သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအရေး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ နိုင်ငံတကာကို တောင်အာဖရိက သမ္မတ တိုက်တွန်း


ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲ ရလဒ်ကို ထုတ်ဖေါ်ကြေညာဖို့ နှောင့်နှေးနေပေမယ့် တောင်အာဖရိက သမ္မတကတော့ ပထမ တကြိမ် ရွေးကောက်ပွဲ ရလဒ်ကို ဆက်စောင့်ကြည့်ဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံပါတယ်။ နိုင်ငံတကာအနေနဲ့ ဘယ်ပုံစံ ကြားဝင် ဆောင်ရွက်မယ်ဆိုတာ မဆုံးဖြတ်ခင် ပထမ ရွေးကောက်ပွဲရလဒ်ကို စောင့်ဖို့ သူက ပြောဆိုတာပါ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ပြင်မှာ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် တောင်အာဖရိက သမ္မတ က အခုလို ပြောကြားလိုက်တာပါ။ လန်ဒန်မြို့ကနေ Tom Rivers သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ပြင် ဝတ်ဖို့ဒ် (Watford) မှာ ကျင်းပတဲ့ အစည်းအဝေးမှာ တောင်အာဖရိက သမ္မတ သာဘို မာဘ်ကီး (Thabo Mbeki) က ဇင်ဘာဘွေရဲ့ လက်ရှိ အခြေအနေဟာ သူ့ရဲ့အဆိုအရ စီမံ ဆောင်ရွက် နိုင်သေးတဲ့ အခြေအနေလို့ ဆိုပါတယ်။ နိုင်ငံတကာ အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ရွေးချယ်စရာ အခြေအနေကို မစဉ်းစားခင် ပထမအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ရလဒ်ကို စောင့်သင့်ပါတယ်လို့ သူက ပြောဆိုပါတယ်။

“သမ္မတ မူဂါဘီ (Mugabe) ရော မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangirai) ကရော ပြောနေတာတွေ ရှိပါတယ်။ နောက်တကြော့ ရွေးကောက်ပွဲ ပြန်ပြီး ကျင်းပဖို့ လိုမယ် ဆိုတာမျိုး ပြောနေတာပါ။ ဘယ်သူမှ လိုအပ်နေတဲ့ မဲအရေအတွက်ကို မရပါဘူး။ သူတို့ နှစ်ယောက်စလုံး သမ္မတ ရွေးကောက်ပွဲကို ပြန်ကျင်းပဖို့ လုံး၀ အဆင်သင့် ဖြစ်နေပါပြီ။ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်ပြီး ကျင်းပနိုင်ဖို့ ကျနော်တို့ ကူညီဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော် ပြောသလိုပါပဲ။ မူဂါဘီရော မော်ဂန် ရှန်ဂရိုင်းရော ရွေးကောက်ပွဲ ဒုတိယ တကြော့ ပြန်ကျင်းပဖို့ အဆင်သင့် ဖြစ်နေပါပြီ။”

ဒါပေမယ့်လည်း ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) ကတော့ ပထမတကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ် အမြန်ဆုံး ကြေညာရလိမ့်မယ်၊ ထွက်လာရလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“ရွေးကောက်ပွဲ ရလဒ်ကို ကြေညာရပါလိမ့်မယ်။ ဒီထက်ပိုပြီး နောက်ထပ် နှောင့်နှေးကြံ့ကြာတာမျိုး မရှိသင့်ပါဘူး။ ရွေးကောက်ပွဲဟာ မျှမျှတတ ကျင်းပတယ် ဆိုတာကို အားလုံးက မြင်ရမယ်။ ဒါက ဒီမှာရှိတဲ့သူ အားလုံး တညီတညွတ်တည်း မြင်တဲ့ အမြင်ပါ။”

တကယ်လို့ ရွေးကောက်ပွဲကို နောက်တကြိမ် ကျင်းပရင်လည်း ဒီရွေးကောက်ပွဲကို မျှမျှတတ ကျင်းပတယ် ဆိုတာမျိုး ကမ္ဘာက ရှုမြင်လာဖို့ လိုတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ပြောပါတယ်။

“ရွေးကောက်ပွဲ ရလဒ်ကြေညာဖို့ ဒီထက်ပိုပြီး မကြံ့ကြာသင့်ဘူး ဆိုတာအပြင် နောက်ထပ် ပြောချင်တာကတော့၊ နောက်တကြိမ် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံတကာက လေ့လာသူတွေ ရှိသင့်တယ်လို့ ကျနော်တို့က အခိုင်အမာ ယုံကြည်ပါတယ်။”

ဇင်ဘာဘွေနိုင်ငံ အတွင်းကရော နိုင်ငံအပြင်ကပါ ခေါင်းဆောင်တွေ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ဆက်ပြီး စောင့်စားနေကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာတော့ ပြည်ပရောက် ဇင်ဘာဘွေ နိုင်ငံသား ၁၀၀ လောက်ဟာ ဇင်ဘာဘွေ သံရုံးနားမှာ ဆူညံ ဆန္ဒပြနေကြပါတယ်။ သူတို့က သမ္မတ မူဂါဘီကို ချက်ချင်း ထွက်ပေးဖို့ တောင်းဆိုကြသလို ဒီအချိန်ဟာ အပြောင်းအလဲတွေ လုပ်ရတော့မယ့် အချိန်လို့ ကြွေးကြော်နေကြပါတယ်။

ဇင်ဘာဘွေအရေးနဲ့ပတ်သက်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနဲ့ တောင်အာဖရိက သမ္မတ မာဘ်ကီး တို့ ဒီနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG