သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဒေါ်အမာ နောက်ဆုံးခရီး စည်ကားသိုက်မြိုက်စွာ ပို့ဆောင်


မန္တလေးမြို့က သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာကို ဒီကနေ့ မန္တလေး ကြာနီကန် သုဿန်မှာ မီးသင်္ဂြိုလ်ပြီး ကျန်ရှိတဲ့ အရိုးပြာကိုတော့ ဧရာဝတီမြစ်ထဲ မျှောလိုက်ပါပြီ။ ဒီကနေ့ ရန်ကုန် မန္တလေးနဲ့ အနယ်နယ် အရပ်ရပ်က လူထုဒေါ်အမာကို လေးစားသူ ထောင်နဲ့ ချီပြီးတော့ လူထုဒေါ်အမာရဲ့ နောက်ဆုံး ဈာပနခရီးကို လိုက်ပါ ပို့ခဲ့ကြပါတယ်။

ဆရာမကြီး လူထုဒေါ်အမာရဲ့ ဈာပနသတင်း စုံစမ်း မေးမြန်းထားသမျှကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ကားတန်း တရာကျော် ဆိုက်ကယ်ပေါင်းများစွာ လူပေါင်း ထောင်နဲ့ချီပြီး ဆရာမကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခဲ့တာကြောင့် မန္တလေးမြို့မှာတော့ လမ်းတွေ ပြည့်နှက်သွားတယ်လို့ ဆိုရမှာပါ။ ကားလမ်းတလျှောက်မှာလည်း သက်ဆိုင်ရာက လမ်းရှင်း ကူညီပေးတာတွေ ရှိသလို စာပေအနုပညာနယ်က ပုဂ္ဂိုလ်တွေ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ အားလုံးက အေးအေးချမ်းချမ်းပဲ ဆရာမကြီးရဲ့ ဈာပနကို လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ ဆရာမကြီးရဲ့ ကျန်ရှိတဲ့ အရိုးပြာကိုတော့ မော်တော်နဲ့ ဧရာဝတီမြစ်လယ်မှာ မျှောခဲ့ပါတယ်။ ဒီကနေ့ လုပ်ခဲ့တဲ့ဈာပနအစီအစဉ်ကိုတော့ သားအငယ်ဆုံးဖြစ်သူ ကိုငြိမ်းချမ်း ခေါ် စာရေးဆရာ ညီပုလေးက အခုလို ပြောပါတယ်။

“၈နာရီမှာ သံဃာ ၁၁ ပါးနဲ့ သရဏဂုံတင်တယ်။ နောက် လှူဖွယ်တွေ လှူတာပေါ့။ မစိုးရိမ်တိုက်က ဆရာတော် ဦးရာဇဓမ္မက ရေစက်ချ တရားချီးမြှင့်တယ်။ (၁၀)နာရီမှာ အသုဘ အခမ်းအနား စတယ်။ (၁၁)နာရီလောက်မှာ သုဿန်ရောက်တယ်။ မီးသင်္ဂြိုလ်စက်ကနေ နေ့လည် ၁၂နာရီ ၁၅လောက်မှာ အရိုးပြာကျလာတယ်။ (၁)နာရီခွဲမှာ အရိုးပြာကို မြစ်လည်ခေါင်မှာ မျှောတယ်။ မရမ်းခြံဆိပ်ကနေ မော်တော်နဲ့ မြစ်လည်ခေါင်ကို သွားတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဆီက သင်္ဃန်းနဲ့ ပန်းခွေပို့တယ်လို့လည်း ကြားရတယ်။

“ပို့တယ်ခင်ဗျ။ သင်္ဃန်းပို့ချင်တာ ခွင့်ပြုချက်ရမှ ဖြစ်လို့ ခွင့်ပြုလိုက်တယ် ကြားတယ်။”

ဈာပနပွဲကို တတ်လာသူတွေကတော့ ခန့်မှန်းချေအရ ထောင်ဂဏန်းလောက်ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးကို မေးကြည့်ပါတယ်။

“ခန့်မှန်းကတော့ခက်တယ်။ ထောင်ချီ သောင်းဂဏန်းပေါ့။”

ဒီနေ့ အာဏာပိုင်တွေဘက်က ကူညီတာမျိုး၊ ဒါမှမဟုတ် စောင့်ကြပ်တာမျိုးတွေ ရှိသလားခင်ဗျ။

သူတို့ တာဝန်အရတော့ ရပ်ကြည့်တာတွေရှိတာပေါ့။ ဘယ်သူဘယ်ဝါဆိုတာက ကျွန်တော်တို့လည်း မသိပါဘူး။ ထူးထူးခြားခြားတော့ သိပ်အနှောက်အယှက်တော့ မရှိပါဘူး။”

အေးအေးချမ်းချမ်းပဲလားခင်ဗျ။ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေလည်းလာကြတယ်လို့ကြားတယ်။

“လူအစုံပါပဲ။ ရန်ကုန်ကနေ သခင်အုန်းမြင့်တို့ကအစ ကျောင်းသားအဖွဲ့တွေလည်း လာကြပါတယ်။ မြို့မိမြို့ဖတွေရော အစုံပါပဲ။ ရှေ့မှာ ဆိုင်ကယ်တန်းတွေနဲ့။ အစုံပါပဲ။ အမေ့ကို အကုန် ချစ်ကြတာ ဆိုတော့ အရပ်သူအရပ်သားတွေရော အကုန်လုံးပါပဲ။ အဖွဲ့အစည်းပေါင်းစုံ၊ အဖွဲ့အစည်းမှာ အမည် မခံသူတွေရော။ ရန်ကုန်က ဂျာနယ် အယ်ဒီတာချုပ်တွေကအစ၊ စာရေးဆရာတွေ တော်တော် များများ ရောက်ကြတယ်။ မှီသလောက်ပေါ့။ မနက်ဆိုရင် အမြန် လေယာဉ်နဲ့ ရထားနဲ့ ကားနဲ့ စိုက်ပြီး တန်းလာကြတာတွေပေါ့။”

ဆရာမကြီး ဒေါ်အမာရဲ့ သားတပည့်တဦးလိုဖြစ်တဲ့ စာရေးဆရာ အယ်ဒီတာ မောင်မိုးသူကတော့ အခု ဈာပနမြင်ကွင်းကိုကြည့်ပြီး အတော်လေးခံစားမိတယ်လို့ ပြောပါတယ်။

“ကျွန်တော့် အမေရဲ့ နောက်ဆုံးခရီးစဉ်မှာ ဒီလိုကြီး စည်စည်ကားကား သိုင်းသိုင်းဝန်းဝန်းနဲ့ လူစုံတက်စုံ ပြောရမှာပေါ့။ နယ်အသီးသီးကရော ရန်ကုန်ကရော သူ့ကို ချစ်တဲ့သူတွေ အကုန်လုံး လောက်လာကြတာပါပဲ။ မြင်ကွင်းကို ကြည့်ပြီးတော့ ကျွန်တော့် ရင်ထဲမှာ ခံစားရပါတယ်။ တချိန်ထဲ မှာတော့ ဘာကို ပြသလဲဆိုရင် အမေ့ရဲ့ စိတ်ဆန္ဒနဲ့ ဝိဉာဉ်ဟာ တိုင်းပြည်ကို ဆက်လက် ဦးဆောင်ပြီး သွားမှာပဲလို့ ကျွန်တော့်စိတ်ထဲမှာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကားတန်းကြီး သွားတဲ့အခါမယ် လမ်းတွေ ပိတ်ဆို့တဲ့အခါမယ် ပိတ်ဆို့ခံရတဲ့သူတွေက အော် ဒေါ်အမာ့ရဲ့ ဈာပနပဲ ဆိုတော့ မကျေမနပ်မဖြစ်ကြဘဲ ကြည်ကြည်ဖြူဖြူ ဖြစ်တာကို တွေ့ရတယ်။ အင်မတန် ထူးခြားတဲ့ မြင်ကွင်းပါပဲ။”

ဈာပနကို တက်ပြီး ပန်းခွေပို့တဲ့အထဲမှာ မန္တလေးမြို့က လူရွှင်တော် ပါပါလေးတို့လည်း ပါပါတယ်။ ဒါပေမယ့် သဘင်အစည်းအရုံးလိုမျိုး အနုပညာအစည်းအရုံးတွေဖက်က ပန်းခွေပို့တာမျိုး ဈာပန လာရောက်တာမျိုး မရှိဘူးလို့ သူက ပြောပါတယ်။

“လူထုပရိသတ်ကတော့ အများကြီးဗျာ။ သုဿန်မှာလည်း ပြည့်ညပ်သွားတာပဲ။ ကားတောင် ထားစရာ မရှိတော့ဘူး။ ပန်းခွေပန်းချင်းတွေကတော့ အများကြီးပဲ။ စာပေလောကဗျာ။ အနုပညာရှင် လောက ကတော့ လူရွှင်တော်နှုတ်ခမ်းမွှေး ပါပါလေး မိသားစုပေါ့ဗျာ။ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ မြို့မတီးဝိုင်း၊ ဋ္ဌာနဆိုင်ရာတွေ တော်တော်လေး ပါပါတယ်။ အမှန်ကတော့ အနုပညာ အစည်းအရုံးကနေပြီးတော့ ဒီလို မိခင်မျိုးကို ပို့သင့်တာပေါ့ဗျာ။ သဘင် အစည်းအရုံးရှိတယ်လေ။ လူထုခေါင်းဆောင် မိခင်ကြီး အမာဆီ ဒေါ်အောင်ဆန်းစုကြည်တောင် ပန်းချင်း လှမ်းပို့တာဗျာ။”

သားအငယ်ဆုံးဖြစ်သူ ကိုငြိမ်းချမ်း ခေါ် စာရေးဆရာ ညီပုလေးကတော့ မိခင်ဖြစ်သူရဲ့ဈာပနမှာ မိခင်ဖြစ်သူအပေါ် အများက လေးစားကြည်ညိုမှုရှိတာတွေကို လက်တွေ့ မြင်တွေ့ လိုက်ရသလို ပါပဲလို့ ပြောပါတယ်။

“အမေ့အပေါ် စေတနာ မေတ္တာ ဘယ်လောက်ရှိသလဲဆိုတာ ဒီနေ့ နာရေးအခမ်းအနားက ထင်ထင် ရှားရှား မြင်ရတဲ့အတွက် မိသားစုက ဝမ်းလည်းသာတယ်။ ဝမ်းလည်းနည်းတယ်။ ဝမ်းနည်းတာ တော့ အမေဆုံးတဲ့အတွက် ဝမ်းနည်းတာ။ ဝမ်းသာတာကတော့ အမေ့ပေါ်မှာ မေတ္တာ စေတနာ ထားတဲ့ သူတွေ အများကြီးတွေ့ရလို့ပါ။ တချို့ ပုဂ္ဂိုလ်တွေဆိုရင် ထွက်ပြီးတော့တောင်မှ လက်အုပ်ချီ ကြတာကို တွေ့ရတယ်။ ကျားမကြီးငယ်မရွေးပါဘဲ ထွက်ပြီး လက်အုပ်ချီကြတယ်။ ပန်းခွေပန်းချင်းတွေ လည်း အများကြီးပါပဲ။ ထူးခြားတာကမော်တော်ဆိုက်ကယ်နဲ့ လိုက်ပို့တာတွေလည်း အများကြီး။ ”

လူထုဒေါ်အမာရဲ့ ကျွင်းကျန်တဲ့ အရိုးပြာကိုတော့ ရန်ကုန်က သခင်အုန်းမြင့် စာရေးဆရာထက်မြက် မန္တလေးက စာရေးဆရာ ညီစေမင်း ဆရာကျော်ရင်မြင့်နဲ့ လူထုဒေါ်အမာ မိသားစုတို့က ဧရာဝတီ မြစ်လယ်မှာ မျှောခဲ့ကြတာပါ။ အစိုးရသတင်းစာတွေမှာတော့ လူထုဒေါ်အမာ နာရေးသတင်းကို ဖော်ပြပေမယ့် သီးခြားသတင်းအဖြစ် ထည့်သွင်းရေးသားတာတော့ မရှိပါဘူး။ ဒါ့အပြင် သတင်းစာ ထဲမှာ နာရေးထည့်တော့လည်း အဝေးရောက်သားတဦးဖြစ်တဲ့ ဦးဖိုးသံချောင်း နေရာမှာ ဖိုး ဆိုတဲ့ စာကို ဖြုတ်ပစ်တာ ၊ သားငယ် ကိုငြိမ်းချမ်း ခေါ် ညီပုလေး ဆိုတဲ့နေရာမှာ ညီပုလေးဆိုတဲ့ စာကို ဖြုတ်ပစ်တာတွေရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မန္တလေးမြို့ခံတွေကတော့ ဒီဈာပန မျိုးဟာ မန္တလေးမြို့သမိုင်းမှာ ထူးထူးခြားခြား စည်ကားတဲ့ ဈာပနမျိုးပဲလို့ ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG