မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေမူကြမ်းအပေါ် လူထု
ဆန္ဒခံယူတာကို စောင့်ကြည့်လေ့လာမယ့် နိုင်ငံ
တကာက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ မရှိဘဲနဲ့
တော့ ဒီဆန္ဒခံယူပွဲဟာ လုပ်ရိုးလုပ်စဉ် သာမန်ကိစ္စ
တခုလောက်ပဲ ဖြစ်သွားလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးက
ပြောလိုက်ပါတယ်။ ဒါ့အပြင် ဗြိတိန်အထူးသံတမန်
တဦးကလည်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့
(ASEAN) အနေနဲ့ မြန်မာနိုင်ငံအရေး တင်းတင်း
မာမာကိုင်တွယ်ဖို့ ပြောခဲ့ပါသေးတယ်။
ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထား
ပါတယ်။
မေလ ၁၀ ရက်မှာ ကျင်းပတော့မယ့် လူထုဆန္ဒ ခံယူပွဲမတိုင်ခင်မှာ အတိုက်အခံတွေကို လှုပ်ရှား
ခွင့်ပြုဖို့နဲ့ လူထုကို လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့်တွေပေးဖို့ တောင်းဆိုခဲ့သူ
ကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ စုံစမ်းစစ်ဆေးရေးမှူး
မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) ပါ။ ဥရောပသမဂ္ဂ
လွှတ်တော်ကို အလည်အပတ်သွားတဲ့အချိန် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ သတင်းထောက်တွေကို သူက အဲဒီလိုပြောလိုက်တာပါပဲ။
အခြေခံလွတ်လပ်ခွင့် တခုမှမရှိဘဲနဲ့ ဆန္ဒခံယူပွဲ ဘယ်လိုလုပ်မလဲလို့ အေပီသတင်းဌာန
က တွေ့ဆုံမေးမြန်းခဲ့ချိန်မှာ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ကန့်ကွက်မဲပေးဖို့ လှုံ့ဆော်သူတွေ အဖမ်းခံရတဲ့သတင်းတွေလည်း သူရပါတယ်တဲ့။ ဒီဆန္ဒခံယူပွဲပေါ်
ဘယ်လိုလုပ်ပြီး ယုံကြည်ရမလဲ၊ လွတ်လပ်မှုရှိတဲ့ အရိပ်လက္ခဏာ တခုတလေကိုမှ သူမတွေ့ရပါဘူးလို့ မစ္စတာပင်ညဲရိုးက ဆိုပါတယ်။
ဒါပေမယ့် ဒီလို ဖမ်းဆီးခံရမှုတွေအပါအဝင် တခြား လူ့အခွင့်အရေးအခြေအနေတွေကို
သူ စုံစမ်းစစ်ဆေးဖို့ရာကတော့ အလားအလာ အတော့်ကို မှေးမှိန်လှပါတယ်။ သူ့ရဲ့
တာဝန်သက်တမ်းဟာ ဒီလကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မြန်မာစစ်အစိုးရက
ဒီလောက်အချိန်တိုအတွင်း သူ့ကို ပြည်ဝင်ခွင့်ပေးလိမ့်မယ်လို့ သူက လုံး၀ မျှော်လင့်
မထားပါဘူး။
မစ္စတာပင်ညဲရိုး အဆိုပြုသလိုမျိုးပဲ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး
ပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ပြီးခဲ့တဲ့လ မြန်မာ
ပြည် ရောက်ခဲ့တုန်းကလည်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ ထားရှိဖို့ဆိုတာကို စစ်အစိုးရက ပယ်ချထားပြီးသားပါ။ ဒါဟာ
မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးတဲ့ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီအချက်ကို လက်မခံ သဘောမတူတဲ့ နောက်တဦးကတော့ ဗြိတိန်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းရေးရာနဲ့ အထူးစီမံကိန်းများဆိုင်ရာ အထူးသံတမန် မိုက်ကယ်လ်
ဝီလီယမ်မ်စ် (Michael Williams) ပါ။ သူက နီပေါလ်မှာ ရွေးကောက်ပွဲလုပ်ခဲ့ပုံကို ထောက်ပြပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေ ရှိခဲ့တယ်၊ ကုလသမဂ္ဂ
တာဝန်ရှိသူတွေ ရှိခဲ့တယ်၊ မြန်မာနိုင်ငံလို မဟုတ်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ သုံးရက်ကြာခရီး ရောက်နေချိန် တနင်္ဂနွေနေ့မှာ
မစ္စတာ မိုက်ကယ်လ် ဝီလီယမ်မ်စ် အဲဒီလိုပြောခဲ့တာကို တနင်္လာနေ့က The Jakarta
Post သတင်းစာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူတာဝန်ယူရတဲ့ အထူးစီမံကိန်းများဆိုင်ရာထဲမှာ မြန်မာနိုင်ငံလည်း အကျုံးဝင်ပါတယ်။
သူက မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ ကိစ္စတွေကို အကျယ်တဝင့် ပြောခဲ့ပါတယ်။ မြန်မာ
နိုင်ငံဟာ အာဆီယံထဲမှာ အမည်းစက်ဖြစ်နေတယ်၊ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့ရဲ့
ဆက်ဆံရေးကို အခက်အခဲဖြစ်၊ ပြဿနာတက်စေတယ်လို့ဆိုတဲ့အပြင် ဆက်ဆံရေးကို အဆိပ်ခတ်သလိုတောင် ဖြစ်စေနိုင်တယ်ဆိုတာထိ အပြင်းအထန် ပြောခဲ့ပါတယ်။
အာဆီယံပဋိညာဉ်စာတမ်းအရ လူ့အခွင့်အရေးကော်မရှင် ထူထောင်တဲ့အခါ မြန်မာ နိုင်ငံကအခြေအနေကိုကြည့်ပြီး ဘယ်လို လူ့အခွင့်အရေးကော်မရှင်မျိုး ဖြစ်မလဲဆိုတာ ပြင်ပကလူတွေက မေးခွန်းထုတ်ကြလိမ့်မယ်တဲ့။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မဖြစ်မနေလိုက်နာရမယ့် မြန်မာနိုင်ငံဆိုင်ရာ
ဆုံးဖြတ်ချက်တခု ထွက်လာဖို့ကိုတော့ မိုက်ကယ်လ် ဝီလီယမ်မ်စ်က အကောင်းမမြင်လှ
ပါဘူး။ အကြောင်းကတော့ မြန်မာရဲ့ အကြီးဆုံးမဟာမိတ်ဖြစ်တဲ့ တရုတ်က ဗီတို
အာဏာသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေသလို အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား
နဲ့ ဗီယက်နမ်တို့ဟာလည်း လက်ရှိ အဖွဲ့ဝင်နိုင်ငံတွေဖြစ်နေကြတာကို သူက ထောက်ပြ
ပါတယ်။
ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟက်ဆန် ဝီရယုဒ (Hassan Wirajuda) နဲ့ သူတွေ့တဲ့အခါမှာတော့ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
အသစ်တခု ထွက်လာရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။
နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကဖြစ်ပြီး ဒီထုတ်ပြန်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေ မဖြစ်မနေ လိုက်နာ ရမယ့်သဘောထား မဟုတ်ကြောင်းပါ။