သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံးတွေက ညွှန်ကြားနေတယ်ဆိုတဲ့ စစ်အစိုးရစွပ်စွဲချက် အန်န်အယ်လ်ဒီ ပယ်ချ


ရန်ကုန်မှာရှိတဲ့ ပြည်ပသံရုံးတချို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကို ပုံမှန်
ဆက်သွယ်ပြီး ဆွေးနွေးညွှန်ကြားချက်တွေ ပေးနေ
တယ်ဆိုတဲ့ မြန်မာအစိုးရ သတင်းထုတ်ပြန်ချက်
ဟာ မမှန်ကန်ဘူးလို့ အဖွဲ့ချုပ်က ငြင်းဆိုလိုက်ပါ
တယ်။ သံတမန်တွေနဲ့ ပုံမှန်ဆက်ဆံရေး
ကောင်းမွန်တာဖြစ်ပြီး ဒါဟာလည်း မြန်မာနိုင်ငံ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဦးတည် ဆက်ဆံတာဖြစ်ပါတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ
က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြည်ပသံရုံးအချို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ဗီယင်နာ
ကွန်ဗင်းရှင်းကို ချိုးဖောက်တာကြောင့် နိုင်ငံတကာဥပဒေတွေနဲ့ ငြိစွန်းနေတယ်လို့ မြန်မာစစ်အစိုးရသတင်းစာမှာ သတိပေးရေးသားထားတာပါ။ ဒီသံရုံးတွေဟာ နိုင်ငံရေး
ပါတီအချို့ကို အားပေးအားမြှောက်လုပ်ပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင် ကြံစည်ဆောင် ရွက်နေကြတယ်လို့လည်း စွပ်စွဲရေးသားထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ကို ပြည်ပသံရုံးတွေဟာ တနှစ်အတွင်း အကြိမ်ပေါင်း သုံးရာနီးပါး ဝင်ထွက်ခဲ့
ကြတယ်လို့လည်း ဆိုထားပါတယ်။ ဒီတော့ အစိုးရရဲ့ ဒီသတင်းထုတ်ပြန်ချက်အပေါ်မှာ အဖွဲ့ချုပ်ရဲ့သဘောထား ဘယ်လိုများလဲသိရအောင် အဖွဲ့ချုပ် ပြောခွင့်ရသူ
ဦးဉာဏ်ဝင်းကို ကျနော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အခုလိုမျိုး မြန်မာစစ်အစိုးရသတင်းစာထဲမှာ ပြည်ပသံရုံးက သံတမန်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်သွယ်ပြီး ဆွေးနွေးညွှန်ကြားချက်တွေပေးတယ်
ဆိုပြီး ပြောထားပါတယ်။ အန်ကယ်တို့ အဲဒါ တကယ်ပဲလား။

“အဲဒီဥစ္စာ လုံး၀ ကျနော်တို့ ငြင်းပါတယ်။ ကျနော်တို့ပြောချင်တာက ဒီလိုစွပ်စွဲချက်တွေ
က အရင်တုန်းက ဆောင်းပါးတွေနဲ့လည်း စွပ်စွဲတယ်။ ဒီစွပ်စွဲချက်တွေမမှန်လို့ ဒီနေ့
အထိ အဖွဲ့ချုပ်ရှိနေတာ။ ဒီစွပ်စွဲချက်မှန်လို့ရှိရင် သူတို့ ဒီတိုင်းနေမှာမဟုတ်ဘူး၊ အရေး
ယူမှာပေါ့။ တကယ်တမ်းလည်း ကျနော်တို့မှာ အဲလိုမရှိပါဘူး။ သို့သော် သံတမန်တွေနဲ့
ကျနော်တို့က ဆက်ဆံရေးကောင်းအောင် အမြဲတမ်းကြိုးစားတယ်။ ဒါကြောင့် အဆက်
အသွယ် ရှိပါတယ်။”

ဒါဆိုရင် သံတမန်တွေနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာရော အန်ကယ်တို့အနေနဲ့ ဘာများပြောဆိုတာ ရှိလဲခင်ဗျ။

“ကျနော်တို့ပြောဆိုတာကတော့ ကျနော်တို့မြန်မာနိုင်ငံအရေးရော၊ နိုင်ငံတကာအရေး
ရော အလျဉ်းသင့်သလိုပြောဆိုတာပါ။ အစီအစဉ်ချပြီး ဆောင်ရွက်တာမျိုးတော့
မဟုတ်ပါဘူး။ ကျနော်တို့ ဆက်ဆံရေးကောင်းတယ်ဆိုတာလည်း ကျနော်တို့အနေနဲ့က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ဦးတည်ပြီး ဆက်ဆံကြတာကိုး။ အဲတော့ ဒါကို
မလိုလားတဲ့ လူတွေကတော့ မကြိုက်ဘူးပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်စပ်တဲ့အထဲမှာ အနောက်နိုင်ငံသံရုံးတွေပေါ့၊
အမေရိကန်တို့၊ ဗြိတိသျှတို့ အဲဒီသံရုံးတွေက များပါတယ်။ တရုတ်တို့၊ အိန္ဒိယတို့ တခြား အာရှနိုင်ငံကသံရုံးတွေရော ဆက်စပ်မှုရှိပါသလား။

“အာရှဆိုရင် ကိုရီးယားရှိပါတယ်။ ကျန်တဲ့ဟာတော့ မလေးရှား နည်းနည်းပါးပါး ဆက်သွယ်မှုရှိပါတယ်။ အိန္ဒိယက ဆက်သွယ်လာတာရှိဖူးပါတယ်။ တရုတ်ကတော့
၉၀ ရွေးကောက်ပွဲမှာ အသိအမှတ်ပြုတာ ပထမဆုံး တရုတ်ပါပဲ။”

ဦးဉာဏ်ဝင်းပြောခဲ့သလိုပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးပြီးချင်း အဖွဲ့ချုပ်အနိုင်ရ
တယ်လို့ ကြေညာနေတဲ့အချိန်မှာ အဖွဲ့ချုပ်ရုံးကို ပထမဆုံးလာရောက်တဲ့ အဆင့်မြင့် နိုင်ငံခြားသံတမန်ကတော့ တရုတ်သံအမတ်ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း
မှာတော့ တရုတ်သံရုံးဘက်က အန်န်အယ်လ်ဒီကို အဆက်အသွယ်လုပ်တာ မရှိတော့
ပါဘူး။ အရင်တုန်းကလည်း ပြည်ပသံရုံးတွေနဲ့ အဖွဲ့ချုပ်နဲ့ ဆက်သွယ်နေတယ်ဆိုတာ
တွေကို အစိုးရသတင်းစာတွေမှာ အခုလို မကြာခဏ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်
အခု ဆန္ဒခံယူပွဲလည်း ကပ်လာပြီ၊ ရွေးကောက်ပွဲလုပ်ဖို့လည်း ပြင်လာပြီဆိုတဲ့အချိန်မှာ
အခုလို စွပ်စွဲချက်တွေကြောင့် အဖွဲ့ချုပ်ကို အာဏာပိုင်တွေဘက်က တစုံတရာ အရေး
ယူဖို့ ခြေလှမ်းပြင်လာတာလို့ ပြောနိုင်မလား။ မြန်မာ့အရေးလေ့လာသူ ကိုအောင်နိုင်ဦး
အမြင် ဆိုပါဦး။

“အန်န်အယ်လ်ဒီကို ပြဿနာရှာချင်လို့ရှိရင်တော့ ရှာလို့ရအောင် ပြောတဲ့သဘော၊
ပြင်တဲ့သဘော၊ တနည်းအားဖြင့်ပြောရရင် ကျနော်တို့နိုင်ငံမှာ တခါတခါမှာ စစ်အစိုးရ
က ဒီလိုပြောတာဆိုတာဟာ အန်န်အယ်လ်ဒီကို ပြောချင်ဆိုချင်လို့ ပြောတာဖြစ်သလို
သူ့အထဲမှာရှိတဲ့ အင်အားစုတွေကိုလည်း ဒါဟာ နိုင်ငံခြားက ဝင်စွက်နေတာပါဆိုပြီး
ပြောချင်လို့ သတင်းစာတွေမှာရေး၊ ဗွီဒီယိုတွေမှာပြော၊ ရုပ်မြင်သံကြားမှာကြေညာ
စသဖြင့် အဲဒီလို လုပ်လေ့လုပ်ထ ရှိပါတယ်။ အခုအခြေအနေမှာက အန်န်အယ်လ်ဒီ
ကလည်း ကန့်ကွက်မဲပေးဖို့ ထပြီး သေသေချာချာ ပြောလိုက်တယ်ဆိုတော့ ဒါဟာ
အန်န်အယ်လ်ဒီကို ပိုပြီးတော့ ပစ်မှတ်ထားလာတဲ့သဘောပေါ့လေ။ အရေးယူမယ်၊ မယူမယ်ဆိုတာတော့ ကျနော်တို့အနေနဲ့ အတိအကျမပြောနိုင်ဘူး။ အရေးယူမယ်
ဆိုရင်လည်း စစ်အစိုးရမှာ အန်န်အယ်လ်ဒီကို အရေးယူလို့ရတဲ့ အကြောင်းအချက်တွေ
အများကြီး ရှိပြီးသားဖြစ်ပါတယ်။”

တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ ပြည်ပသံရုံးတွေနဲ့ အတိုက်အခံပါတီနဲ့ အဆက်
အသွယ် လုပ်တာတွေရော ရှိပါသလား။ ဒီ့အတွက်ကြောင့် သက်ဆိုင်ရာအိမ်ရှင်အစိုးရ
နဲ့ ပြဿနာတွေဖြစ်ခဲ့တာမျိုးရော ရှိပါသလား။

“တခြားနိုင်ငံတွေမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံတကာသံရုံးတွေက အတိုက်အခံအင်အားစုတွေရဲ့ ရုံးတွေ၊ အဖွဲ့အစည်းတွေမှာ ဝင်ထွက်သွားလာကြတာပါ
ပဲ။ ဒါပေမယ့် အထူးသဖြင့် အာဏာရှင်ဆန်တဲ့နိုင်ငံတွေမှာဆိုရင် အဲဒီကိစ္စမျိုးတွေကို အနောက်နိုင်ငံကို အားကိုးတယ်၊ နိုင်ငံခြားကိုအားကိုးတယ်ဆိုပြီးတော့ စွပ်စွဲလေ့ရှိတဲ့
သဘော ရှိပါတယ်။ ဒီလိုဟာမျိုးကိုလည်း နိုင်ငံတကာဥပဒေနဲ့ချိုးဖောက်တယ်၊
ပြည်တွင်းရေးမှာ ဝင်ပြီးစွက်ဖက်တယ်ဆိုပြီး စွပ်စွဲနေတဲ့သဘောပါ။ တိတိကျကျ တရား စွဲဆိုဖို့ဆိုတာမျိုးကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နိုင်ငံတကာကိုလည်း ပြောချင်တဲ့
သဘောကတော့ ငါတို့နိုင်ငံရေးကိစ္စမှာ ဝင်မရှုပ်နဲ့။ မင်းတို့လာပြီး ရှုပ်နေတယ်ဆိုတာ
ကို သတိပေးချင်တဲ့ ကိစ္စလည်းဖြစ်တယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။”

ရန်ကုန် အမေရိကန်သံရုံးကို ဆက်သွယ်မေးမြန်းတော့ အစိုးရဘက်က စွပ်စွဲချက်တွေ
ကို သူတို့သံရုံးအနေနဲ့ တုံ့ပြန်သဘောထားပေးရိုးထုံးစံ မရှိဘူးလို့ ဆိုပါတယ်။ စစ်အစိုး
ရထုတ် သတင်းစာတွေမှာ ဖော်ပြတဲ့ ဆောင်းပါးတွေဟာ တဦးချင်းအာဘော်ဖြစ်တယ်
လို့ ဆိုပေမယ့် သတင်းပုံစံရေးထားတဲ့ အခုလို သတင်းစဉ်တွေကတော့ အစိုးရ
အာဘော် ဒါမှမဟုတ် အစိုးရပြန်ကြားရေးဌာနရဲ့ အာဘော်ဖြစ်တယ်လို့ ရန်ကုန် သတင်း သမားအချို့ကတော့ ပြောပါတယ်။ ဒါပေမယ့် ဒီသတင်းစဉ်ထဲမှာပဲ ဒီလို သံရုံးတွေရဲ့
လုပ်ရပ်ကို ပြည်သူတွေက မလိုလားဘူးဆိုတဲ့သဘောမျိုးလည်းရေးထားတော့ အစိုးရ
ဘက်က သဘောထားမဟုတ်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကတော့ အမေရိကန်သံရုံးရှေ့မှာ အစိုးရလိုလားသူတွေက အမေ
ရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ လုပ်ခဲ့ဖူးပါတယ်။ ဆန္ဒပြသူတွေကို ကြီးကြပ်တဲ့အထဲမှာ ဆက်သွယ်ရေးစက် ကိုင်ထားသူ
အချို့လည်း ပါဝင်တာမို့ ဒါဟာ အာဏာပိုင်တွေဘက်က စီစဉ်တာလို့ ယူဆခဲ့ကြပါတယ်။
ဒါပေမယ့် အမေရိကန်သံရုံးရှေ့မှာပဲ ဒီမိုကရေစီရေးအတွက် ဆန္ဒပြခဲ့တဲ့ တကိုယ်တော်
ဆန္ဒပြသမား ဦးအုန်းသန်းကိုတော့ တလောကပဲ စစ်အစိုးရက ထောင်ဒဏ်တသက်
တကျွန်း ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG