ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲကိစ္စဟာ အကျပ်အတည်း မဟုတ်ပါဘူးလို့ တောင်အာဖရိက သမ္မတ သာဘို မဘီကီ (Thabo Mbeki) က ဒီကနေ့ ဟာရယ်ရီမြို့မှာ အိမ်ရှင် သမ္မတ ရောဘတ် မူဂါဘီနဲ့ တွေ့ဆုံအပြီး ထုတ်ဖော်ပြောဆိုပါတယ်။
ဇင်ဘာဘွေနိုင်ငံသူ နိုင်ငံသားများအနေနဲ့ စိတ်ရှည်ကြပါ။ သမ္မတ ရွေးကောက်ပွဲ ကော်မရှင်က အနိုင်အရှုံးများ ကြေညာချိန်အထိ စောင့်ကြပါလို့လည်း တောင်အာဖရိက သမ္မတ က တိုက်တွန်း ပြောဆိုပါတယ်။
သမ္မတ ရွေးကောက်ပွဲ ပြဿနာကို ဆွေးနွေးဖို့ အာဖရိကတိုက်တောင်ပိုင်း ၁၄ နိုင်ငံရဲ့ SADC အရေးပေါ်စည်းဝေးပွဲ အကြိုအဖြစ် သွားရောက်တာဖြစ်ပြီး ဇင်ဘာဘွေမှာ သမ္မတ မူဂါဘီနဲ့ အတိုက်အခံတို့အကြား စေ့စပ်ပေးဖို့ သူ့ကိုလည်းပဲ အဲဒီ SADC က မနှစ်ကတည်းက တာဝန် ပေးထားတာပါ။
SADC အရေးပေါ် ထိပ်သီး အစည်းအဝေးသို့ ဇင်ဘာဘွေ သမ္မတ မူဂါဘီ မတက်တော့ဘဲ ကိုယ်စားလှယ် စေလွှတ်မယ်လို့ အစိုးရ သတင်းမီဒီယာက ဆိုပါတယ်။
ဇင်ဘာဘွေ အတိုက်အခံ MDC ပါတီ ခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း ကတော့ အဲဒီ ထိပ်သီး
စည်းဝေးပွဲကို တက်ရောက်ပါလိမ့်မယ်။ ဇင်ဘာဘွေမှာ မတ်လ ၂၉ ရက်နေ့ကတည်းက သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပေမယ်လို့ အနိုင်အရှုံးစာရင်းကို ဒီနေ့အထိ မကြေညာသေးလို့ ပြဿနာ တက်နေတာဖြစ်ပါတယ်။