သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ စာအုပ်ထဲက လှည့်ဖျားချက်များ


မြန်မာနိုင်ငံ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ကို ကမ္ဘာတဝှမ်း မြန်မာ့အရေး စိတ်ဝင်စားသူတွေ က ဝေဖန် နေကြပါတယ်။ ဧပြီလ ၁၃ ရက် ဗြိတိန် နိုင်ငံ ထုတ် ဂါဒီယန်း သတင်းစာရဲ့ ဝေဖန်ချက် စာမျက်နှာမှာ စာအုပ်ထဲက လှည့်ဖျားချက်တွေလို့ အမည်ပေးထားတဲ့ Benedict Rogers ရဲ့ ဝေဖန်ချက်တစ်ရပ် ပါရှိခဲ့ပါတယ်။ သူ့ ဝေဖန်ချက်ကို ဦးတင်မောင်သန်းက တင်ပြပေးပါတယ်။

ဆောင်းပါးရှင်က သူ့ ဝေဖန်ချက်ကို ဟောသလို စဖွင့်ပါတယ်။

ဖွဲ့စည်းပုံအပေါ် လူထု ဆန္ဒခံယူပွဲ တစ်ရပ်ကို မြန်မာပြည်သူတွေက နောက်လမှာ မဲပေးကြပါ လိမ့်မယ်။ လွန်ခဲ့တဲ့ ၁၈နှစ် ရွေးကောက်ပွဲတွေ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က မဲတွေ သိမ်းကျုံး အနိုင်ရရှိခဲ့ကတည်းကဆိုရင် ဒါဟာ ပထမဆုံး မဲရုံကို သွားခွင့်ရတဲ့ အခွင့်အလမ်းပါပဲလို့ ဆိုပြီး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်စိုးရ အတွက်အချက်လွဲ ရှုံးခဲ့ပုံကို ရေးထားပါတယ်။ ဒီ တစ်ကြိမ်မှာတော့ စစ်အစိုးရဟာ သူလိုချင်တဲ့အတိုင်း ရအောင် ပိုင်းဖြတ်ထားပြီးပါပြီလို့ ဆောင်းပါးရှင် Rogers က ဆိုပါတယ်။

ဒါ့ထက်ပိုပြီး အရှက်မရှိ ဗြောင်ကျတဲ့ အတုအလိမ်ကို ဆောင်းပါးရှင်ခမျာ စဉ်းစားကြည့်ဖို့တောင် မလွယ်လှပါဘူးလို့ ရေးထားပါတယ်။ ဆန္ဒခံယူပွဲအတွင်း နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုသူတွေ ထားဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို အစိုးရက ပယ်ချလိုက်တဲ့အခါ၊ အများလက်ခံ ယုံကြည် နိုင်မှုက တစ်စက်လေးမှ မရှိတော့ပါဘူး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲအတည်ပြုတဲ့ ဖြစ်စဉ်အပေါ် ဆန့်ကျင်သူတွေကို အနည်းဆုံး ထောင်ဒဏ် ၃နှစ် ချမှတ်နိုင်တဲ့ လူထု ဆန္ဒခံယူပွဲမျိုးက ဘယ်လို လူထုဆန္ဒခံယူပွဲမျိုးပါလိမ့်လို့လည်း မေးထားပါတယ်။

သန်းပေါင်းများစွာသော မြန်မာ ပြည်သူတွေ မှာ မဲပေးပိုင်ခွင့် မရှိပါဘူး လို့ မစ္စတာ Benedict Rogersက ဆက်ရေးထားပါတယ်။ အဲဒီ ဆောင်းပါးရှင် ထောက်ပြတဲ့ သူတွေထဲမှာ အရေအတွက် ၅သိန်း ရှိတဲ့ ဗုဒ္ဓဘာသာ ရဟန်းတွေနဲ့ သီလရင်တွေ၊ ၇သိန်းရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေ၊ တိုင်းရင်းသား နယ်မြေတွေမှာ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေ၊ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည်တွေ၊ ဒါ့ထက် ပိုဝေးဝေး ရောက်သွားကြတဲ့ နိုင်ငံရေးအရ ပြည်ပရောက် မြန်မာ ပြည်သူတွေ ပါပါတယ်။

ဆောင်းပါးရှင် မစ္စတာ Rogers ရဲ့ အမြင်မှာတော့၊ စစ်အစိုးရရဲ့ ကစားပွဲ စီမံကိန်းကတော့ ဖွဲ့စည်းပုံ အသစ်ကို တံဆိပ်တုံးထု အတည်ပြုပေးရေး ဖြစ်တာ ရှင်းလှပါတယ်။ ဒီဖွဲ့စည်းပုံကလည်း စစ်တပ် အုပ်ချုပ်ရေးကို တရိုတသေ ဌာပနာထားရတဲ့ ဖွဲ့စည်းပုံပါ။ အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံမူတွေ ချတုံးကလည်း စစ်အစိုးရက သူ့ သဘောလုပ်ခဲ့တာ ဆောင်းပါးရှင်က ပြန်ဖော်ပြပါတယ်။ ဒါကြောင့်

သူ ဆက်လက် ဝေဖန်တာကတော့၊ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ကို ဖွဲ့စည်းပုံ က မပေးပါဘူး။ စစ်တပ်အုပ်ချုပ်ရေးကို တရိုတသေ ထိန်းထားဖို့ပဲ ပေးပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေပြု အမတ်အားလုံး ရဲ့ ၂၅%ကို ခန့်ထားပါမယ်။ ကာကွယ်ရေး ဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်ထားပါမယ်။ ဝန်ကြီးက ကာကွယ်ရေး ဦးစီးချုပ်ကို အစီရင် ခံရပါ မယ်လို့ ဆိုပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဆီက အမည်စာရင်းယူပြီး သမ္မတက ခန့်ထားမှာပါ။ ဒါပေမဲ့၊ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ၃ နေရာက တပ်မတော်သားတွေပဲ ဖြစ်ရမှာဆိုတော့ ဝန်ကြီး ဖြစ်မယ့်သူက ကာကွယ်ရေး ဦးစီးချုပ်ထက် ရာထူးငယ်တဲ့ သူဖြစ်နေမှာပါ။ ဆောင်းပါးရှင်က ဒါကို ထောက်ထားပုံ ရပါတယ်။

အမျိုးသား လုံခြုံရေးကို ထိခိုက်တယ်လို့ ယူဆတဲ့ ဘယ်အချိန်ကာလမှာမဆို ကာကွယ်ရေး ဦးစီး ချုပ်က အာဏာ သိမ်းနိုင်ပါတယ်လို့ ဆောင်းပါးရှင်က ဆက်လက် ဆိုထားပါတယ်။

အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီနဲ့ ညှိုနှိုင်းပြီး သမ္မတက အရေးပေါ် အခြေအနေ ကြေညာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ကောင်စီ ကို ဖွဲ့စည်းရာမှာ အဖွဲ့ဝင် ၁၁ ယောက် ရှိတဲ့အနက် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် သူ့ ရဲ့ အာဏာရိပ် မကင်းတဲ့ တပ်မတော်သား ၆ ယောက် ပါဝင် နေမှာမို့ သူ့ မဲက အများစု ဖြစ်နေပါမယ်။ ဆောင်းပါးရှင်က ဒါကို စဉ်းစားဟန်တူပါတယ်။ ဆောင်းပါးရှင်က ဆက်လက်ပြီး၊ သီးခြား လွတ်လပ်တဲ့ တရားရေး စံနစ်မရှိပါဘူး။ ဖွဲ့စည်းပုံကို ၁၀ နှစ်တွင်း မပြင်ဆင်နိုင်ပါဘူးလို့လည်း ထောက်ပြထားပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံကို ပြင်ချင်ရင်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅%ကျော်မှ ပြင်နိုင် တယ်ဆိုတော့ အရပ်ဘက် အမတ်တွေ သဘောတူရုံဆိုရင် ၇၅% ပဲ ရှိပြီး မကျော်နိုင်သေးတာမို့ ပြင်လို့ မရသေးပါဘူး။ ဒါကြောင့် ၁၀နှစ်လို အချိန်ကာလ သဘောတောင် မဟုတ်တော့ဘဲ၊ ကာကွယ် ရေး ဦးစီးချုပ် သဘောမတူမချင်း ပြင်လို့ မရဆိုတဲ့ သဘောဖြစ်နေပါတယ်။

အဲသလို အချက်တွေကြောင့် နိုင်ငံတကာ အသိုက်အဝန်းကို ဆောင်းပါးရှင်က ဟောဒီလို ဆက်လက် တိုက်တွန်းထားပါတယ်။

ဒီ အတုအယောင် ဟန်ဆောင်ချက် နဲ့ နိုင်ငံတကာ အသိုက်အဝန်း ကို နှစ်သိမ့်နိုင်လိမ့်မယ်လို့ စစ်အစိုးရ က မျှော်လင့်နေပါတယ်။ အဲဒီ ဟန်တလုံး လေတလုံးကြောင့် ပြုပြင်ပြောင်းလဲနေတယ်လို့ နိုင်ငံတကာက ထင်ပြီး၊ အပြောင်းအလဲ လုပ်ဖို့ ဖိအား သက်သာသွားမယ်လို့ စစ်အစိုးရက မျှော်လင့် နေပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ အပါအဝင်၊ နိုင်ငံတကာ အသိုက်အဝန်းဟာ ဒီ အထဲ ကျွံကျမသွားမှ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂ တောင်းဆို ချက်တွေကို စစ်အစိုးရက ဆက်လက် လျစ်လျူပြုနေခဲ့ရင်၊ ပြတ်သား ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လိုက်လာသင့်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ကုလသမဂ္ဂ အထွေထွေ အတွင်ရေးမှူးချုပ် ကိုယ်တိုင် တာဝန်ယူသင့်ပေရဲ့။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး မိတ်ဆွေတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း နဲ့ စင်္ကာပူ နိုင်ငံတို့ ဟာ သူတို့ ရဲ့ ချွေးသိပ်တဲ့ မူဝါဒကို အဆုံးသတ်သင့်ကြပါပြီ။ စစ်အစိုးရအပေါ် တကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု ပိတ်ဆို့ သင့်ပါပြီ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စစ်ဗိုလ်ချုပ်ကြီးတွေကို လွှဲသင့်ပါပြီ။

ဒီ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတိုင်းအတွက် အပြစ်ရှိတဲ့ အစိုးရပါ။ အဲဒီ ချိုးဖောက်မှုတွေ ထဲမှာ မုဒိန်းကျင့်တာ ကို စစ်လက်နက် တစ်ရပ်သဖွယ် စံနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ တိုင်းရင်းသားတွေ မျိုးဖြုတ်သုတ်သင်ရေး ပါတယ်။ လုပ်အား အဓမ္မ အသုံးပြုတာ ပါတယ်။ လူသား ကို မိုင်းရှင်းပစ္စည်းအဖြစ် အသုံးပြုတာ ပါတယ်။ ၁၉၆၆ကတည်းက မြန်မာပြည် အရှေ့ပိုင်း ရွာပေါင်း ၃၂၀၀ ကို ဖျက်ဆီးပစ်ခဲ့တာ ပါတယ်။ ကလေးပေါင်း ၇၀၀၀၀ကို လမ်းတွေပေါ် ကနေ ဆွဲသွားပြီး မြန်မာ့တပ်မတော်ထဲ ဒီ အစိုးရက အဓမ္မ သွပ်သွင်းခဲ့တယ်။ နိုင်ငံရေး အကျဉ်းသမားပေါင်း ၁၈၀၀ကျော်ဟာ ခုလည်း ထောင်ထဲမှာ။ ထိတ်လန့်ဖွယ် ညှင်းပန်းနှိပ်စက်တာတွေ ခံနေကြရတုံးပါပဲ။ ဖြစ်နေတာထက် ဆာရင် နည်းနည်းလေးပဲ တင်ပြခဲ့ကြတာ၊ မျက်စိလျျှံသွားခဲ့ကြတာက ကာလ တာရှည်ခဲ့ပါပြီ။ ဒီ အော်ကြောလန် အနိဌာရုံ စာရင်း အရှည်ကြီးကို အဆုံးသတ်ကြဖို့ အချိန်ရောက်လို့ နေပါပြီလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG