(၁၉၉၀)ပြည့် ရွေးကောက်ပွဲမှာ ပြည်သူ အများစု ထောက်ခံလို့ အနိုင်ရထားတဲ့ NLD ပါတီက (၁၄)နှစ်ကြာ မြန်မာ စစ်အစိုးရ ဦးစီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မူကြမ်းကို ပြည်သူတွေက ၀ိုင်းဝန်း ကန့်ကွက်ကြဖို့ မကြာခင်က လှုံ့ဆော်ခဲ့ပါတယ်။ ဒီနေ့တော့ မြန်မာ စစ်အစိုးရပိုင် သတင်းစာ တွေမှာ ထောက်ခံ မဲပေးကြဖို့အတွက် ရေးသားနေပါပြီ။ ဒီလို ဆန့်ကျင်ဘက်တွေ အကြား ပြည်သူတွေက ဘယ်လို တုန့်ပြန်မှု ရမလဲဆိုတာ သိနိုင်ဖို့ NLD ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကို ဦးကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။
NLD ဘက်ကကန့်ကွက်မဲပေးဖို့ပြောတယ်၊ မြန်မာ စစ်အစိုးရဘက်က ထောက်ခံမဲ ပေးဖို့ ပြောတယ်ဆိုတော့ မြန်မာပြည်သူတွေက ဘာလုပ်ရမှာလဲခင်ဗျ။
“ဒီလို ထောက်ခံမဲပေးဖို့ဟာ သက်ဆိုင်ရာ ၀န်ကြီးဌါနတွေမှာ လက်သိပ်ထိုးပြောနေတာတော့ တော်တော်ကြာပြီ၊ အခုလို သတင်းစာထဲ ပြောင်ပြောင်တင်းတင်း ပါတော့ ပြည်သူတွေအတွက် ပိုကောင်းမလားလို့ ကျနော် ဒီလိုပဲ အောင့်မေ့တယ်။ ဘာကောင်းမှာလဲဆိုတော့ ဒီအစိုးရကို ကြိုက်သလား၊ မကြိုက်သလား ဒီအဖြေ ပေါ်သွားပြီ ပေါ့ဗျာနော်။ လက်ရှိ အုပ်ချုပ်နေတဲ့ဟာကို ကြိုက်သလား၊ မကြိုက်သလား၊ စစ်ခေါင်းဆောင်များ ထာဝရ ဥပဒေနဲ့အညီ အုပ်ချုပ်သွားရေး ကို ကြိုက်သလား၊ မကြိုက်ဘူးလား ပြည်သူတွေက ပိုပြီးတော့ ထင်ထင်ရှားရှား ဆုံးဖြတ်လို့ ရသွားပြီပေါ့။ NLD ကပြောနေလည်း အချက်လက်တွေဘာတွေ ကြည့်စရာမလိုတော့ဘူး၊ ကြည့်စရာ မလိုတော့ဘူး၊ လွယ်လွယ်ကူကူပဲ ကိုယ့်ဟာကိုယ် ကြိုက်သလား၊ မကြိုက်ဘူလား ဒီလိုသွားလို့ ရသွားပြီလေ၊ အစိုးရက ထောက်ခံတဲ့ဘက်မှာ ရပ်သွားပြီလေ။ ”
ဟုတ်ကဲ့ခင်ဗျ၊ ပြည်သူတွေအနေနဲ့က ထောက်ခံဖို့ကော၊ ကန့်ကွက်ဖို့ကော ပြောနေတဲ့ နေရာမှာ ဥပဒေ မူကြမ်းလည်း မနေ့တနေ့ကမှ ထွက်လာတယ်။ လူတွေ လက်ထဲကိုလည်း အလွယ်တကူ မရောက်ဘူးဆိုတော့ ဘာကို ကြည့်ပြီးတော့ ထောက်ခံရမှာလဲ၊ ဘာကို ကြည့်ပြီးတော့ ကန့်ကွက်ရမှာလည်းခင်ဗျ၊
“ဟုတ်ပါတယ်ခင်ဗျ၊ ပြည်သူအများစုက အခုလုပ်လုပ်မယ့်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ မြင်တောင် မမြင်ဖူးဘူး၊ နားလည်အောင် ဖတ်ရှုဖို့ ဆိုတာလည်း ပိုဝေးတာပေါ့၊ မြို့ပေါ်နေ တချို့သော ပုဂ္ဂိုလ်လောက်ပဲ ဒီဥစ္စာကို လက်လှမ်းမှီ တယ်၊ ဖတ်နိုင်တယ်၊ အဲဒီတော့ ပြည်သူတွေအနေနဲ့ကတော့ အခုလို ကြော်ငြာ ပေါ်လာတဲ့ အခါမှာ သူ ရှင်းရှင်းလင်းလင်း ပိုသိသွားမယ်၊ လက်ရှိ အစိုးရကို ကြိုက်လား၊ မကြိုက်ဘူးလား၊ မကြိုက်ရင် ကန့်ကွက်ရမယ်၊ ပြည်သူက တနည်းအားဖြင့် ပိုပြီး တနည်းအားဖြင့် အလွယ် တကူ ကောက်ယူလို့ ရတယ်ဆိုတဲ့ သဘာတော့ ကျနော်တွေ့ပါတယ်၊ ”
ဟုတ်ကဲ့ခင်ဗျ၊ မြန်မာ စစ်အစိုးရကတော့ သူတို့ပိုင်တဲ့ သတင်း မီဒီယာတွေကနေဆင့် ဥပဒေ မူကြမ်းကို တခဲနက်ထောက်ခံကြဖို့ ပေါ်ပေါ်ထင်ထင်ကိုပြောနေတယ်၊ ဒါပေမယ့် NLD ဘက် ကတော့ NLD အယူအဆအတိုင်း ဥပဒေမူကြမ်းကို ကန့်ကွက်ဖို့ လှုံ့ဆော်တဲ့ စာရွက်စာတမ်း တွေကို ပြည်သူတွေထဲကို ဖြန့်တာ၊ ဝေတာ၊ အချင်းချင်း ကြည့်ရှုတာနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတယ်လို့ ကြားပါတယ်၊ ဟုတ်ပါလားခင်ဗျ၊
“ကျနော် အခု သိထားသလောက်တော့ ဖမ်းထားတယ် ဆိုတာတော့ မသိသေးဘူး၊ တချို့ ၀ါးခယ်မ တို့၊ တောင်ကုတ်မှာတော့ စာရွက်စာတမ်း သိမ်းတယ်၊ လူပြန်လွှတ်တယ်၊ ဒါပေမယ့် အခု နောက်ဆုံး ကြားနေတဲ့ တခုက ရန်ကုန်တိုင်းထဲက ကော့မှူးမှာ မောင်မျိုးလွင်ဆိုတဲ့ ကောင်လေးကို ခါတိုင်းတော့ ကျနော်တို့ အတွေ့အကြုံအရ မြို့နယ်တွေက ဖမ်းတယ်။ နောက် ကျတော့ ဘာမှ မဟုတ်ဘူးဆိုပြီး ပြန်လွှတ်တယ်။ အခုကျတော့ အဲဒီ ကလေးကို SB က ခေါ်သွားတာ အခုဆိုရင် (၂၄)နာရီကျော်သွားပြီ၊ ဒီအခြေအနေတော့ နောက်ထပ် ကျနော်တို့ စောင်ကြည့်နေရတယ်၊ ”
ဟုတ်ကဲ့၊ သူ့ကို ဘာကိစ္စ ခေါ်သွားရလဲခင်ဗျ၊ သူက ဘာလုပ်လို့လဲ၊
“ဒီစာရွက်စာတမ်း ကိစ္စပဲ၊ ဒီစာရွက်စာတမ်း ဝေတယ် ဆိုပြီးတော့၊ သူကလည်း ဝေတယ်ဆိုပြီးတော့ ၀န်ခံတယ်။”
ဆိုတော့ NLD ဘက်က ဥပဒေ မူကြမ်းကို ကန့်ကွက်တယ် ထုတ်တဲ့ စာရွက်စာတမ်းတွေဟာ အာလုံး အပြည့်အစုံ မရသေးဘူး၊ အနှောက်အယှက်တွေ ရှိနေတယ်လို့ ဒီလို ပြောရင် ရပါ သလား၊ မြန်မာ စစ်အစိုးရက သူတို့ရဲ့ မီဒီယာတွေကို သုံးပြီးတော့ လူတွေကို ထောက်ခံမဲ ပေးဖို့ ကိစ္စ သိသိသာသာ ရှိလာပြီဆိုတော့ NLD ဘက်ကကော ကိုယ်ရဲ့ ကန့်ကွက်မဲ ပေးဖို့ ဆိုတဲ့ ကိစ္စ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ထပ်လုပ်သွားဖို့ အစီစဉ်ရှိပါလဲခင်ဗျ၊
“ကျနော်တို့ လက်ရှိအားဖြင့်ဆိုရင် ဗမာပြည် တနံတလျှား ကျနော်တို့ဟာတွေက ရောက်နေ ကြပါပြီ၊ ရွာအထိလည်း ရောက်နေကြပါပြီ၊ နောက်ထပ်လည်း လိုအပ်နေတဲ့ဟာတွေကို ကျနော်တို့ အခုတော့ ရုံးပိတ် ထားတာပေါ့ဗျာ၊ သင်္ကြန်ပြီးရင် ဆက်ပြီးတော့၊ တွန်းပြီးတော့ ကျနော်တို့ လုပ်သွားမှာပါ၊ ”
NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ဦးကျော်အောင်လွင်က ဆက်သွယ်မေးမြန်းသွားတာပါ။