သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအာဏာတည်မြဲရေး  ဖွဲ့စည်းပုံအဖြစ် NLD သုံးသပ်


အခု စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းဟာ လူတစ်ဦး ပါတီတဖွဲ့ အဖွဲ့အစည်းတခု အကျိုးအတွက် ရေးဆွဲတာ မဟုတ်ဘူးလို့ နိုင်ငံကျော် ဝန်ကြီးချုပ်ကြီး သိန်းစိန်က မနေ့က ပြောကြား လိုက်ပေမယ့် နိုင်ငံရေး လေ့လာဆန်းစစ်သူတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒါဟာ စစ်တပ်ခေါင်းဆောင် တစု အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတာလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းအရ တပ်မတော်က အရေးပါတဲ့ အာဏာတွေကို ဆုပ်ကိုင်ထားတာမို့ အမျိုးသားညီညွတ်ရေးအတွက် အာမခံချက်ရှိတဲ့အပြင် နိုင်ငံတော်တည်တံ့ခိုင်မြဲဖို့ လမ်းမမြင်ဘူးလို့ လည်း ထောက်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါမယ်။

မနေ့က နိုင်ငံတော် ဝန်ကြီးချုပ်က ဘားအံမှာရောက်နေတုန်း ပြည်သူအားလုံး လိုလား တောင့်တ နေတဲ့ ဒီမိုကရေစီ နိုင်ငံတော်အသွင် ကူးပြောင်းဖို့ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ရှင်းပြပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်က မူကြမ်းကို ပါတီတဖွဲ့ အဖွဲ့အစည်းတခု အကျိုးအတွက် ရည်ရွယ်ပြီး ရေးဆွဲထားတာမဟုတ်ဘူးလို့ ရှင်းပြခဲ့ပေမယ့် အရေးကြီးတဲ့ တာဝန်အားလုံးကို တပ်မတော်ကနေ ဆောင်ရွက်ဖို့ ရေးဆွဲထားတာကို တွေ့ရတာမို့ ဒီဖွဲ့စည်းပုံ ဥပဒေမူကြမ်းဟာ တပ်မတော်အဖွဲ့အတွက် အဓိက ရေးဆွဲထားတာဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းနဲ့ အခြေခံအားဖြင့်တွေ့ရှိရတာမို့ တပ်မတော် ခေါင်းဆောင်များက နိုင်ငံတော် အာဏာကို ဆက်လက်ကိုင်ဆွဲသွားမယ်။ တပ်မတော်ခေါင်းဆောင် အဖွဲ့အတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေလို့ ကျွန်တော် မြင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အရေးကြီးတဲ့ ရာထူးတာဝန်တွေ အားလုံးကို တပ်မတော်သားတွေကပဲ သူတို့ကိုပဲ ခန့်ရမယ်။ နိုင်ငံခြားရေးတို့၊ ပြည်ထဲရေးတို့ ၊ ကာကွယ်ရေးတို့၊ ဒီလိုရာထူးတွေကို နိုင်ငံတော် သမ္မတသည် ပင်လျှင် ရွေးချယ်ခွင့်မရှိဘူး။ စာလုံးရေးထားတာက ရယူရမည်ဆိုတော့ ပေးတဲ့စာရင်းကို ယူရမှာ။ အရေးပေါ်အခြေအနေတို့ အားလုံးသော အရေးကြီးသော အာဏာအားလုံးကိုလည်း ကျွန်တော်တို့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက အဓိက သမ္မတနဲ့ ဆောင်ရွက်သွားမှာ။ ပါလီမန်မှာ ဘာအာဏာမှ မရှိဘူး။ အဲဒါကြောင့် တပ်မတော် ခေါင်းဆောင်များက အာဏာအမြဲတမ်းယူမယ့် အခြေခံဥပဒေလို့ ကျွန်တော်ပြောတာပါ။ ”

မေလထဲမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရေးအတွက် မဲပေးကြရမှာ ဖြစ်ပေမယ့် အခုထက်ထိ ဥပဒေမူကြမ်းဟာ မဲပေးရမယ့် ပြည်သူတွေ လက်ထဲကို လုံးဝမရောက်သေးပါဘူး။ အကြမ်းအားဖြင့် ပြည်သူတွေ နားလည်ထားတာက ဒီမူကြမ်းအတွက် ပြင်ဆင်မှုတစုံတရာလုပ်ဖို့ လိုအပ်တယ်ဆိုရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကနေ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် အများ ဆန္ဒနဲ့ လွှတ်တော်က ၇၅ရာခိုင်နှုန်း အတည်ပြုချက်ပေးမှ ပြင်နိုင်မယ်လို့ နားလည်ထားကြပါတယ်။ ဒါပေမဲ့ အပြင်မှာ တိတ်တဆိတ်ထွက်ပြီး ဖြစ်တဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ မူကြမ်းအရဆိုရင် မဲပေး ပိုင်ခွင့်ရှိ သူ အားလုံးက အတည်ပြုချက် ပေးမှ ပြင်ဆင်နိုင်မယ်ဆိုတာ တွေ့ရမယ်လို့ ရိုက်တာ(စ်) သတင်း တပုဒ်မှာ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD အဖွဲ့ ဦးဉာဏ်ဝင်းကို မေးကြည့်တဲ့အခါ

“ကျွန်တော်တို့ တွေ့တာကတော့ ပြဌာန်းဖို့တောင်မလိုဘူး။ ဘယ်တော့မှ ပြင်ခွင့်မရလို့။ ဘယ်လိုမှ ပြင်လို့မရအောင် ရေးထားတဲ့ ပြဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ ဆန္ဒမဲပေးပွဲတခုမှာ အားလုံးကဆိုတဲ့ စကားလုံး၊ ဗမာပြည်မှာ ဆန္ဒမဲပေးတဲ့လူ သန်းသုံးဆယ်ရှိရင် သန်းသုံးဆယ်မှာ တယောက်လျော့ နေလို့တော့ မရဘူးလေ။ ဒီစကားလုံးအရ မရဘူးဆိုရင် ဘယ်တော့မှ ပြင်ခွင့်မရှိဘူး။ အဲတော့ ဘယ်တော့မှ ပြင်ခွင့်မရှိတဲ့ မူကြမ်းကို ဘာဖြစ်လို့ ဒီလိုရေးသလဲဆိုရင် သူတို့ တပ်မတော် ခေါင်း ဆောင်များ နိုင်ငံတော် အာဏာကို ဘယ်တော့မှ လက်မလွတ်ဘူးလို့ ဒီလို အဓိပ္ပါယ်ရနေတယ်။ ကျွန်တော်တို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးလို့ ပြောထားတဲ့အတွက် ဘယ်တော့ အခါမှ ပြင်လို့ မရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တယ်။”

ဒါ့အပြင် လွှတ်တော်မှာလည်း ၇၅ရာခိုင်နှုန်းပြည့်အောင်ရဖို့ မလွယ်လှတဲ့အတွက် ပြဌာန်းပြီး ဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေးဟာလုံးဝမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အခု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဟာ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားတွေအတွက် ရေးဆွဲထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်က အရေးပါတဲ့ အာဏာတွေကို ဆုတ်ကိုင် ထားတာမို့ ညီညွတ်ရေးအတွက် အာမခံချက်မရှိဘဲ နိုင်ငံတော် တည်တံ့ခိုင်မြဲရေး ဆိုတာ မဖြစ်နိုင်ပါဘူးလို့လည်း ပြောပါတယ်။

“ကျွန်တော်တို့ နားလည်တာ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးဆိုတာ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး စည်းလုံးညီညွတ်စွာရှိမှ ခိုင်မြဲမှာ။ အခုလို တပ်မတော်က ဒီလိုယူထားရင် ညီညွတ်ရေးက ရမှာ မဟုတ်ဘူး။ ခိုင်မြဲဖို့လည်း မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ တိုင်းရင်းသားအကျိုးစီးပွားလည်း အခု တိုင်းရင်းသားတွေအတွက် ဒေသဆိုင်ရာ လွှွတ်တော်တို့ ဘာတို့လုပ်တယ်။ သို့သော်လည်း အဲဒီမှာ လုပ်တဲ့ ဝန်ကြီးအားလုံးကိုလည်း နိုင်ငံတော် သမ္မတကပဲ ခန့်မှာ။ သူတို့ဟာ သူတို့ ရွေးချယ်ခွင့်လည်း မရှိဘူး။ အဲဒီလို အခြေအနေမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ဘယ်လိုရနိုင်မလဲ။ ကျွန်တော်တို့က မမြင်ပါဘူး။”

ဒီဖွဲ့စည်းပုံ အခြေခံမူကြမ်းဟာ စစ်အစိုးရ ဆက်လက်အာဏာတည်မြဲရေးအတွက် အဓိကထားပြီး ရေးဆွဲထားတာလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရှုတ်ချပြစ်တင်မှုတွေ ရှိနေပါတယ်။

XS
SM
MD
LG