သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားသူတွေ ထပ်မံဖမ်းဆီးခံရ


မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲ နီးကပ်လာတာနဲ့အမျှ အာဏာ ပိုင်တွေဘက်က အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတဲ့ဆီးတဲ့ အသံတွေ
လည်း ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က မြို့နယ်စည်းရုံးရေးမှူးတဦးကို အာဏာပိုင်
တွေက ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပါသေးတယ်။ အကြောင်းစုံကို ကိုအောင်လွင်
ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းတာဆီးတာတွေ ဆက်လက်ရှိနေရာမှာ အခုနောက်ဆုံး ရန်ကုန်မြို့ အလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) တွဲဖက်အတွင်းရေးမှူး ကိုမျိုးညွန့်ကို အာဏာပိုင်တွေက ခေါ်ယူ
ထိန်းသိမ်းခဲ့ပြီး အခုဆိုရင် ထောင်ဒဏ်အပြစ်ပေး အရေးယူတဲ့အထိ လုပ်ခဲ့တာပါ။
တနင်္လာနေ့ မနက်အစောပိုင်းက မိသားစုနေအိမ်မှာ ရောက်နေတုန်း ဧည့်စာရင်းမတိုင်
လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို ဖမ်းဆီးအရေးယူခဲ့တာလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အလုံမြို့နယ်က တွဲဖက်အတွင်းရေးမှူး ကိုမျိုးညွန့်။ အရင်တုန်းကတော့ လူငယ်ပေါ့။
အခုတော့ ဗဟိုမှာလည်း လူငယ်အထောက်အကူပြုပေါ့၊ အမြဲတမ်းလာတယ်။ သူ နဂို
နေတဲ့အိမ်ကနေ အခု သူ့သန်းခေါင်စာရင်းက ဒဂုံကိုရောက်နေတာပေါ့၊ အမေနဲ့
အတူတူ။ အဲဒီမှာ မနေ့ညက နှစ်နာရီမှာဝင်ဖမ်းတယ်။ ဧည့်စာရင်းမတိုင်မှုနဲ့။ ဒီနေ့
သူ့ကို ထောင် ၁၅ ရက်ချတယ်။”

ဒီလို ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်လို့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပေ
မယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုမျိုးညွန့်ရဲ့ မကြာသေးခင် ကာလတွေ
အတွင်း လုပ်ကိုင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်သာ အခုလို အရေးယူခံရတာလို့
ဦးဉာဏ်ဝင်းက ယုံကြည်ထားတာပါ။

“ဒါကတော့ အကြောင်းရှာတာပေါ့ဗျာ။ အဓိကကတော့ အခုကာလမှာ ကိုမျိုးညွန့်ရဲ့ လှုပ်ရှားမှုအပေါ်မှာ အခြေပြုပြီး ဖမ်းဆီးပြစ်ဒဏ်ချတယ်လို့ ကျနော်တို့ ဒီလိုပဲမြင်ပါ
တယ်။ ကိုမျိုးညွန့်က ကျနော်ကြားတာ ပြည်သူသို့ ပန်ကြားချက်ဆိုတာကို သူ့ကိုယ်ပိုင်
သီးခြား အစောင်တရာလောက်ဝယ်ပြီးတော့ ဖြန့်ဝေတယ်ပေါ့။ အဲဒီလို ကျနော်တို့
ကြားရတယ်။ အဖွဲ့ချုပ်အနေနဲ့ မြို့နယ်စည်းရုံးရေးအဖွဲ့အနေနဲ့ ဆောင်ရွက်တာ
သတ်သတ်၊ သူ့ကိုယ်ပိုင်ကိုတောင် သူက အဲလိုဆောင်ရွက်တယ်။ ဒါတွေအတွက်
သူ့ကို စောင့်ကြည့်ခံရတယ်လို့ ကျနော်တို့ ကြားရတယ်။”

မကြာခင် မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ အန်န်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တက်တက်ကြွကြွ လိုက်လံဖြန့်ဝေ
နေတာမို့ အာဏာပိုင်တွေက အရေးယူအပြစ်ပေးတာ ခံခဲ့ရတာဖြစ်တဲ့အကြောင်း
ဦးဉာဏ်ဝင်းက ပြောပြခဲ့တာပါ။

အန်န်အယ်လ်ဒီက တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ ရှိနေတဲ့အထဲက ဒါဟာ နောက်ဆုံးဖြစ်ရပ်လို့ ဆိုရမှာပါ။ ဒီလဆန်းပိုင်းတုန်းကလည်း
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးတင်မြ၊ နောက် လူငယ်
စည်းရုံးရေးမှူး ကိုအောင်ထွန်းတို့ဟာလည်း နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီ မတိုင်ခင်တုန်းကလည်း သင်္ကန်းကျွန်းမြို့နယ်ထဲက အန်န်အယ်လ်ဒီလူငယ် ၆ ယောက်
ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီလို အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား အရေးယူနေတာဟာ ဒီမိုကရေစီ ဖော်ဆောင်ပါမယ်လို့ အာဏာပိုင်တွေရဲ့အပြောနဲ့ ကွဲလွဲနေပါတယ်လို့လည်း ဦးဉာဏ်
ဝင်းက မှတ်ချက်ပေးပါတယ်။

“သူတို့က ဒီမိုကရေစီဆောင်ရွက်မယ်လို့ ပြောပေမယ့် ဒီမိုကရေစီ လက္ခဏာ တစုံတရာ
ကိုမှ မပြဘူး။ မပြတဲ့အပြင် ဒီမိုကရေစီအရ ရထိုက်တဲ့အခွင့်အရေး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကိုလည်း အနှောင့်အယှက်တွေ အများကြီးပေးနေတယ်လို့
ကျနော် ပြောချင်ပါတယ်။”
အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။

အလားတူဆိုသလိုပဲ အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ အပါအဝင် အတိုက်အခံ နိုင်ငံရေး
လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတဲ့အပေါ် လူ့အခွင့်
အရေး လှုပ်ရှားနေသူတွေက စိုးရိမ်ပူပန်ကြတဲ့ အသံတွေကိုလည်း ကြားနေရတာပါ။ ဒီလဆန်းတုန်းကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty
International) က အခြေခံဥပဒေတရပ်ကို အတည်ပြုဖို့အတွက် မြန်မာစစ်အစိုးရက
မေလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဆန္ဒခံယူပွဲ နီးလာလေလေ ဖိနှိပ်မှုတွေ ပိုမို
များပြားလာလေလေဖြစ်မှာကို စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း သင်္ကြန်ကာလအတွင်း
ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်သူ အနည်းဆုံး ၂၀ ကျော်ကို အာဏာပိုင်
တွေက ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့တယ်လို့ အန်န်အယ်လ်ဒီနဲ့ တက်ကြွလှုပ်ရှားသူ နိုင်ငံ
ရေးအသိုင်းအဝိုင်းက ပြောပြကြပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေ အသေးစိတ်ကတော့ အတိအကျ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG