗျ။”
ဆိုတော့ အဲဒါ ဘာသဘောလို့ ထင်ပါသလဲခင်ဗျ၊ -
“ပြည်သူတွေကို မျက်စိပိတ်တဲ့ သဘောပေါ့၊ ဆန္ဒခံယူပွဲက ကြိုလုပ်မယ်။ ဥပဒေသဘောအရ အဲဒီကာလမှာ ပြည်သူတွေဟာ ဖတ်ရှုခွင့် ခုချိန်ထိမရဘူး၊ ဒါ နားပိတ် မျက်စိပိတ်ပါပဲ။”
ဟုတ်ကဲ့၊ ဆရာတို့ NLD ပါတီကိုကော ဒီစာအုပ်က ဘာကြောင့် ပေးသွားတယ်လို့ ပြောသွားပါလဲခင်ဗျ၊ -
“ဘာမှမပြောဘူးခင်ဗျ၊ သူ့စာထဲမှာလည်း စာအုပ် ၃ အုပ် ပေးပို့တာပဲ ရေးထားတယ်။ ဘာမှ မရေးထားပါဘူးခင်ဗျ။”
ဟုတ်ကဲ့၊ ဒီစာအုပ်ကို NLD ပါတီက လူကြီးပိုင်းက လေ့လာပြီးလောက်ပြီ ထင်ပါတယ်။ -
“လေ့လာနေတာပေါ့လေ၊ ပြီးမပြီး ဆိုတာတော့ ကျနော် မပြောနိုင်ဘူး။”
ဆရာဦးဉာဏ်ဝင်းကော ဖတ်ခွင့်ရပြီလားခင်ဗျ၊
“ကျနော် လုံး၀ ဖတ်ခွင့် မရသေးပါဘူး။”
တခြား နိုင်ငံရေးအဖွဲ့အစည်းတွေရော ဒီစာအုပ်ကို ဖြန့်ချိတယ်လို့ ကြားလားခင်ဗျ၊ -
“ကျနော် ကြားပါတယ်၊ တစည ကလည်း ဒီစာအုပ်ကို ရရှိတယ်လို့ ကျနော် သတင်းကြားပါတယ်။”
ဒီစာအုပ်က ပြည်သူတွေက မသိရသေးဘူး၊ နိုင်ငံရေး အင်အားစုတွေကိုပဲ လှည့်ပြီး ပေးနေတယ် ဆိုတော့ -
“အဓိကဖြစ်တဲ့ ပြည်သူလူထုကို အသိမပေးတာက အဓိကအချက်ပဲ၊ အရေးကြီးတာက ပြည်သူလူထုပါ၊ ဘယ်ပါတီမှ မဟုတ်ဘူး၊ ပြည်သူလူထု အရေးအကြီးဆုံးပါ၊ အလွယ်တကူ ဖတ်ရှုခွင့်ရမယ့် ပုဂ္ဂိုလ်တွေဟာ ဒီနေ့အထိ မရသေးပါဘူး။ ကျနော်တို့က တော်တော်ကို အံ့သြလို့ မဆုံးဘူး၊ ဒီကိစ္စ။”
ဟုတ်ကဲ့၊ NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစည လို့ခေါ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုလည်း မေးကြည့်ပါဦးမယ်။
တစည ရဲ့ နိုင်ငံရေး ကော်မတီက ဦးချစ်လှိုင်ပါလားခင်ဗျ။ ဆရာဦးချစ်လှိုင်ခင်ဗျ၊ မြန်မာစစ်အစိုးရက နေပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ဆရာတို့ ပါတီကိုလည်း ပေးတယ်လို့ ကြားပါတယ်၊ အဲဒါ ဟုတ်ပါသလားခင်ဗျ။ -
“သူတို့က သက်သက်ပေးတာတော့ အခုချိန်ထိ တစ်ခုမှ မကြားရသေးဘူး။”
ကျနော်တို့ သိထားသလောက်ဆိုရင် ဆရာရေ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းက အခုချိန်ထိ တရားဝင် မထုတ်ဝေသေးဘူးလေ။ -
“ဟုတ်ပါတယ်၊ ဒါတော့ ကျနော်တို့လည်း Notice ဖြစ်တယ်လေ၊ ဖြစ်တော့ ကျနော်တို့ နားလည် ထားတာပေါ့လေ။ ဟိုကြား၊ ဒီကြားနဲ့ နားလည်တာ၊ တရားဝင် သတင်းတော့ မဟုတ်ဘူး၊ သတင်းစာထဲမှာ ၂ ပတ်လောက်ဖြစ်ဖြစ် ထည့်ထည့်သွားမယ် ဆိုတဲ့သဘောမျိုးတော့ ကျနော်က နားစွန်နားဖျား ကြားထားတာ ရှိတယ်။ တရားဝင်တော့ မဟုတ်ဘူး။”
ဟုတ်ကဲ့၊ ကျနော်တို့လည်း သတင်းစာကိုလည်း ကြည့်နေတာ၊ ဒီနေ့ထိတော့ သတင်းစာထဲမှာ မပါသေးပါဘူးခင်ဗျ၊ -
“မပါသေးပါဘူး၊ တရားဝင်တော့ မတွေ့သေးပါဘူး။ မေလ ဆိုတော့ အချိန်တော့ ရှိသေးတာပေါ့လေ။ သိပ်အချိန် အများကြီး ပေးစရာ မလိုဘူးလို့လည်း ထင်ရင်ထင်မှာပေါ့၊ လက်တွေ့ လေ့လာ ချင်ရင်တော့ ကျနော်တို့ ၂ ပတ်လောက် ဆိုရင်တော့ လုံလောက်ပါတယ်။ မေလ မတိုင်ခင်တော့ ထွက်လာမယ်လို့ ကျနော်တို့ မျှော်လင့်တာပဲ။”
ပြည်သူတွေအနေနဲ့ မဲပေးရတော့မယ့် ဥပဒေမူကြမ်းကို အခုချိန်ထိ မဖတ်ရသေးဘူး ဆိုတော့ အချိန်ကပ်ပြီးတော့မှ ပြည်သူတွေကို ပေးလို့ရှိရင် လေ့လာဖို့ကော အချိန်မှီပါ့မလားခင်ဗျ။ -
“ကျနော့်အနေနဲ့ ပြောတာ၊ ဘာဥပဒေပဲဖြစ်ဖြစ် ၂ ပတ် ရရင် လုံလောက်တယ်။ ကိုယ်လိုချင်တာ၊ ကိုယ်သိချင်တာ၊ အဲဒီတော့ ကြိုက်တာလည်း ပါမှာပဲ၊ ကျနော် မကြိုက်တာလည်း ပါမှာပဲ၊ သို့သော် overall မှာ လက်ခံနိုင်တဲ့ အခြေအနေ ရှိသလား။ ရှိရင် လက်ခံ၊ မရှိရင် လက်မခံနဲ့၊ ဒါပဲရှိတာပဲ။”
ဟုတ်ကဲ့ပါခင်ဗျ၊ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို မဲထည့်ရမယ့် မေလ ပြည်သူ့ ဆန္ဒခံယူပွဲမှာ ဆရာတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အနေနဲ့ ဒီမူကြမ်းကို ထောက်ခံမဲ ထည့်ဖို့ များသလား၊ ကန့်ကွက်မဲ ထည့်ဖို့ များသလားခင်ဗျ၊ -
“ကျနော်တို့ကတော့ ထောက်ခံမဲ ထည့်ဖို့ များတယ်။ များတဲ့အကြောင်းက ရှင်းပါတယ်။ တိုင်းပြည် အေးချမ်းတာကို ကြည့်ချင်တာပဲဥစ္စာ၊ မထောက်ခံရင် ဖြစ်လာနိုင်တဲ့ အလားအလာက အများကြီးပဲ။ အရှုပ်အထွေးတွေက၊ ဒီအခြေနေတွေကို သဘောထား ကွဲလွဲမှု ဖန်တီးချင်တဲ့ အဖွဲ့တွေလည်း၊ နိုင်ငံတွေကလည်း ရှိနေတယ်လေ။ ဆိုတော့ အဲဒီဟာတွေရဲ့ အနှောင့်အသွားက လွတ်ချင်ရင်တော့ မြန်မြန် ဥပဒေမရှိတဲ့ တိုင်းပြည် ဖြစ်နေမယ့်အစား ဥပဒေရှိတဲ့ တိုင်းပြည်မှာ နေချင်တယ်ဗျာ၊ ဒါတော့အမှန်ပဲ။”
ဟုတ်ကဲ့ပါခင်ဗျ၊ ပြည်သူ့ဆန္ဒခံယူပွဲဟာ မြန်မာပြည်သူ အများစုက ထောက်ခံပြီးတော့ အရပ်သား အစိုးရ ပေါ်လာမယ့် အခြေနေတွေရှိသလား၊ ပြည်သူလူထုက ကန့်ကွက်မယ့်သဘာ ဆရာတို့ ဘယ်လို တွက်ချက်ထားပါသလဲ။ -
“ကျနော်တို့ကတော့ အောင်မြင်မယ်လို့ ယူဆတယ်။ မအောင်မြင်လို့ ဘာမှ မဖြစ်နိုင်ဘူး၊ နိုင်ငံရေးမှာ အလှည့်အပြောင်းတွေဟာ အနည်းနည်း အဖုံဖုံ ဖြစ်နိုင်မယ်ဆိုတာ ကျနော်တို့ ပါတီက လက်ခံ ထားပြီးသားပါ။ ဒါက ပါတီရဲ့ stand တွေ ရှိပါတယ်။ အနည်းနည်းအဖုံဖုံ ရှိတဲ့နည်းလမ်းများအနက် အခြေခံဥပဒေ ရှိပြီး ပြောင်းလဲမှုဆိုတာ အသင့်လျော်ဆုံး ဖြစ်တယ်လို့ လက်ခံထားတာ ရှိတယ်။ ဒါကတော့ ပါတီရဲ့ပေါ်လစီပေါ့။”
ဟုတ်ကဲ့ပါခင်ဗျာ၊ တစည တိုင်းရင်းသား စည်းရုံးညီညွတ်ရေးပါတီ နိုင်ငံရေး ကော်မတီက ဦးချစ်လှိုင် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။