သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးရံပုံငွေ မြန်မာဓာတ်ပုံပြပွဲကျင်းပ


မနေ့ ဧပြီလ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် နယူးယောက်ခ်မြို့မှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပြပွဲတစ်ခု ပြုလုပ်ခဲ့ ပါတယ်။ ဒီဓါတ်ပုံပြပွဲနဲ့ပတ်သက်လို့ ဒီပွဲကို ကိုယ်တိုင် သွားရောက် ခဲ့တဲ့ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြထားပါတယ်။

ဓါတ်ပုံပြပွဲကို နယူးယောက်ခ်မြို့က Calumet ဓါတ်ပုံလုပ် ငန်းပိုင် The HP Gallary မှာ မနေ့ညနေ ၄ နာရီခွဲကနေ ၇ နာရီခွဲအထိ ပြုလုပ်ခဲ့တာပါ။ ပြသထားတဲ့ ဓါတ်ပုံတွေထဲမှာ လှပတဲ့ သဘာဝရှုခင်း နောက်ခံနဲ့ မြန်မာနိုင်ငံ ကအထင် ကရ နံမည်ကြီး စေတီပုထိုးတွေရဲ့ပုံတွေ ပါဝင်သလို မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်တဲ့ ရုပ်ပုံပေါင်း ၂၅ ပုံကို ပြသထားပါတယ်။ ဒီဓါတ်ပုံတွေကိုတော့ နံမည်ကြီး ဓါတ်ပုံ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စတီဖန် ဂိုလ်းဘလတ် (Stephen Goldblatt) က ပြီးခဲ့တဲ့ ၁ နှစ်က မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တုန်း ရိုက်ကူးခဲ့တာ ဖြစ်ပါ တယ်။

မစ္စတာ ဂိုးလ်ဘလတ် ဟာ နံမည်ကြီး အော်စကာဆုရ ဟောလိဝုဒ် ရုပ်ရှင်ကားကြီးတွေ ဖြစ်တဲ့ Angels in America၊ Charlie Wilson’s War အစရှိတဲ့ ရုပ်ရှင်ကားကြီးတွေအတွက် ဓါတ်ပုံတည်း ဖြတ်ပေးခဲ့တဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ အာရှအပါအဝင် နိုင်ငံပေါင်း တော်တော်များ များကို သွားရောက်လည်ပတ်ဖူးပေမယ့် မြန်မာနိုင်ငံကိုတော့ တစ်ခေါက်မှ မရောက်ဖူးခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို သိတဲ့အတွက်ကြောင့်လည်း မြန်မာနိုင်ငံကို စိတ်ဝင်တ စား သွားရောက် ကြည့်ရှုချင်ခဲ့တယ်လို့ မစ္စတာ ဂိုးလ်ဘလတ် က ဆိုပါတယ်။

ဒီပွဲရဲ့ ထူးခြားတာကတော့ ဒီပွဲဟာ ဓါတ်ပုံပြပွဲ သက်သက် မဟုတ်ဘဲ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို အများ စိတ်ဝင်စားအောင် မီးမှောင်းထိုးပြတဲ့ပွဲ ဖြစ်သလို ဒီပွဲမှာ လေလံတင် ရောင်းချလို့ရတဲ့ ငွေအားလုံးကို မြန်မာနိုင်ငံ လူ့အခွင့်အရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ် Berkeley University က Human Rights Center ကို လှူဒါန်းမှာ ဖြစ်ပါတယ်။

ဒီပြပွဲကို လုပ်ရတာ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီရေနဲ့ လူ့အခွင့်အရေးတွေကို ကူညီလိုတဲ့ ဆန္ဒကြောင့် ဖြစ်တယ်လို့ မစ္စတာ ဂိုးလ်ဘလတ် က အခုလို ပြောပါတယ်။

“မြန်မာပြည်အတွက် တခုခု အကျိူးပြုနိုင်အောင်လို့ ဒီပြပွဲကို လုပ်ဖြစ်တာပါ။ ဒီပွဲကရတဲ့ ငွေအားလုံး ဟာ Human Rights Center အတွက်ပါ။ ကျနော့်အတွက် မဟုတ်ပါဘူး။ မြန်မာပြည်သွားတုန်း ကျနော် မြင်တွေ့ခဲ့တဲ့ အခြေအနေတွေ၊ နောက် ကျနော် ဆုံတွေ့ခဲ့တဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် တစုံတရာ ကူညီပံ့ပိုးနိုင်အောင် ဒီပွဲကို လုပ်တာပါ။” - လို့ မစ္စတာ ဂိုးလ်ဘလတ် က ပြောသွားခဲ့တာပါ။

Berkeley University ရဲ့ Human Rights Center အဖွဲ့ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှား သူတွေအတွက် လူ့အခွင့်အရေး ပညာပေး သင်တန်းတွေနဲ့အတူ တခြား လူ့အခွင့်အရေး နဲ့ပတ်သက် တဲ့ကိစ္စတွေမှာ ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့တခုပဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ဓါတ်ပုံတွေကို ဈေးနှုန်း ဒေါ်လာ ၅၀၀ ကနေ စ ဈေးခေါ်ပြီးတော့ အပြိုင်အဆိုင် ဈေးခေါ်လို့ နောက်ဆုံး အများဆုံးပေးနိုင်တဲ့သူကို ရောင်းချခဲ့တာပါ။ ပုဂံ ရှေးဟောင်း စေတီပုထိုးတွေကို အာရုံဦးအချိန်မှာ အဝေးကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုတော့ ဒေါ်လာ ၁,၄၀၀ အထိ ဈေးပေးပြီး အမျိုးသမီးတစ်ဦးက ဝယ်ယူခဲ့သလို တခြား ဓါတ်ပုံတွေကိုလည်း အလားတူ အပြိုင်အဆိုင် ဈေးခေါ်ပြီး ဝယ်ယူခဲ့ကြပါတယ်။ ဒီပွဲမှာ ဟောလိဝုဒ် သရုပ်ဆောင်တချို့ကို တွေ့ရသလို ဓါတ်ပုံ မြတ်နိုးသူ မြန်မာ့ဒီမိုကရေစီရေးကို ကူညီပံ့ပိုးလိုတဲ့သူ အယောက် ၅၀ ကျော် စိတ်ဝင်တစား လာရောက်ကြည့်ရှု အားပေးဝယ်ယူခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ နယူးယောက်ခ်မြို့မှာ နေထိုင်တဲ့ မြန်မာ ရဟန်းသံတော်အချို့နဲ့ မြန်မာနိုင်ငံသား အချို့လည်း ဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG