ထိုင်းနဲ့ တရုတ်နိုင်ငံတွေက နိုင်ငံပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေတဲ့ သူတို့ စီမံကိုန်းလုပ်ငန်းလေးခုအတွက် လုပ်ကွက်ရှယ်ယာ ဖလှယ်ကြဖို့ သဘော တူညီခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့အကွက် M3 နဲ့ M4 အတွက် အစုရှယ်ယာတွေက ၂၀ရာခိုင်နှုန်းကို တရုတ် ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း CNOOCနဲ့ ဖလှယ်ဖို့ သဘောတူညီမှု ရခဲ့တယ် လို့ ထိုင်းနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီခွဲ တခုဖြစ်တဲ့ PTT က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
အပြန်အလှန်အနေနဲ့ CNOOC က မြန်မာနိုင်ငံကုန်းတွင်းပိုင်းက ရေနံထွက်ဖို့ အလားအလာ ကောင်းတဲ့ သူတို့ရဲ့ လုပ်ကွက်အကျယ် ၁၇၀၀၀ ကုဗကီလိုမီတာရှိတဲ့ CNOOCရဲ့ အစုရှယ်ယာ ၂၀ရာခိုင်နှုန်းကို ပြန်ပေးမှာဖြစ်ပါတယ်။
တချိန်ထဲမှာပဲ ဒီနေ့ ဥရောပ ပါလီမန်ရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီက အာစီယံနိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုလုပ်ဖို့ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလို ကုန်သွယ်တဲ့ထဲမှာ မြန်မာနိုင်ငံပါ ပါဝင်ရေးအတွက်တော့ ခုထိ မေးခွန်းတွေ ထုတ်စရာတွေ ဖြစ်လာတဲ့အကြောင်း ဥရောပကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။