သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်


သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထု
ဒေါ်အမာ ဒီကနေ့ မနက်ပိုင်း နေရပ် မန္တလေး
မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာမကြီး
လူထုဒေါ်အမာရဲ့အကြောင်းနဲ့ သူကွယ်လွန်
တာနဲ့ပတ်သက်လို့ စာရေးဆရာ၊ ကဗျာဆရာ
တွေရဲ့ အမှတ်တရ တုံ့ပြန်စကားတွေ စုစည်း
မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

ဆရာမကြီး လူထုဒေါ်အမာဟာ ဒီကနေ့မနက်
၈ နာရီခွဲကျော်က မန္တလေးဆေးရုံကြီးမှာ
နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ လူထု
ဒေါ်အမာဟာ ကွယ်လွန်ချိန်မှာ အသက်
၉၃ နှစ်ရှိပါပြီ။ လူထုဒေါ်အမာ ကွယ်လွန်ခဲ့တာနဲ့ပတ်သက်လို့ သားအငယ်ဆုံးဖြစ်သူ
ကိုငြိမ်းချမ်းခေါ် စာရေးဆရာ ညီပုလေးက အခုလို အတည်ပြုပြောပါတယ်။

“မနက် ၈ နာရီ ၃၇ မှာ ကွယ်လွန်တာပါ။ နှလုံးဆောင်မှာပါ။ အသက် ၉၃ နှစ်အရပေါ့။
ဆေးရုံ နှလုံးရောဂါကုဌာနမှာ ဆုံးပါတယ်။”

ဈာပနအစီအစဉ် ဘယ်လိုလုပ်ထားလဲခင်ဗျ။

“သန်ဘက်ခါ ၁၀ နာရီ ကြာနီကန်မှာ မီးသဂြုႋဟ်မယ်။ ကျနော်တို့ အမေ့ကို ချစ်တဲ့
ခင်တဲ့လူ များမှန်းတော့သိပါတယ်။ ဒါပေမယ့် အခု လက်တွေ့ နဖူးတွေ့ ဒူးတွေ့ကြုံရ
တော့ အမေသာ သူ့ကိုချစ်တဲ့ခင်တဲ့လူတွေ အများကြီး၊ တစုတဝေးကြီးမြင်ရင် ဘယ်လို နေရှာမှာပါလိမ့်လို့ စိတ်ထဲက အောက်မေ့မိတယ်။ တကယ်တော့ ကျနော့်အနေနဲ့
အမေ မဆုံးစေချင်သေးဘူးပေါ့ဗျာ။ ရှေ့လျှောက် အလုပ်တွေက အများကြီးလုပ်ကြရ
ဦးမှာ။ ကျနော်တို့မြို့ကလူတွေကတော့ အမေရှိရင် တအားပဲလို့ ခံစားရပါတယ်။ အသက်ရှည်စေချင်တာပေါ့။”

လူထုဒေါ်အမာရဲ့သားငယ် စာရေးဆရာညီပုလေး ဖြစ်ပါတယ်။ လူထုဒေါ်အမာဟာ
မွေးချင်း ၁၂ ဦးထဲက ၄ ဦးမြောက်ဖြစ်ပြီး ငယ်နာမည်က မအမာဖြစ်ပါတယ်။ လူထု
ဒေါ်အမာရယ်လို့ စာပေနယ်ထဲ ဝင်ရောက်လာပုံကို စာရေးဆရာ အယ်ဒီတာ ညီစေမင်း
က အခုလိုပြောပါတယ်။

“လူထုဒေါ်အမာကို ၁၉၁၅ နိုဝင်ဘာ ၂၉ ရက်နေ့မှာ အဖ ဦးထင်၊ ဒေါ်စုတို့က မန္တလေး
မြို့ လက်ဆည်ကန်မှာ မွေးဖွားခဲ့တယ်။ သူက မူလတန်းမှာ ဒေါ်စောအုံ တည်ထောင်တဲ့ အမျိုးသမီးကျောင်းမှာ ကျောင်းနေခဲ့ပါတယ်။ ကျနော်တို့ ဖေ၊ ပု၊ ရှိန်ထဲက ဦးထွန်းရှိန်
ရဲ့အစ်မ ဒေါ်စောအုံရဲ့ကျောင်းမှာ မူလတန်းကျောင်းသူဘဝနဲ့ နေခဲ့တယ်။ ဂျီစီဘီအေ
အကွဲမှာ အဲဒီကျောင်းပျက်သွားတော့ လူထုဒေါ်အမာက ABM (American Baptist
Mission School) မှာ ပြောင်းပြီးတက်တယ်။ အမျိုးသားအထက်တန်းကျောင်း ပေါ်လာ တဲ့အခါကျတော့ အမျိုးသားအထက်တန်းကျောင်း ပြောင်းတက်ပြီး အဲဒီကနေမှ ၁၉၃၆
လောက်မှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တယ်။

“တက္ကသိုလ်ရောက်တဲ့အခါ သူ စပြီးတော့ Maurice Collis ရဲ့ Trials in Burma ဆိုတဲ့
စာအုပ်ကို စပြီး ဘာသာပြန်တယ်။ အဲဒီကနေ သူ စာပေလောကထဲ စရောက်လာတယ်။
၁၉၃၉ ခုနှစ်မှာ လူထုဦးလှနဲ့ အိမ်ထောင်ကျပြီး လူထုဦးလှ ရန်ကုန်မှလုပ်နေတဲ့ ကြီးပွားရေးစာအုပ်တိုက်ကို ဒီမှာဆက်လုပ်ရင်း စာပေလုပ်ငန်းတွေ လုပ်ကြတယ်။”

လူထုဒေါ်အမာဟာ သတင်းစာဆရာ၊ စာရေးဆရာအဖြစ်နဲ့ အစိုးရအုပ်ချုပ်သူအဆက်
ဆက်ရဲ့ အငြိုအငြင်တွေကိုလည်း ခံခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ လူထုဦးလှ၊ သားဖြစ်သူ ကိုငြိမ်းချမ်းတို့နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပါတယ်။ ဒေါ်အမာဟာ ၁၃၀၀ ပြည့်
အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ နာမည်တွင်တဲ့ ၁၉၃၆ ကျောင်းသားသပိတ်မှာ
ဦးဆောင်ပါဝင်ခဲ့တဲ့ အမျိုးသမီးကျောင်းသူလည်း ဖြစ်ပါတယ်။ စာရေးဆရာကြီး ဒဂုန်
တာရာက လူထုဒေါ်အမာရဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာတွေကို အခုလို အမှတ်တရပြောပြပါတယ်။

“လူထုဒေါ်အမာ ဆုံးသွားတယ်ကြားတော့ ကျနော် တော်တော်စိတ်ထိခိုက်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ဟာ နိုင်ငံရေးအရ အင်မတန် သိမ်မွေ့တဲ့အချိန်အခါ ဖြစ်နေတဲ့အခါမှာ ဆုံးသွားတယ်လို့ကြားရတော့ သူ့ရဲ့ ပြည်သူတွေအတွက် လုပ်ဆောင် ချက်တွေကိုလည်း သွားသတိရတဲ့အတွက် စိတ်မကောင်းလည်း ဖြစ်တယ်၊ တနည်း
အားဖြင့် နှမြောတသတဲ့စိတ်ကလေး ဝင်လာတယ်။

“၁၉၃၅-၃၆ ကျောင်းသားသပိတ်မှာ စပြီး ဒေါ်အမာကို ကျနော် မြင်ဖူးတာပါ။ အဲဒီ
အချိန်တုန်းက ကျနော် ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဂျူဗလီဟောမှာ
ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းရေးညီလာခံမှာ
ဒေါ်အမာ အဆိုတရပ်တင်တယ်။ အဲဒီကစပြီး သူ့ကို တွေ့ဖူးတာပဲ။”

လူထုဦးလှ၊ လူထုဒေါ်အမာတို့မှာ သားသမီးငါးဦး ထွန်းကားပါတယ်။ ကိုစိုးဝင်း၊
ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း ခေါ် စာရေး
ဆရာ ညီပုလေးတို့ ဖြစ်ပါတယ်။ သားအကြီးဆုံး ကိုစိုးဝင်းကတော့ ဗမာပြည်ကွန်မြူနစ်
ပါတီကို တောခိုခဲ့ပြီး တောထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ တတိယမြောက် သားဖြစ်
သူ ရဲဘော်ဖိုးသံချောင်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီမှာပဲ ရှိနေဆဲပါ။ နိုင်ငံရေး
ကြောင့် မိသားစုတစုလုံး အကွဲကွဲအပြားပြားဖြစ်ခဲ့ရပေမယ့် လူထုဒေါ်အမာကတော့ နောက်ဆုံးအချိန်အထိ နိုင်ငံရေးအရ ခိုင်မာပြီး လူထုဘက်က ရပ်တည်ရေးသားတာ
တွေ၊ ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။ ဗကပမှာရှိတဲ့ သားဖြစ်သူ ရဲဘော်ဖိုးသံချောင်း
ကတော့ မိခင်ဖြစ်သူနဲ့ ပြန်တွေ့ရမယ်လို့ အောက်မေ့ထားခဲ့တာပါလို့ ပြောပါတယ်။

“ဒါ အမှန်အတိုင်းပြောတာပါ။ ကျနော့်အမေနဲ့ ကျနော် ပြန်တွေ့ရဦးမယ်လို့ မျှော်နေ
တယ်၊ အောက်မေ့မိတယ်။ အမေကလည်း အဲဒီလိုပဲ အောက်မေ့မိတယ်။ အမေက
လည်း အဲဒီလိုပဲ ပြောလေ့ရှိတယ်။ ဆိုလိုတာက အမေက ဒီမိုကရေစီအရေးတော်ပုံကြီး
ဟာ သူမသေခင်ဘဲ အောင်မြင်လိမ့်မယ်လို့ သူယုံကြည်တာ။ ကျနော်လည်း သူနဲ့အတူ
တူပဲပေါ့။ တခြားနည်းမရှိဘူးဆိုတာ သူသိပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ
သိပ်မကြာခင် သူ့တသက်အတွင်း အောင်ပွဲရမယ်လို့ သူထင်တယ်။ ဒါပေမယ့် အခု
တော့ အဲဒီလိုမဟုတ်ဘဲ သူက အရင်ထွက်ခွာသွားပြီဆိုပြီး ဖြစ်တာပေါ့လေ။ ဒီလိုပုဂ္ဂိုလ်
တွေကို တိုက်ပွဲတွေထဲက ထပ်ပြီးမွေးထုတ်ပေးဖို့လိုတယ်၊ ထပ်ပြီး ပေါ်လာဦးမယ်လို့ပဲ ယုံကြည်ပါတယ်။”

ကိုဖိုးသံချောင်းတို့ မိသားစုနဲ့ပတ်သက်လို့ ဆရာမကြီးနဲ့ လူထုဦးလှဆိုရင် ထောင်
လည်း ခဏခဏကျဖူးတယ်။ ကိုဖိုးသံချောင်းတို့ ညီအစ်ကိုတွေဆိုရင်လည်း ထောင်ကျ
တဲ့လူကျ၊ တောခိုတဲ့လူခို၊ ဒီလို တကွဲတပြားစီဖြစ်ခဲ့တဲ့ အခြေအနေမှာရော ဆရာမကြီး
အနေနဲ့ ဘာများ ပြောသံကြားခဲ့ဖူးလဲခင်ဗျ။

“ကျနော် ထောင်ကထွက်လာတုန်းက ပြောခဲ့တာပေါ့။ ကျနော် ထောင်ထဲမှာနေတုန်းက
သူတို့ တခါမှ ကျနော့်ကိုလွှတ်ပေးပါဆိုတာမျိုး တခုမှ မပြောခဲ့ဖူးဘူးလို့ ပြောပါတယ်။
အဲဒါ သူတို့သဘောထားပါ။ ကျနော်တို့အားလုံး ကိုယ့်ယုံကြည်ချက်အပေါ် ကိုယ်လုပ်နေ
တာကို အမေရော၊ အဖေရောက ထောက်ခံပါတယ်။ ကျနော်တို့ကို ကိုယ်ချင်းစာမှုမဲ့စွာ
နဲ့ မိသားစု ပြန်လည်ဆုံစည်းရေးကိုပဲ ဦးစားပေးပြီးလုပ်တာမျိုး မဖြစ်စေချင်ဘူး။ သူ
မတောင်းဆိုပါဘူး။ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု၊ သူတို့ရဲ့ စံကျတဲ့နေထိုင်မှု၊ ပြောဆိုမှု
တွေ အဲဒါတွေက ခေါင်းထဲဝင်နေတာပါ။”

သတင်းစာဆရာ စာရေးဆရာ မောင်ဝံသကတော့ လူထုဒေါ်အမာတို့ဟာ အစိုးရတွေရဲ့ အတိုက်အခံလိုမျိုး ရပ်တည်ပြီး တောက်လျှောက်ရှိခဲ့တာပါလို့ ပြောပါတယ်။

“ဆရာမကြီးက အမြဲတမ်း အာဏာရတဲ့အသိုင်းအဝိုင်းနဲ့တော့ မနီးစပ်ဘူး။ လူထုဦးလှ
ရော လူထုဒေါ်အမာရော နှစ်ယောက်လုံးက အတိုက်အခံ နိုင်ငံရေးဘဝမှာ နေခဲ့ကြရ
တာ။ သူတို့အားပေးထောက်ခံတဲ့ အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် နိုင်ငံရေးအဖွဲ့အစည်း
တွေကလည်း တိုးတက်တဲ့အယူအဆရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ အဲတော့ သူတို့ တလျှောက်လုံးမှာ သတင်းစာမှာရော၊ စာနယ်ဇင်းလောကမှာရော သူတို့ နာတဲ့ဘက်
ကပဲ၊ အနစ်နာခံရတဲ့ဘက်ကပဲ ဖြစ်နေတယ်။”

ဒေါ်အမာရဲ့ သတင်းစာအရေးအသားတွေ၊ စာအရေးသားတွေဟာ အခြား လူငယ်
သတင်းစာဆရာ၊ စာရေးဆရာတွေအတွက် စံနမူနာဖြစ်စေတယ်လို့ ဆရာမောင်ဝံသ
နဲ့ ကဗျာဆရာကြည်အောင်တို့က အခုလိုပြောပါတယ်။

“ဒေါ်ဒေါ်မာက သတင်းစာဆရာ၊ စာရေးဆရာတွေထဲမှာတော့ စံနမူနာပေါ့။ တကယ်ကို တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်မှာဆိုရင် ဒေါ်ဒေါ်မာရဲ့ တန်ဖိုးရှိတဲ့စကားတွေ၊
သူရေးတာတွေ၊ ပြည်သူတွေနဲ့အတူတူ သူခံစားရတာတွေ၊ အဲဒါတွေကို ကျနော်တို့
စံနမူနာ ယူကြရတာပေါ့။”

“ဒေါ်ဒေါ်ရဲ့စာအုပ်တွေ ဖတ်တဲ့အခါ စာရေးဆရာတယောက်သုံးတဲ့ ဝေါဟာရတွေ၊
ဒေါ်ဒေါ်ဟာ မန္တလေးသူဖြစ်နေတော့ မန္တလေးသူ၊ မန္တလေးသားတွေသုံးတဲ့ ဝေါဟာရ
တွေ၊ ဒေါ်ဒေါ်ဟာ ကမ္ဘာ့စာပေနှံ့စပ်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ ကမ္ဘာ့စာပေထဲက အသုံးအနှုန်း
တွေ၊ အဲဒီဝေါဟာရတွေကို ကျနော် စုဆောင်းပြီး စာတမ်းတခုတင်ချင်တဲ့စိတ် ရှိခဲ့ပါ
တယ်။”

ဆရာမကြီး လူထုဒေါ်အမာဟာ ခင်လဝင်း၊ မြမဉ္ဇူ၊ အမာ၊ ဇမ္ဗူဒီပါ အောင်ထွန်း၊ အင်းလျားကျောင်းဆောင်သူတဦး၊ ဖိုးသာအောင် စတဲ့ အခြားကလောင်ခွဲတွေနဲ့လည်း စာတွေရေးခဲ့ပါတယ်။ သူ့ရဲ့ ပြည်သူချစ်သော အနုပညာသည်များစာအုပ်နဲ့ ၁၉၆၆ ခုနှစ်
စာပေဗိမာန် အနုပညာစာပေဆု ရရှိခဲ့ပါတယ်။ သတင်းစာဆရာမတဦးအနေနဲ့ ဆိုဗီ
ယက်ရုရှား၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမဏီ၊ တရုတ်နိုင်ငံတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် လူထုသတင်းစာ ရပ်ဆဲခံရတဲ့နောက်ပိုင်း ပုံနှိပ်တိုက်နဲ့ စာအုပ်ထုတ်ဝေရေး၊ စာပေရေးသားတာတွေကို လုပ်ကိုင်ခဲ့ပါတယ်။ အခု စစ်အစိုးရ လက်ထက်မှာတော့ သတင်းဌာနတွေကို စစ်အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်တာတွေ
အပေါ် နိုင်ငံရေးအရ ဝေဖန်ပြောဆိုမှုတွေ လုပ်ခဲ့တာကြောင့် နောက်ပိုင်းမှာဆိုရင် လူထုဒေါ်အမာရဲ့စာတွေဟာ အာဏာပိုင်တွေဘက်က မကြာခဏဆိုသလို ပိတ်ပင်တာ
တွေ ခံရပါတယ်။

အခုလို လူထုဒေါ်အမာ ကွယ်လွန်သွားတာဟာ တိုင်းပြည်အကျိုး၊ အများအကျိုး ဆောင်
ရွက်ခဲ့သူတဦး ဆုံးရှုံးမှုအဖြစ် ပြောဆိုလိုက်တဲ့ နောက်တဦးကတော့ နာမည်ကျော်
ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီ၊ ကာတွန်း အနုပညာရှင်တဦးဖြစ်တဲ့ ဆရာ
ဦးဝင်းဖေပါ။ လူထုဒေါ်အမာ သက်ရှိထင်ရှားရှိစဉ်ကာလ ထင်ထင်ရှားရှား ဆောင်ရွက် ခဲ့တာတွေနဲ့ပတ်သက်လို့ ဆရာဦးဝင်းဖေကို ကိုအောင်လွင်ဦးက မေးမြန်းရာမှာ ဆရာ
က အခုလိုပြောပြပါတယ်။

“လူထုဒေါ်အမာ ပြောဆိုဆုံးမသွားတာတွေကတော့ အများကြီးပဲဗျ။ ဒါပေမယ့် သူက အရေးကြီးဆုံးပြောတာက လူတယောက် အသက်ရှင်နေတဲ့အခါမှာ အဲဒီလူရဲ့တန်ဖိုးဟာ အများအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး ဘယ်လောက်အထိ ဆောင်ရွက် နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်တဲ့။ သူ အဲဒါကို ယုံကြည်တယ်တဲ့။ အဲဒါ သူ့
ယုံကြည်ချက်ပဲ။ အဲတော့ လူထုဒေါ်အမာ အသက်ရှင်နေသရွေ့ သူက အဲဒါကို တတ်နိုင်
သမျှ ကြိုးစားပြီးလုပ်တယ်။ သူ့ပတ်ဝန်းကျင်ကိုလည်း အဲဒီအကြောင်းကို ပြောတတ်
တယ်။ လူငယ်တွေဆိုရင်လည်း အဲဒီအကြောင်းလေး တိုတိုတုတ်တုတ်နဲ့ ဆုံးမတတ်
တယ်။ သူဆုံးမတာတွေတော့ အများကြီးပေါ့။ အရေးကြီးဆုံးကတော့ ဒီအချက်ပဲ။
ဒီအချက်ဟာ ခေတ်သစ်နိုင်ငံရေးသဘောတရားလည်း ဖြစ်ပါတယ်။ လူထုဒေါ်အမာ
လည်း အဲဒါနဲ့တသက်လုံး သူသေခါနီးထိတောင်မှ တိုင်းပြည်အကျိုး၊ အများအကျိုး ဆောင်ရွက်သွားတာပဲ။ ဒါကတော့ အရေးအကြီးဆုံးအဖြစ် ပြောချင်တာပါပဲ။”

ဆရာ့အနေနဲ့ရော အမေမာနဲ့ပတ်သက်လို့ မှတ်မှတ်ရရကျန်ခဲ့တာ ဘာတွေများ ရှိပါလဲ။

“ကျနော့်အနေနဲ့ မှတ်မှတ်ရရပြောရလို့ရှိရင် ကျနော် လူထုတိုက်မှာ သရုပ်ဖော် ပန်းချီ
ဆရာအဖြစ်၊ ကာတွန်းဆရာအဖြစ် ဝင်တဲ့အချိန်မှာ ပထမဆုံး ကျနော်ကာတွန်းရေးရ
မယ့် လမ်းညွှန်ပေါ်လစီကို သူက ပြောပြတယ်။ အဲဒါဘာလဲဆိုတော့ မောင်ဝင်းဖေတဲ့၊
မင်း သတင်းစာကာတွန်းအနေနဲ့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောင်လှောင်ပြီးရေးတော့မယ်
ဆိုရင် အရေးခံရတဲ့ လူကိုယ်တိုင်က အော် ငါကလည်း ငါပဲကို၊ သူရေးမယ်ဆိုရင်လည်း ရေးပေမှာပဲလို့ လက်ခံနိုင်တဲ့အခြေအနေရှိအောင် မင်းရေးပါတဲ့။ အဲဒါ မင်းအတွက် ကာတွန်းလမ်းညွှန်ပေါ်လစီပဲဆိုပြီးတော့ အလွန်ကျယ်ပြန့်ပြီး သိမ်မွေ့တဲ့ လမ်းညွှန်ချက်
ကို ပြောပါတယ်။

“အဲဒါကို သူက နမူနာလေးနဲ့ပြောပြီးပေးတယ်။ သူနဲ့ ကာတွန်းဘဂျမ်းနဲ့က တချိန်တည်း ကျောင်းတက်တာ၊ သူငယ်ချင်းတွေတဲ့။ သူက လက်ဝဲဝါဒကို ယုံတယ်တဲ့။ ဦးဘဂျမ်းက
လက်ဝဲဆန့်ကျင်တယ်တဲ့။ ဒါပေမယ့် ဦးဘဂျမ်း လက်ဝဲသမားတွေကို ပြောင်လှောင်ရေး
တဲ့ ကာတွန်းတွေကို သူ ဘယ်တော့မှ မကြိုက်ဘဲ မနေနိုင်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့
ခုနကလို အရေးခံရတဲ့ လူကိုယ်နှိုက်ကကို အော် ငါကလည်း ငါပဲကိုဆိုတဲ့အနေနဲ့ ဖြစ်
အောင်ကို ရေးနိုင်လို့တဲ့။ သူနဲ့မတဲ့တဲ့လူကိုတောင် နမူနာထားပြီး ဆုံးမတယ်ဗျ။
ဒီအကြောင်းကို ကျနော်က တသက်လုံး မှတ်မိနေတယ်။”

နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန် ဆုံးပါးသွား
တဲ့အပေါ် ဆရာမကြီးနဲ့ ရင်းနှီးသူတဦးဖြစ်တဲ့ ဆရာဦးဝင်းဖေက ပြောဆိုသွားခဲ့တာပါ။

XS
SM
MD
LG