သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တခုတည်းသောကမ္ဘာ ရုပ်ရှင်ပြပွဲမှာ မြန်မာ့အရေး မှတ်တမ်းတင်ရုပ်ရှင်ပြ


ကမ္ဘာပေါ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရိုက်ကူးထားတဲ့ မှတ်တမ်းတင်ရုပ်ရှင်တချို့ကို ပြသတဲ့ ရုပ်ရှင်ပွဲတော်တခုကို မနေ့ ဧပြီလ ၁၄ ရက်နေ့
က နယူးယောက်ခ်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြသတဲ့ မှတ်တမ်းခွေတချို့လည်း ပါဝင်ပါတယ်။ ဒီအကြောင်းကို
တော့ ရုပ်ရှင်ပွဲတော်ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သူ မခင်ဖြူထွေး
က နယူးယောက်ခ်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

One World ‘တခုတည်းသော ကမ္ဘာ’ လို့ခေါ်တဲ့ ဒီရုပ်ရှင်ပွဲတော်ကို မနေ့ ဧပြီလ ၁၄
ရက်နေ့ကနေ စပြီးတော့ ၁၈ ရက်နေ့အထိ နယူးယောက်ခ်မြို့မှာ ကျင်းပသွားမှာပါ။
မနေ့က ဖွင့်ပွဲမှာတော့ One World ရုပ်ရှင်ပွဲတော်ရဲ့ ဦးဆောင်ဒါရိုက်တာ အိုင်ဂေါ
ဘလာဇီဗစ်ချ် (Igor Blazevic) က ဒီပွဲကျင်းပရတဲ့အကြောင်းနဲ့ တက်ရောက်လာတဲ့
သူတွေကို ကျေးဇူးတင်စကားပြောဆိုရင်း ပွဲတော်ကို ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီနောက်
မှာတော့ မြန်မာနိုင်ငံက အမျိုးသမီးလှုပ်ရှားသူ ၃ ဦးရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ
ကို ရိုက်ကူးထားတဲ့ Burma 2008 ဆိုတဲ့ မှတ်တမ်းခွေနဲ့အတူ ကျူးဘားနိုင်ငံက နိုင်ငံ
ရေးအကျဉ်းသား မိသားစုဝင် အမျိုးသမီးတွေရဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
လှုပ်ရှားမှုကို ရိုက်ကူးထားတဲ့ Ladies in White ဆိုတဲ့ မှတ်တမ်းခွေတွေကို ပြသခဲ့ပါ
တယ်။

လတ်တလော မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမို ကရေစီရေးလှုပ်ရှားသူ မစုစုနွေး၊ မဖြူဖြူသင်းနဲ့ စစ်အစိုးရ ဖမ်းဆီးမှုရန်ကနေ
တိမ်းရှောင်နေရတဲ့ မနီလာသိန်းတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ပုံရိပ်တွေနဲ့ မြန်မာ
စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းခွေပဲ ဖြစ်ပါ
တယ်။ ဒီမှတ်တမ်းခွေကို နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ One World ရုပ်ရှင်ပွဲတော်ကို ဦးစီးကျင်းပတဲ့ ချက်ရီပတ် ပလစ်နိုင်ငံအခြေစိုက် People in Need အဖွဲ့ကနေ မစုစုနွေး၊ မဖြူဖြူသင်းနဲ့ မနီလာ
သိန်းတို့ကို မနှစ်က ရုပ်ရှင်ပွဲတော်အတွင်း Homo Homini ဆု ချီးမြှင်ခဲ့စဉ်တုန်းက
လည်း ပြသခဲ့ပါသေးတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့တန်းတူ ရှေ့တန်းကနေ ပါဝင်နေတာကို မီးမောင်းထိုးပြနိုင်ဖို့အတွက် အခုလို မှတ်တမ်းခွေကို
ပြသဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ People in Need အဖွဲ့က မြန်မာ့ရေးရာတာဝန်ခံ
မာရီယာ ပါရှီနိုဗာ (Marie Perinova) ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ People in Need အဖွဲ့
အနေနဲ့ အမြဲတမ်း စိုးရိမ်မကင်း ဖြစ်မိသလို ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရုပ်ရှင်ပွဲတော်ကနေတဆင့် နိုင်ငံတကာသိအောင် ထုတ်ဖော်ပြသနိုင်ဖို့အတွက် နှစ်စဉ်
ရုပ်ရှင်ပွဲတော် ကျင်းပတိုင်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးမှတ်တမ်းခွေ အနည်းဆုံး
တခွေ ပြသနိုင်အောင် အမြဲကြိုးစားခဲ့တယ်လို့ မာရီယာက ပြောပြပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကျမတို့ စာထဲမှာ ဖတ်ရတာ၊ ကြားရ
တာတွေ ရှိပါတယ်။ ဒါပေမယ့် တခါတလေမှာ ဖတ်ရ ကြားရရုံနဲ့ ဒီအပေါ်မှာ စိတ်ဝင်
တစားနဲ့ ပိုပြီးသိချင်လာအောင်၊ တခုခုလုပ်ချင်လာတဲ့အထိအောင်တော့ မဆွဲဆောင်
နိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် ရုပ်ပုံတွေ အသံတွေကို တခါတည်း မြင်တွေ့ ကြားရ
တဲ့အခါ ပိုပြီး ယုံကြည်နိုင်စရာဖြစ်သလို ကြည့်ရတဲ့လူတွေအနေနဲ့လည်း သူတို့မြင်တွေ့
ရတဲ့အပေါ်မှာ အလွယ်တကူ မေ့မသွားတတ်ပါဘူး။ ဒါကြောင့် အခုလို မှတ်တမ်းတင် ရုပ်ရှင်ကားတွေကို ပြရတာက အကျိုးထူးရှိပါတယ်။ မြန်မာနိုင်ငံအကြောင်းကို နိုင်ငံ
တကာကလူတွေ သိသွားပြီး ဒီအပေါ်မှာ လှုပ်ရှားမှုတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။”
လို့ မာရီယာက ပြောသွားခဲ့တာပါ။

One World ရုပ်ရှင်ပွဲတော်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မှတ်တမ်းတင် ရုပ်ရှင်
တွေကိုပြသတဲ့ ဥရောပက အကြီးဆုံး ရုပ်ရှင်ပွဲတော်တခုပဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကို
People in Need အဖွဲ့က ဦးစီးပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကစလို့ နှစ်စဉ် ကျင်းပလာခဲ့တာပါ။
ဒီနှစ်မှာတော့ ရုပ်ရှင်ပွဲတော်ကို နယူးယောက်ခ်မြို့မှာ လာရောက်ကျင်းပဖြစ်ပြီးတော့
ဒါဟာဆိုရင် နယူးယောက်ခ်မြို့မှာကျင်းပတာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်း
မာရီယာက ပြောပြပါတယ်။

ငါးရက်ကြာကျင်းပမယ့် ဒီရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက မှတ်တမ်းခွေအချို့အပြင်
ကျူးဘား၊ ယူကရိန်း၊ အက်စ်တိုးနီးယား၊ ဘဲလားရုစ်နဲ့ တရုတ် စတဲ့နိုင်ငံတွေက လူ့
အခွင့်အရေး အခြေအနေတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းခွေတွေကို ပြသသွားမှာ
ဖြစ်ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသား
ဒေသတွေမှာ မြန်မာစစ်အစိုးရရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ကို ရိုက်ကူးထားတဲ့ ‘Prayer for Peace’ လို့ခေါ်တဲ့ မှတ်တမ်းတင်ခွေကို နယူးယောက်ခ်
မြို့က ကိုလံဘီယာတက္ကသိုလ်မှာ ပြသဖို့ရှိသလို ဒီမှတ်တမ်းခွေ မပြသခင်မှာလည်း မြန်မာနိုင်ငံအကြောင်း ဆွေးနွေးပွဲတခုကို ပြုလုပ်ဖို့ရှိတယ်လို့ မာရီယာက ပြောပြခဲ့ပါ
သေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG