ဆန္ဒခံယူပွဲကို ကန့်ကွက်ဖို့ လှုပ်ရှားတာတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်း တာတွေ ရှိနေသေးတာတွေနဲ့ ပတ်သက်ပြီး ဦးအောင်လွင်ဦးက မေမြန်းစုံစမ်းထားပါတယ်။
မကြာသေးခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန် ကြေငြာလိုက်တယ်လို့ ဆိုပြီးတော့ ကော့မှူးမြို့က လူငယ်အဖွဲ့ ဝင်တဦးဖြစ်တဲ့ ကိုမျိုးလွင်ကိုလည်း မကြာသေးခင် ကပဲ အာဏာပိုင်တွေက ထပ်ဖမ်းသွားခဲ့တာပါ၊ အခု နောက်ဆုံး ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ကိုမျိုးလွင်နဲ့ နီးစပ်သူ NLD လူငယ် တယောက်ကတော့ အခုလိုပြောပြပါတယ်။
“(၉)ရက်၊ (၄)လ၊ (၂၀၀၈)နေ့က အဲဒီ မောင်မျိုးလွင်ဆိုတဲ့ ကော့မှူးမြို့နယ် လူငယ်က (၅)နာရီခန့်မှာ ဒလ ကားဂိတ်ကို စာတွေ ဖြန့်ဝေတယ် ဆိုပြီးတော့ ရဲနဲ့ စရဖတွေက ဖမ်းပြီးတော့ ဒလ ရဲစခန်းကို ခေါ်ဆောင် သွားတယ်တဲ့၊ ရဲစခန်းမှာ စခန်းမှူးက ဘာတာဝန်လဲ။ ဘာရာထူးလဲ မေးပြီးတော့ သူက သူ့မှာ ဘာတာဝန်မှ မရှိကြောင်း ပြန်ပြောတယ်။ အဲဒီမှာ မင်း ဒီစာတွေကို NLD ရုံးက ယူလာတာလား ဆိုပြီးတော့ အဲဒီ လာဖမ်းတဲ့ အဖွဲ့က ပြောတယ်။ အဲဒီတော့ သူက ဒီစာတွေကို သူယူတာ မဟုတ်ဘူးပေါ့နော်၊ ဒီစာတွေကို သူကိုယ်တိုင်လည်း မဖတ်ကြည့် ရသေးပါဘူးလို့ သူက အဲလိုပြောတယ်။ အဲဒီတော့ ဖမ်းဆီးတဲ့ အဖွဲ့က ဒီစာတွေကို ဖတ်ကြည့်ပြီးတော့ မဖတ်ဖို့၊ မယူဖို့ပေါ့နော် အဲဒီဟာကို ပြောပြီးတော့ သူ့ဆီမှာ ပါလာတဲ့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်တဲ့ ကြေငြာချက်(၈)စောင်ကို စခန်းမှူးက သိမ်းထား လိုက်တယ်။ နောက်ပြီးတော့ စခန်းမှူးက သူ့ကို အခမ်းနားတွေ ဘာတွေ သွားသလားလို့ မေးတယ်၊ အဲဒီတော့ သူက အခန်းနားတွေ ဘာတွေမှာ ဗိုလ်ချုပ် မိန့်ခွန်းတွေ ဘာတွေ သွား နားထောင်ချင်လို့ သွားတာလို့ ပြောတယ်။ အဲဒီတော့ သူ့ကို ပညာ အရေအချင်းတို့ ဘာတို့ မေးတယ်။ သူ့ကို ည(၁၁)နာရီမှာ ပြန်လွှတ် လိုက်တယ်၊ ပြန်လွှတ် လိုက်တဲ့ အခါကျတော့ ကားမရှိတဲ့ အခါကျတော့ သူက ဒလမြို့မှာသွားပြီးတော့ ဒလမြို့က သူငယ်ချင်း အိမ်မှာအိပ်၊ နောက်တနေ့ မနက် (၁၀)ရက်၊ (၄)လ၊ (၂၀၀၈)မှာတော့ သူ့ကို SB ကနေ ထပ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားပြီးတော့ ---”
NLDက ထုတ်ပြန်လိုက်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ကြေငြာချက်ကို ဖြန့်ဝေလို့ ဆိုပြီး ကော့မှူးမြို့က လူငယ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမျိုးလွင်ကို ဖမ်းဆီးသွားတဲ့အကြောင်း NLD လူငယ် တယောက်က ပြောပြ သွားတာပါ၊ ဒါဟာဆိုရင် အတိုက်အခံတွေဘက်က ဖမ်းဆီး ခံရတဲ့ အထဲမှာ နောက်ဆုံးကြားရတဲ့ ကိစ္စ တခုလည်း ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက လည်း ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဘက်က NLD အဖွဲ့ဝင်တွေကို အာဏာပိုင်တွေဘက်က ဖမ်းတာ၊ ဆီးတာ၊ နှောင့်ယှက်တာတွေလည်းရှိခဲ့ပါတယ်၊ မြန်မာ စစ်အစိုးရက ရှေ့လ(၁၀)ရက် ကျင်းပပေးမယ့် ရွေးကောက်ပွဲရက် နီးကပ်လာလေလေ ဒီလို အဖမ်းဆီးတွေ ပိုပြီး ကြားလာ တာမို့လို့ နိုင်ငံရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်နေသူတွေ ဘက်က စိုးရိမ် ပူပန်မှုတွေ ရှိထားကြတာပါ။ ဒါပေမယ့်လည်း ဥပဒေ မူကြမ်းတရပ်ကို အတည်ပြုနိုင်ပေးဖို့ မြန်မာ စစ်အစိုးရဲ့ လူထုဆန္ဒခံယူပွဲကို ကန့်ကွက်ကြဖို့ လှုံ့ဆော်မှုတွေလည်း ရှိနေတုံးပါပဲ၊ ဒီကနေ့မှာလည်း တက်ကြွလှုပ်ရှားသူ လူငယ်တချို့က ရန်ကုန်မြို့က နေရာတချို့မှာ ဒီလို လူထုဆန္ဒ ခံယူပွဲ လှုပ်ရှားမှုတွေကို လုပ်ခဲ့ကြပါသေးတယ်။
“ဒီနေ့ (၉)နာရီခွဲ၊ သမိုင်း လမ်းဆုံမှာ စာရွက်တွေ ဝေတယ်၊ လူငယ်(၅)ဦး ပေါ့နော်၊ NO အဖွဲ့က NO အင်္ကျီဝတ်ပြီးတော့ ဝေတယ်။ နောက်ပြီးတော့ သူတို့ အုတ်ကျင်းမှာ လျှောက် တယ်။ ဘာမှ ထွေထွေထူးထူးတော့ မရှိဘူး၊ ဒါပေမဲ့ ပြည်သူ လူထုရဲ့ တုံ့ပြန်မှုကတော့ စာရွက်တွေကို အလုအယက် တောင်းကြတယ်တဲ့ NO ဆိုတဲ့ တံဆိပ်ပါတဲ့ အင်္ကျီဝတ် ထားတယ်၊ သမိုင်းလမ်းဆုံမှာ ၊ မနက် (၉)နာရီခွဲမှာ စဝေတယ်၊ (၁၅)မိနစ်လောက် ကြာတယ်၊ ပြီးတော့ အုတ်ကျင်းဆိုက္ကားဂိတ်ပေါ့၊ ကားမှတ်တိုင် ထိပ်မှာ သူတို့ ဆက်ဝေတယ်၊ ဆက်ပြီးတော့ သူတို့ရဲ့ သတင်းက ဘာမှဆက်ပြီးမကြားရသေးဘူး၊”
ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားမှု တခု ဖြစ်ပွားခဲ့တဲ့ အကြောင်း ရန်ကုန်မြို့က NLD အဖွဲ့ဝင် လူငယ်တဦးက ပြောသွားတာပါခင်ဗျာ။