သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာမညဆရာတော် ရုပ်ကလပ် သဲလွန်စတချို့တွေ့


ကရင်ပြည်နယ်၊ ဖားအံမြို့ သာမည ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို လက်နက်ကိုင် လူတစုက အတင်း စီးနင်းလုယူပြီးသွားတဲ့ နောက်ပိုင်းမှာ သတင်းအစန လုံး၀ ပျောက်နေတဲ့အတွက် နောက်ဆက်တွဲ ဖြစ်နေမှုတွေ သိရအောင် သာမညတောင်ကျောင်းကို ကျမတို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းထားပါတယ်။ အပြည့်စုံကို ဦးဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပထမဆုံး ဆရာတော်ရုပ်ကလပ် ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ကောလာဟလ သတင်းတွေ ထွက်နေတဲ့အကြောင်း လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးခေမာစာရ က အခုလိုမိန့်ကြားပါတယ်။

“ကောလာဟလပဲ ဒကာကြီး။ ဟိုကလိုလို၊ ဒီကလိုလို ဘာမှလည်း မဟုတ်ဘူး။”

ဒါပေမယ့် သာမညတောင်ရဲ့ မြောက်ဘက်မှာ ဆရာတော်ရဲ့ သပိတ်နဲ့ ဆရာတော် သုံးနေကျ မိုက်ခရိုဖုန်း အပါအဝင် မီးပုံတခုကို ရွာသားတွေ တွေ့ခဲ့ရတယ်လို့ ဆရာတော် ဦးခေမာစာရက အခုလို ဆက်မိန့်ကြားပါတယ်။

“မနေ့ကတော့ သာမညကနေ မြောက်ဘက်ပေါ့၊ နောက် ရွာကလည်း အဲဒီရွာက ပြောပြတဲ့အခါ ရွာနှစ်ရွာကြားမှာ တွေ့တဲ့ မီးပုံလေးပေါ့။ အဲ - မနေ့ကတော့ ဒီသာမညရဲ့ မြောက်ဘက်ပေါ့နော်၊ မိုင်အကွာအဝေးတော့ မပြောတတ်တော့ဘူး ဒကာကြီး။ အဲဒီ ရွာနှစ်ရွာကြားမှာ တွေ့တယ်။ မီးပုံကြီးတဲ့၊ အဲဒါ သူတို့ မီးရှို့ပြီးတဲ့ သဘောပေါ့။ ယူသွားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ပေါ့နော်၊ မီးရှို့သွားပြီးပြီ အနေနဲ့ပေါ့၊ ဟိုမှာ အလောင်းသယ်တဲ့ လက်ကိုင်လေး ဘာလေးလည်း ပြန်တွေ့တယ်။ သပိတ်လည်း တွေ့တယ်၊ နောက် သူတို့ လာယူတုန်းက ယူသွားတဲ့မိုက်ပေါ့နော်၊ စကားပြော မိုက်ခွက်လည်း ပါတယ်။ အဲဒါတော့ ဟုတ်တယ် ဒကာကြီး၊ ပျောက်သွားတဲ့၊ ပါသွားတဲ့ဥစ္စာ ဟုတ်တယ်၊ ဒါပေမယ့် မီးပုံ မီးရှို့တာက ဦးပဉ္ဇင်းတို့ သဘာဝမကျဘူး၊ သိပ်မထင်ဘူးပေါ့ ဒကာကြီး၊ မနေ့က မနက်က အဲဒီပစ္စည်းက ပြန်ယူလာပြီ၊ ကျောင်းထဲမှာ။ ဆရာတော် ရုပ်ကလပ်ထားတဲ့နေရာ ပြန်ထားပြီး အလောင်းကို တင်ဖို့ရယ်၊ ဟိုဒင်းပေါ့၊ စင်လေးသဘောပေါ့၊ လက်ကိုင်တခုရယ်၊ သပိတ်တလုံးရယ်၊ သပိတ်ထဲမှာတော့ နည်းနည်းပါးပါး ပါမှာပေါ့ ဒကာကြီး။ မနေ့က သယ်လာပြီးပြီ၊ ကျောင်းထဲမှာ၊ နောက်ထပ် သတင်းအစအနလည်း စုံစမ်းနေဆဲပဲ ဒကာကြီး၊ ဘာမှလည်း မကြားဘူး ဒကာကြီး။ ကြားထားလည်း ဟုတ်မှာလည်း မထင်ဘူးပေါ့ ဒကာကြီး။ အခု ဒီလိုပဲ နေလိုက်တယ်။”

ကျောင်းနဲ့ သိပ်မဝေးတဲ့ နေရာတခုမှာ ပြာပုံတခုကို အခုလိုပဲ တွေ့လိုက်တာဟာ ဆရာတော်ကြီးရဲ့ ရုပ်အလောင်းကို လိုက်ရှာနေသူတွေ ယုံထင်ကြောင်ထင် ဖြစ်အောင် တမင်ဖန်တီးထားတာများ ဖြစ်နိုင်မလားလို့ ဆရာတော် ဦးခေမာစာရကို ဆက်ပြီးတော့ မေးကြည့်တော့ ဆရာတော်က ပြာပုံတင် မကဘူး။ အရိုးတချို့ကိုပါ တွေ့ခဲ့တဲ့အကြောင်း အခုလို ဆက်မိန့်ကြားပါတယ်။

“အဲလိုပဲ ထင်တဲ့ပုဂ္ဂိုလ်လည်း ထင်တယ်၊ အဟုတ်ထင်တာလည်း ရှိတာပဲ ဒကာကြီး၊ ဝေခွဲလို့ မရသေးဘူး၊ နောက် အရိုးလည်း နည်းနည်းပါတယ်ပေါ့၊ မီးရှို့တော့ အရိုးလည်း ပါလာတယ်။ ဒီမှာ ဆရာတော် ရုပ်ကလပ်ထားတဲ့ နေရာမှာပဲ ပြန်သိမ်းထားတယ်။”

ဆရာတော်ဖြစ်တယ်ဆိုတာ သက်သေ အခိုင်အမာ ဖြစ်တယ်လို့ အထောက်အထားတော့ မတွေ့ဘူးပေါ့ဘုရား။ -

“မတွေ့ဘူး ဒကာကြီးရေ၊ မတွေ့သေးဘူး။”

တင်ပါ့ဘုရား၊ ဒီရက်ထဲမှာ အာဏာပိုင်တွေဘက်က လာပြီး ကူညီပေးတာတွေ၊ ရှာပေးတာတွေတော့ ရှိတယ်ပေါ့ဘုရား။ -

“နီးနီးစပ်စပ် ရွာလေးပတ်လည်လေးမှာပေါ့၊ လုံခြုံရေး ချထားတာတော့ ကြားတာပဲ ဒကာကြီးရေ။ ရဲတို့ စစ်တပ်တို့ ရှိတယ်ပြောတာပဲ။ ဦးပဉ္ဇင်းတို့လည်း သူတို့နဲ့ ဆက်စပ်မှု သိပ်မရှိဘူး ဒကာကြီး။ သူတို့နဲ့ အဆက်အသွယ် မရှိဘူး မဆိုလိုဘူးနော်။ သူတို့နဲ့ တခါမှစကားမပြော၊ ရဲကတော့ ရှိတယ်ပေါ့ ဒကာကြီးနော်။ ကျောင်းနားမှာပဲ ရှိတယ်၊ ရဲစခန်းပေါ့နော်။ ရှိပါတယ် သူတို့လည်း။”

သာမညတောင်ရဲ့ လက်ရှိကျောင်းထိုင် ဆရာတော် ဆရာတော် ဦးခေမာစာရ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG