သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်တွင်း မျက်စိဝေဒနာ ခံစားနေရသည့် ကိုမင်းကိုနိုင် ဆေးကုသခွင့်မရသေး


အင်းစိန်ထောင်မှာ အထိန်းသိမ်းခံထားရတဲ့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်ရဲ့ မျက်စိကျန်းမာရေး
ချို့ယွင်းနေတယ်လို့ မိသားစုဝင်တဦးက
ပြောပါတယ်။ ဆရာဝန်နဲ့ ပြသစစ်ဆေးခွင့်
တောင်းထားပေမယ့် ခုချိန်ထိ မရသေးဘူး
လို့လည်း ပြောပါတယ်။ ကိုကျော်ကျော်
သိန်းက ကိုမင်းကိုနိုင်ရဲ့ အစ်မဖြစ်သူကို
ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါ
တယ်။

ကိုမင်းကိုနိုင်ရဲ့ မျက်စိကျန်းမာရေးအပါအဝင် တခြားအခြေအနေတွေကို အစ်မဖြစ်သူ မကြည်ကြည်ညွန့်က ဗွီအိုအေကို ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က
ကိုမင်းကိုနိုင်ဆီ ထောင်ဝင်စာသွားတွေ့ချိန်မှာ ကိုမင်းကိုနိုင်က သူ့ရဲ့ မျက်စိအခြေအနေ ပြောပြခဲ့ပါတယ်တဲ့။

“ကျမ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလေ၊ အဲဒီနေ့ ကျမသွားတဲ့အချိန်ကျတော့ ၁၅ ရက်ရှိပြီတဲ့၊
မျက်စိစူးပြီး အောင့်နေတယ်တဲ့။ နှစ်ပတ်ပေါ့နော်၊ ကျမ ကြားထဲမှာ တပတ်ခြားသွား
တာပေါ့။ မျက်စိစူးပြီး အောင့်နေတယ်လို့ပြောတော့ ဆရာဝန်လာတယ်တဲ့။ ရိုးရိုး
ဆရာဝန်ပဲလေ၊ အဲဒီရိုးရိုးဆရာဝန်က မျက်စင်းတော့ပေးတယ်တဲ့၊ အဲဒီမျက်စင်းကို
သူခတ်တဲ့အခါကျတော့ သိပ်မသက်သာဘူးတဲ့။ မသက်သာတော့ သူ့ကို Eye Specialist
လွှတ်ပေးဖို့ သူပြောတယ်၊ တောင်းဆိုတယ်ပေါ့နော်၊ နှစ်ခါလောက် တောင်းဆိုတယ်တဲ့။
Eye Specialist က တလကို တကြိမ်ပဲ ထောင်ထဲကို ဝင်တယ်ပေါ့၊ ဧပြီလအတွက်က
မဝင်သေးဘူးပေါ့၊ သူက မတ်လနောက်ပိုင်းမှာ ဖြစ်တယ်ဆိုတော့လေ။”

ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ယောက်ကို
၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။အခု
ဆိုရင် ၈ လနီးပါးရှိလာပြီဖြစ်ပေမယ့် ဥပဒေနဲ့အညီ တရားရုံးတင်စစ်ဆေးတာမျိုး
ခုချိန်ထိ မရှိသေးပါဘူး။ ဒါ့အပြင် သူတို့အပေါ်စွဲတင်တဲ့ ပုဒ်မတွေကိုလည်း အမျိုးမျိုး
ပြောင်းပြီး တပ်နေခဲ့တာပါ။ စ ဖမ်းသွားတဲ့အချိန်တုန်းက ပုဒ်မ ၅ (ည)၊ တခါ အဲဒါက
နေ ပုံနှိပ်အက်ဥပဒေ၊ နောက် ဗွီဒီယိုအက်ဥပဒေ စသည်ဖြင့် အမျိုးမျိုးပြောင်းတပ်ခဲ့
ပါတယ်။ သူတို့ကို တရားရုံးမတင်ဘဲ ဖမ်းဆီးချုပ်နှောင်ထားတာကို ဥပဒေကြောင်း
အရ ဘောင်ဝင်အောင်လုပ်တဲ့အနေနဲ့ ခုလို ပုဒ်မတွေ ပြောင်းတပ်နေတာဖြစ်နိုင်
တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) က ရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦး
က ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။ အခုလက်ရှိ တပ်ထားတဲ့ပုဒ်မကို အစ်မဖြစ်သူ ပြောပြ
ခဲ့တာကတော့ ...
“နောက်ဆုံးတပ်ထားတာကတော့ ပုဒ်မ ၄ လို့ ပြောပါတယ်ရှင့်။”

ပုဒ်မ ၄ က ဘာဆိုတာ ရှင်းရှင်းလင်းလင်းမရှိပေမယ့် အမျိုးသားညီလာခံကို ဆန့်ကျင် နှောင့်ယှက်ခြင်းကနေ ကာကွယ်တဲ့ဥပဒေ ၅/၉၆ နဲ့ အကျုံးဝင်တဲ့ပုဒ်မ ဖြစ်နိုင်တယ်လို့ ဦးမင်းလွင်ဦးကပဲ ပြောပြခဲ့ပါတယ်။ အဲဒီပုဒ်မအရ ပြစ်ဒဏ်စီရင်မယ်ဆိုရင် အနည်း
ဆုံး ထောင်ဒဏ် ၅ နှစ်ကနေ အများဆုံး နှစ် ၂၀ ထိ ချနိုင်တဲ့အပြင် ငွေဒဏ်လည်း
ချမှတ်နိုင်ပါတယ်။

အခုအချိန်ဟာ စစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူဖို့ ပြင်ဆင်
နေချိန်ဖြစ်ပြီး အကျဉ်းထောင်တွင်းမှာ ရှိနေတဲ့လူတွေကိုလည်း မဲပေးခိုင်းဖို့ ပြင်ဆင် နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ကိုမင်းကိုနိုင်
ရဲ့အစ်မဖြစ်သူကို မေးကြည့်ပါတယ်။

“သူတို့ မဲပေးရမယ်ထင်တယ်တဲ့၊ သူတို့ကို မဲပေးခိုင်းဦးမယ်တဲ့၊ အဲလိုတော့ ပြောပါ
တယ်ရှင့်။ သူပြောတယ်၊ အထဲကနေတဲ့လူတွေလည်း မဲပေးရဦးမယ်တဲ့။”

ကိုမင်းကိုနိုင်ဟာ ပထမတကြိမ်မှာလည်း ၁၉၈၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၁၅
နှစ်ကျော် အကျဉ်းကျခံခဲ့ရသူပါ။ အဲဒီအကျဉ်းစံကာလ သက်တမ်းရှည်အတွင်း ကျန်းမာ
ရေး ချို့ယွင်းခဲ့ရသလို ခုတကြိမ် ပြန်အဖမ်းခံရတဲ့အခါမှာလည်း ထောင်တွင်းနေရတဲ့
အခြေအနေက မကောင်းတာကြောင့် မိသားစုက စိုးရိမ်နေကြတာပါ။

“ကျန်တဲ့ ကျန်းမာရေးကတော့ သူက အာရုံကြော အားနည်းတယ်လေ၊ အာရုံကြော အားနည်းတဲ့ရောဂါရှိတယ်။ အဲဒါကို သူနေရတဲ့အခန်းက တအား စိုစွတ်ထိုင်းမှိုင်း တယ်လို့ပြောတယ်လေ။ စိုစွတ်ထိုင်းမှိုင်းတော့ နေရထိုင်ရ သိပ်တော့ အဆင်မပြေ
ဘူး။ နောက်ပြီးတော့ လောလောဆယ်က လမ်းလျှောက်ခွင့်ပိတ်လိုက်တော့ ပိုဆိုး
သွားတာပေါ့။ ကျမ လောလောဆယ်စိတ်ပူနေတာ အဲဒီမျက်စိကို အရမ်းစိုးရိမ်တယ်
လေ။ အရှေ့မှာ (ကို) လှမျိုးနောင်တုန်းကလည်း ဖြစ်သွားတော့လေ။ အဲဒါကို စိတ်ပူ
နေတာပေါ့။”

သူပြောသွားတဲ့ထဲမှာပါတဲ့ ကိုလှမျိုးနောင်ဟာလည်း ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တဦးဖြစ်ပြီး မျက်စိဆေးကုသခန်းမှာ ဆေးကုသနေချိန် သူ့ကို ဖမ်းဆီး
သွားခဲ့တာပါ။ ဖမ်းဆီးပြီးနောက်ပိုင်း စနစ်တကျ ကုသမှု မခံယူရတာကြောင့် မျက်စိ
တလုံး ကွယ်သွားခဲ့ရပြီးပါပြီ။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေအရ ၁၃၀၀ ကျော်ရှိပါတယ်။ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ
အပေါ် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာ၊ ဆိုးရွားညံ့ဖျင်းတဲ့ အစားအစာတွေ
ကျွေးမွေးတာ၊ စိတ်ပိုင်း ရုပ်ပိုင်း နှိပ်စက်ညှဉ်းပန်းတာ စသည်အားဖြင့် မြန်မာနိုင်ငံ
က အကျဉ်းထောင်တွေဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။

စစ်အစိုးရကတော့ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုလာခဲ့ပြီး
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မပြတ်တောင်းဆိုနေသလို ထိန်းသိမ်းထားသူ
တွေကို လွှတ်ပေးဖို့လည်း အခုချိန်ထိ လိုက်လျောခြင်း မရှိသေးကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG