ငါးများကို တင်ဆောင်တဲ့ ကွန်တိန်နာ (Container) မော်တော်ကားကြီးထဲမှာ မြန်မာ ၁၂၁ ယောက် ပြွတ်သိပ်တင်ဆောင်လာခဲ့တာ အသက်မသေ ရှင်ကျန်သူ ၅၀ ကို ထိုင်းရဲက တရားမ၀င် ၀င်ရောက်မှု နဲ့ စွဲချက်တင်လိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ကနေ ဖူးခက်မြို့ကို အသွားမှာ အဲဒီလို ဖြစ်ပွားတာပါ။ အသက်ရှူ ကျပ်ပြီးတော့ အမျိုးသမီး ၃၇ ယောက် အမျိုးသား ၁၇ ယောက် သေဆုံးသွားပြီးတော့ ၂၁ ယောက် ကတော့ သတိလစ်နေလို့ ဆေးရုံတင်ထားရပါတယ်။
အဲဒီအခြေအနေကို သိလိုက်တဲ့အခါမှာ ယာဉ်မောင်းက ထွက်ပြေးသွားခဲ့ပါတယ်။ အသက်ငယ်သေးသူ ၁၄ ယောက်ကိုတော့ ရုံးမတင်တော့ဘဲနဲ့ မြန်မာနိုင်ငံဘက်ကို ချက်ချင်းပြန်ပို့လိုက်ပြီး လူကြီး ၅၀ ကိုတော့ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၂,၀၀၀ စီ ဒဏ်ရိုက်ပြီး မြန်မာပြည်ကို ပြန်ပို့ဖို့လည်း တရားရုံးက အမိန့်ချလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ရတဲ့အလုပ် လုပ်ဖို့ဆိုပြီး လူခိုးသွင်းဂိုဏ်းက အခုလို ခေါ်ဆောင်လာတာဖြစ်တယ်။ အဲဒီဂိုဏ်းကိုလည်း ထိုင်းရဲက လိုက်လံ စုံစမ်းနေပါတယ်။