သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတလောင်း ယှဉ်ပြိုင်သူတွေ အီရတ်စစ်ဦးစီးချုပ်ရဲ့ အထက်လွှတ်တော် ကြားနာပွဲကို တက်ရောက်


အမေရိကန်ပြည်ထောင်စုမှာ သမ္မတလောင်း
အဖြစ် အမည်စာရင်းတင်သွင်းဖို့ အဓိက
ယှဉ်ပြိုင်နေတဲ့သူတွေ မနေ့က ဆီးနိတ်
လွှတ်တော်မှာ ကျင်းပတဲ့ အီရတ်အရေး
အဓိကကြားနာပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။ ရီပတ်ဘလင်ကန် အထက်လွှတ်တော်အမတ်
ဂျွန်မက်ကိန်း (John McCain)၊ ဒီမိုကရက် အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့
ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့
ဘားရက်ခ် အိုဘားမား (Barack Obama) တို့
အီရတ်မှာရှိတဲ့ အမေရိကန် ထိပ်တန်းစစ်ဦးစီး
ချုပ်ကို လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ကြပါ
တယ်။ သမ္မတအဖြစ်၊ စစ်ဦးစီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရမယ်ဆိုရင် စစ်ကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။ အမေရိကန်
လွှတ်တော်ကနေ Deborah Tate သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

အထက်လွှတ်တော်အမတ် မက်ကိန်းဟာ ရီပတ်ဘလင်ကန်ရဲ့ အထက်လွှတ်တော်
လက်နက်ကိုင် ဝန်ထမ်းရေးရာကော်မတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်လည်း
ဖြစ်ပါတယ်။ အခုလို အီရတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီရော့ (David
Petraeus) ဆီးနိတ်ဆွေးနွေးပွဲမှာ ဝင်ပြီးဆွေးနွေးတဲ့အချိန်မှာ ဂျွန်မက်ကိန်းကတော့
အီရတ်ကနေ တပ်ဖွဲ့တွေဆုတ်ခွာရေးကိစ္စကို သူ့အနေနဲ့ ကန့်ကွက်ပြောဆိုသွားပါတယ်။ တပ်တွေမဆုတ်ခင် အီရတ်မှာ လုံခြုံရေးအရ လုံလောက်တဲ့ အခြေအနေအထိ ထူထောင်နိုင်ဖို့လိုတယ်လို့ ပြောပါတယ်။

“အကျိုးဆက်တွေကို လျစ်လျုရှုပြီး ဘာဖြစ်ဖြစ် တပ်တွေ ရုပ်သိမ်းပေးမယ်ဆိုတာမျိုးက
နိုင်ငံရေးအရ ရှုံးတဲ့အပြင် ဓိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဦးစီးဦးဆောင်လုပ်နေတာတွေ
ဆုံးရှုံးအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်” ဆိုပြီး ဂျွန်မက်ကိန်းက ပြောသွား
တာပါ။

အချိန်မကျသေးဘဲနဲ့ တပ်တွေ စောပြီးရုပ်သိမ်းမယ်ဆိုရင် အီရတ်မှာ အုပ်စုစွဲ၊ ဂိုဏ်း
ဂဏစွဲ တင်းမာမှုတွေ ပိုတိုးလာအောင် မီးထိုးပေးသလို ဖြစ်လိမ့်မယ်လို့ သူက ပြောဆို
ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေမယ့် ပြည်တွင်းစစ်အထိ
ဖြစ်သွားနိုင်တယ်လို့ ပြောသွားပါတယ်။

ဆီးနိတ်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ကတော့ ဂျွန်မက်ကိန်းရဲ့ နာမည်ကို ထုတ်မပြောပါဘူး။ ဒါပေမယ့် အမေရိကန်သမ္မတ ဘုရှ်အစိုးရရဲ့ မူဝါဒကို ထောက်ခံသူ
တွေက အီရတ်ကနေ ဆုတ်ခွာမယ်ဆိုရင် ကုန်ကျမယ့်၊ ပေးဆပ်ရမယ့် အရာတွေကို
သာ ပြောနေကြတာ၊ မအောင်မြင်တဲ့မူဝါဒကို ဆက်ပြီးထောက်ခံနေမယ်ဆိုရင် အကြီး
အကျယ် ကုန်ကျမယ့်ကိစ္စတွေကို မသိကျိုးကျွံ လုပ်နေကြတယ်လို့ ပြောပါတယ်။

“အခုအချိန်ဟာ ကျမတို့တပ်ဖွဲ့တွေကို စနစ်တကျနဲ့ ဆုတ်ခွာရေးလုပ်ငန်းစဉ်တွေ စပြီး လုပ်ရမယ့်အချိန်လို့ ကျမထင်ပါတယ်။ ကျမတို့စစ်တပ်ကို ပြန်လည်တည်ဆောက်ပြီး အာဖဂန်နစ္စတန်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာရုံစူးစိုက်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ ကမ္ဘာတဝှမ်း အကြမ်းဖက်သမားတွေကို
ပိုပြီး အလေးထား စူးစိုက်ရမယ့်အချိန်ပါ။”

ဆီးနိတ်လွှတ်တော်အမတ် ဘားရက်ခ်အိုဘားမားကလည်း ဟီလာရီ ကလင်တန်လို
အလားတူ အီရတ်ကတပ်တွေ ဆုတ်ခွာရေးကို အဓိက ပြောဆိုသွားပါတယ်။ သမ္မတ
အဖြစ် ရွေးချယ်တင်မြှောက်ခံရရင် တပ်တွေ ချက်ချင်းဆုတ်ခွာရေးကို အဓိကလုပ်ကိုင်
မယ်လို့ ကတိပေးပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG