သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရစတင် ဖြန့်ချီလိုက်တဲ့ အခြေခံဥပဒေမူကြမ်း နိုင်ငံတကာစံချိန်မမှီ


လာမယ့် မေလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုမပြုသိရဖို့ လူထုဆန္ဒခံယူပွဲတွေ ကျင်းပမယ်ဆိုပြီးတော့ မြန်မာစစ်အစိုးရက ကြေငြာခဲ့ပါပြီ။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံမူကြမ်းဟာ တရားမျှတမှု မရှိပဲနဲ့ စစ်တပ်က တည်မြဲရေးအတွက်ရေးဆွဲထားတဲ့ ဥပဒေဖြစ်သလိုပဲ ဖွဲ့စည်းပုံဥပဒေမူကြမ်းပါ အချက်တွေကို ပြင်ဖို့ ခက်ခဲတဲ့ ပြဋ္ဌာန်းချက်တွေဖြစ်တယ် ဆိုပြီးတော့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေကနေ ပြောဆိုနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မသင်းသီရိ က မြန်မာပြည်ထဲက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အန်အယ်လ်ဒီ ပါတီဘက်က ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဆက်သွယ်စုံစမ်းထားတယ်ဆိုတော့ တုန့်ပြန်ချက်တွေကို တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ပြဋ္ဌာန်းဖို့ကြိုးစားနေတဲ့ ဖွဲ့စည်းပုံမူကြမ်းဟာ နိုင်ငံတကာဖွဲ့စည်းပုံတွေနဲ့ စံချိန်စံညွှန်းမှီတဲ့ အဆင့်မရှိလို ဖွဲ့စည်းပုံတွင်းပါ အချက်အလက်တွေဟာလည်း ပြုပြင်ပြောင်းလဲတာတွေလုပ်ဖို့ လုံးဝလုပ်လို့မရအောင် ရေးဆွဲထားတဲ့ အချက်တွေ ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်ကပြောပါတယ်၊

“လက်ရှိမြန်မာပြည်ရဲ့ လွှတ်တော်အဆင့်ဆင့်မှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်တဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါရမယ်၊ အဲဒီတော့ ၂၅ ရာခိုင်နှုန်းက သဘောမတူရင် ဆန္ဒခံယူပွဲ လုပ်ဖို့တောင်မလိုတော့ဘူး။ ပြည်ထောင်စုလွှတ်တော် အစစ်အမှန်ကို ဒီအခြေခံဥပဒေက ပြင်လို့ရတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့အဖွဲ့ချုပ် အနေနဲ့ကတော့ ဒါတွေပေါ်မူသဘောအနေနဲ့ ကြုပြီးတော့ ပြင်ခဲ့တယ်၊ ညီလာခံတက်တဲ့ အချိန်က ဘာကိုအလေးအနက် ပြင်ခဲ့သလဲဆိုရင် အခြေခံဥပဒေဆိုတာ ပြုပြင်ရန်ခက်ခဲခြင်း၊ ဒါလည်းမဖြစ်သင့်ဘူး၊ ပြောင်းလွယ်ပြင်လွယ်လည်း မဖြစ်သင့်ဘူး၊ ဒါကို ကျနော်တို့တင်ပြခဲ့တယ်။ အစွန်းနှစ်ဖက်လွတ်တဲ့ ကျနော်တို့သဘောထားကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအခြေခံမူကြမ်းပါ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ကတော့ ပြင်ဆင်ရန်အင်မတန်ခက်ခဲတဲ့ အခြေခံဥပဒေအမျိုးအစားထဲမှာမှ အင်မတန်ကို ပြင်ဖို့ခက်တဲ့ အခြေခံဥပဒေမူကြမ်းဖြစ်တယ်။”

အထူးသဖြင့်က ဒီမူကြမ်းထဲမှာ စစ်တပ်အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ပြဋ္ဌာန်းဖို့လုပ်ထားတဲ့ အချက်တွေကို ပြည်သူလူထူက သတိထားစောင့်ကြည့်စရာ အချက်တခု ဖြစ်တယ်လို့ သူကပဲဆက်ပြောပါတယ်၊

“အခြေခံဥပဒေဆိုတာက အစိုးရနဲ့တိုင်းသူပြည်သားစာချုပ်ချုပ်တာပါပဲ၊ စာချုပ်တခုကိုကြည့်ရင် သူရည်ရွယ်ချက်ကို ကြည့်ရတာပါပဲ။ ကျနော်တို့ အခုအခြေခံမူကြမ်းရဲ့ ဥပဒေက ကြည့်ရင် စကားလုံးအားဖြင့်ကတော့ အမျိုးသားဦးဆောင်မှု ကဏ္ဍတွင် တပ်မတော်ပါဝင်ရေး ဆိုပြီးတော့ စကားလုံးအားဖြင့် ဖွင့်ထားပေမယ့် လက်တွေ့မှာတော့ စစ်ဝါဒကို တရားဝင်ဖြစ်ဖို့ လုပ်ထားတဲ့ အခြေခံဥပဒေပဲ၊ ဒီအခြေခံဥပဒေကို လုပ်တဲ့သူတွေက ပြည်သူ့ကိုယ်စားလှယ်တွေမှ မဟုတ်ပဲ၊ စစ်အာဏာပိုင်တွေက လုပ်တဲ့ အခြေခံဥပဒေ၊ ဒီတော့ သူတို့အကျိုးစီးပွားအတွက် ပြင်ရခက်အောင် ထာဝရတည်မြဲရေးအတွက် ဒီလိုအပိုဒ်မျိုးကို ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီးထည့်ထားတာပေါ့ဗျာ၊ ကျနော်ကတော့ ဒီလိုပဲ မြင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးပြန်ကြားရေးတာဝန်ခံ ဦးသိန်းညွန့် ဖြစ်ပါတယ်၊အခု ၂၀၀၈ ခု ဖွဲ့စည်းပုံမူကြမ်းကို အစိုးရစာအုပ်ဆိုင်တွေမှာ တအုပ်ကို ကျပ်ငွေတစ်ထောင်နဲ့ ဝယ်ဖတ်နိုင်ဖို့ ရောင်းနေပါပြီ။ ကြပ်တည်းတဲ့ စီးပွားရေးတွေကြောင့် ဒီစာအုပ်ကို လူတိုင်းဝယ်ဖတ်ဖို့ဆိုတာ မြန်မာပြည်ထဲမှာ ခက်ခဲနေတာပါ။ ဒီဖွဲ့စည်းပုံကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ မြန်မာလူထုမှာ အခက်အခဲရှိနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ သတင်းစာဆရာ ဦးစိန်လှဦးက ပြောပါတယ်။

“အဲဒီဟာတွေကိုလုပ်ရမှာ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေရဲ့ တာဝန်ပဲ၊ ဒီမိုကရေစီဘက်တော်သားတွေရဲ့ တာဝန်ပဲ၊ ဒါပေမယ့် ကျနော်တို့ဘဝတွေကို ပြန်ကြည့်ဗျာ၊ ကျနော်တို့ရုံးတွေကို ပိတ်ထားပြီးတော့ သူတို့ကတော့ အစိုးရယန္တယားတွေ မီဒီယာတွေ၊ သူတို့နဲ့ပတ်သက်တဲ့ သူတို့ထုတ်ခွင့်ပေးထားတဲ့ ပုဂ္ဂလိက မီဒီယာတွေမှာ သူတို့ကတော့ ဋ္ဌာနအလိုက်မဲဆွယ်စည်းရုံးနေပြီ။”

ဒါကတော့ သတင်းစာဆရာဦးစိန်လှဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG