သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားသောက်ကုန် ဈေးနှုန်းပြဿနာ ဝိုင်းကူ ညီဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ တိုက်တွန်း


စားသောက်ကုန်ဈေးနှုန်းတွေ လောလောဆယ် ထိုးတက်လာတဲ့နိုင်ငံတချို့ကို ထောက်ပံ့ကူညီမှု
တွေပေးသွားဖို့ ကမ္ဘာ့နိုင်ငံအနှံ့အပြားက စီးပွား
ရေးမူဝါဒ ရေးဆွဲသူတွေက အမေရိကန်နိုင်ငံ
ဝါရှင်တန်မှာကျင်းပနေတဲ့ အစည်းအဝေးပွဲအပြီး
တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ဘယ်ရီဝုဒ် (Barry Wood) သတင်းပေးပို့ထားတာကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။

တချို့နိုင်ငံတွေမှာ စားသောက်ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကြောင့် ငတ်မွတ်မှု
တွေ ကြုံတွေ့နေရသူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ဘဏ်
ဥက္ကဋ္ဌ ရောဘတ်ဇိုးလစ် (Robert Zoellick) က ပြောဆိုလိုက်ပါတယ်။ ဂျုံ၊ စပါး စတဲ့ သီးနှံတော်တော်များများဈေးနှုန်းဟာ လွန်ခဲ့တဲ့နှစ်ကစပြီး နှစ်ဆလောက် ဈေးတက်
လာတာကြောင့် ဟေတီနဲ့ ဘင်္ဂလားဒေ့ရှ်လို ဆင်းရဲတဲ့နိုင်ငံတွေအတွက် သွားပြီးထိခိုက်
စေပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အရေးပေါ်သုံးစွဲဖို့ သတ်မှတ် လိုက်တယ်လို့လည်း ဇိုးလစ်က ပြောဆိုလိုက်ပါတယ်။

“စားစရာသောက်စရာ လိုအပ်နေတဲ့နေရာတွေကို အစားအသောက်တွေ ပေးပို့ရပါ
မယ်။ ဒါမှလည်း အငတ်ဘေးကြုံနေရပြီး စားစရာလုံးဝမရှိတဲ့လူတွေ စားစရာ
သောက်စရာတွေ ရသွားမှာပါ။”

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကို
ပါဝင်တက်ရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌ
စထရောက်စ် ခန်း (Strauss-Kahn) ကတော့ အခုလို စားသောက်ကုန်ဈေးနှုန်းတွေ မတရားမြင့်တက်လာမှုဟာ လူသန်းပေါင်းများစွာကို ဆင်းရဲမှုတွေ ပြန်ဖြစ်သွားစေနိုင်
တယ်လို့ ပြောဆိုလိုက်ပါတယ်။

“လုပ်စရာရှိတာတွေအားလုံးတော့ လုပ်ပြီးသွားပါပြီ။ မဆုံးနိုင်သေးတာကို လုပ်ဖို့က
တော့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကြုံရတွေ့ရမယ့် အကျပ်အတည်းပေါင်းစုံ ပြဿနာတွေပါပဲ။”

အာရှမှာတော့ ဆန်စပါးဈေးနှုန်းဟာ သုံးလမပြည့်ခင်မှာဘဲ ၇၅% ကျော် တက်သွားခဲ့
ပါတယ်။ တချို့နိုင်ငံတွေက နိုင်ငံခြားကို ဆန်စပါးတင်ပို့မှုတွေ အကန့်အသတ် ပြုလုပ်ခဲ့
ကြပါတယ်။ လောလောဆယ် ဝါရှင်တန်မှာ ရောက်ရှိ စည်းဝေးခဲ့ကြတဲ့ အပြည်ပြည်
ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်မ်အက်ဖ်) နဲ့ ကမ္ဘာ့ဘဏ်က စီးပွားရေးမူဝါဒ ရေးဆွဲသူတွေကတော့ လတ်တလောဖြစ်လာတဲ့ ကမ္ဘာ့စီးပွားရေးဆိုးဝါးလာမှုတွေ
အပေါ် တည်တည်ငြိမ်ငြိမ်ပဲ ရှိခဲ့ကြပါတယ်။

စားသောက်ကုန်နဲ့ လောင်စာဆီဈေးနှုန်းတွေ အဆက်မပြတ် မြင့်တက်လာတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ငါးနှစ်အတွင်း အနှေးကွေးဆုံးအခြေအနေကို ရောက်ရှိခဲ့
ပါတယ်။ အမေရိကန်မှာ လွန်ခဲ့တဲ့ ရှစ်လက အိမ်ရာဈေးကွက် ငွေချေးစနစ်ပြဿနာ
ကြောင့် ငွေချေးသူတွေလည်း နည်းပါးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း
လောင်စာဆီဈေးနှုန်း လေးဆလောက် မြင့်တက်သွားတာကြောင့် လောင်စာဆီတင်ပို့
မှုကြောင့် တဟုန်ထိုး အကျိုးအမြတ်ရခဲ့တဲ့နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒီလောင်စာ
ဆီကြောင့်ရခဲ့တဲ့ အကျိုးအမြတ်တွေကို အာဖရိကမှာ ရင်းနှီးမြှုပ်နှံစေလိုတဲ့အကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ်ဇိုးလစ်က ပြောဆိုပါတယ်။

“အပိုအလျှံ ငွေကြေးချမ်းသာလာလို့ ရလာတဲ့ ရန်ပုံငွေတွေထဲက ၁% လောက်ကို
အာဖရိကမှာ ရင်းနှီးမြှုပ်နှံဖို့ ခွဲဝေသတ်မှတ်လိုက်မယ်ဆိုရင် အာဖရိကမှာ ဖွံ့ဖြိုးတိုး
တက်ဖို့ အခွင့်အလမ်းတွေ အများကြီးရသွားမှာပါ။”

ကမ္ဘာ့ဘဏ္ဍာရေးတိုးတက်အောင်မြင်မှုတွေ ဖြစ်လာဖို့အတွက် နိုင်ငံတကာ ကုန်သွယ်
ရေးမှာ အဟန့်အတားဖြစ်စေမှုတွေကို ဖယ်ရှားဖို့ကိုလည်း အိုင်အမ်မ်အက်ဖ်နဲ့ ကမ္ဘာ့
ဘဏ်တို့က တောင်းဆိုခဲ့ကြပါတယ်။

အခုလို ကမ္ဘာ့နိုင်ငံတချု့ိမှာ စားသောက်ကုန်ဈေးနှုန်းတွေနဲ့ အာရှဒေသအတွင်း ဆန်
စပါးဈေးနှုန်းတွေ အဆမတန် မြင့်တက်လာချိန်မှာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ
ဘက်ကနေ မြန်မာနိုင်ငံဘက်ကဆန်တွေကို ထိုင်းကုန်သည်တွေက နေ့စဉ်ဝယ် တင်သွင်းနေတယ်လို့လည်း သိရပါတယ်။

အခုလို တနေ့ကို ဆန်အိတ်သုံးရာထက်မနည်း ထိုင်းနိုင်ငံထဲ တင်သွင်းနေတာကြောင့် ဆန်ဈေးနှုန်းဟာလည်း ဒီလအတွင်း ဆန်တအိတ်ကို ထိုင်းဘတ်ငွေ ၇၀၀ ကနေ ၈၂၀
အထိ တက်သွားခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက်လည်း ဆန်ဈေးနှုန်းတွေ တက်သွားတဲ့အပြင် ဒေါ်လာဈေး
ကျဆင်းလာမှု၊ ဒုက္ခသည်ဦးရေ ပိုမိုများပြားလာမှုကြောင့် ရိက္ခာအခက်အခဲတွေ
ကြုံတွေ့နေရတယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဒုက္ခသည် ကူညီ စောင့်ရှောက်ရေးအဖွဲ့တွေက ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG