အာရှမှာ ဆန်ရှားပါးမှုတွေ ဖြစ်နေတာကြောင့် ပြည်ပကို ဆန်တင်ပို့မှုတွေ ရပ်နားနေ
ချိန် မြန်မာပြည်မှာတော့ ပြည်ပကို ဆန်တင်ပို့ဆဲဖြစ်ပြီး ပြည်တွင်းက လယ်သမားတွေ
ဆီကလည်း ဈေးနှိမ်ပြီး အဓမ္မဆန်ဝယ်ယူနေတာတွေ လုပ်နေတာကြောင့် လယ်သမား
တွေ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ
သတင်းထောက် ဒေါ်အေးအေးမာက တင်ပြပေးထားပါတယ်။
အာရှနိုင်ငံတွေမှာ ဆန်ရှားပါးမှုကြောင့် ပြည်ပကို ဆန်တင်ပို့မှုတွေရပ်နားပြီး ပြည်တွင်း
မှာပဲ ဖူလုံဖို့အတွက် ကြိုးစားနေချိန်မှာ မြန်မာနိုင်ငံမှာတော့ ပြည်ပကို ဆန်တင်ပို့နိုင်ဖို့
အတွက် ကြိုးစားနေသလို ပြည်တွင်းမှာလည်း လယ်သမားတွေဆီက စစ်တပ်က အဓမ္မ
ဆန်ဝယ်ယူမှုတွေ လုပ်နေပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တွေမှာတော့ ကျေးရွာ
တွေက လယ်သမားတွေထံကနေ ဈေးနှိမ်ပြီး အဓမ္မဆန်ဝယ်ယူမှုတွေ လုပ်နေတယ်
ဆိုပြီး လယ်သမားတွေက ပြောပါတယ်။
“သူတို့တွေက အဓမ္မ တအိမ်တက်တအိမ်ဆင်း ဝယ်နေတဲ့အချိန်ကျတော့ မရှိ ရှိတာကို ရောင်းပေးရတယ်။ လုံးဝမပေးနိုင်ဘူးဆိုရင် ပိုက်ဆံပေးရတာပဲ။ တအားအခက်အခဲ
ရှိတာပေ့ါ။ ဝမ်းစာအတွက်တောင် မရှိတော့ဘူး၊ လယ်သမားတော်တော်များများက။
ကျနော်တို့ လယ်သမားတွေဘဝကတော့ မလွယ်ပါဘူး။ တော်တော်ခက်ခဲပါတယ်။”
အပြင်မှာ စပါးတတင်းကို ခြောက်ထောင်ကျပ်လောက်ပေါက်နေချိန်မှာ သုံးထောင်
ကျပ်နဲ့ စစ်တပ်က အဓမ္မဝယ်ယူနေပြီး တဧကကို တတင်း မဖြစ်မနေ ရောင်းချပေးနေ
ရပါတယ်။ ဒီလိုမရောင်းနိုင်တဲ့ လယ်သမားတွေဆီကနေ စပါးတတင်းကို နှစ်ထောင်
ကျပ်နှုန်းနဲ့ အတင်းအကျပ် ကောက်ခံနေတယ်လို့လည်း ပြောဆိုနေကြပါတယ်။
အခုဆိုရင် နယ်မြေခံတပ်တွေနဲ့အတူ မြို့နယ်က ကုန်သည်ကြီးတွေ၊ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်
တွေဟာ ကျောက်တော်က ရွာတွေဖြစ်တဲ့ ပန်းဘဲချောင်း၊ ခမောင်းတော၊ မီးရပ်တောင်၊
ဝါးနက်တောင်၊ ကွမ်းအုံစု၊ ဘုတ်တော၊ အိမ်မတူ၊ ငါးပြောက်ရွှင် စတဲ့ကျေးရွာတွေက လယ်သမားတွေဆီကနေ အဓမ္မ စပါးဝယ်ယူမှုတွေ လုပ်နေပါတယ်။ မြန်မာစစ်တပ်ဟာ
၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး တပ်အင်အားတွေကို ဆယ်ဆအထိ တိုးချဲ့ထားပြီး လယ်သမားတွေထံက လယ်ဧကတွေသိမ်းကာ တပ်ပိုင်မြေတွေ လုပ်ခဲ့ပါတယ်။ တပ်ပိုင်
မြေနဲ့နီးတဲ့ လယ်တွေကိုလည်း သိမ်းယူခဲ့ပါတယ်။ အဲဒီအခါ တပ်ပိုင်လယ်ဧကတွေလုပ်
ပြီး တပ်ပိုင်လယ်ကွက်တွေမှာလည်း စပါးစိုက်ဖို့အတွက် နယ်မြေခံလူထုကို အဓမ္မ ခိုင်းစေတာတွေလည်း လုပ်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ စပါးပိုးဖျက်တဲ့အတွက် ဒုက္ခရောက်နေတဲ့ လယ်သမားတွေထံက အဓမ္မ
စပါးဝယ်ယူမှုတွေ လုပ်ခဲ့တာကြောင့် လယ်သမားတွေအတွက် ဒုက္ခဆင်းရဲကို ဆင့်ကဲ
ဆင့်ကဲ ကြုံနေရပါတယ်။ ရခိုင်ပြည်နယ်တင်မက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စတဲ့နေရာ
တွေမှာလည်း ဒီအဖြစ်တွေကို ကြုံနေရပါတယ်။ အထူးသဖြင့် မြန်မာတနိုင်ငံလုံးမှာ
ဒီအဖြစ်တွေကို ကြုံနေရပါတယ်။
မြန်မာနိုင်ငံမှာ ဆန်ဈေး၊ ဆီဈေးတွေကြီးပြီး စားဝတ်နေရေး ကျပ်တည်းလွန်းတာ
ကြောင့် ပြည်သူတွေက မခံရပ်နိုင်တဲ့အဆုံး ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရဟန်း
သံဃာတွေနဲ့ ပြည်သူတွေရဲ့ လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို ပြည်တွင်းမှာ
ထမင်းကို ခွဲတမ်းနဲ့စား၊ ထမင်းရည်သောက်၊ ကန်စွန်းဥစားပြီး ရှင်သန်နေရတဲ့အချိန်မှာ မြန်မာစစ်အစိုးရကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံ
တွေကို ဆန်တင်ပို့မှုတွေ လုပ်နေသလို ဆန်ရောင်းချဖို့အတွက် စာချုပ်တွေလည်း
ချုပ်နေပါတယ်။
အာရှမှာ ဆန်ပြတ်လပ်မှုတွေ ဖြစ်နေတာကြောင့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊
အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ ဆန်တင်ပို့မှုတွေရပ်နားပြီး ကိုယ့်ပြည်တွင်းကို ဖူလုံဖို့
အတွက် အစိုးရတွေက ကြိုးစားနေကြပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း အစိုးရက
သူ့ပြည်သူတွေကို စိုးရိမ်စရာမရှိအောင် ထိုင်းနိုင်ငံတွင်းမှာ ဆန်ကိစ္စနဲ့ပတ်သက်ပြီး ဖူလုံမှုတွေရှိနေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
အာရှမှာ အခုလို ဆန်ရှားပါးမှုတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ပြည်သူတွေ
အနေနဲ့ ဖူလုံမှုတွေရှိရဲ့လား၊ စားဝတ်နေရေးကရော ပြေလည်ရဲ့လားဆိုတာ မြန်မာ့ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းကို မေးမြန်းကြည့်တဲ့အခါ …
“ပြည်ပမှာ ဆန်ရှားတယ်ဆိုတဲ့သတင်း ထွက်လာပြီဆိုကတည်းက တော်တော်စိုးရိမ်တဲ့
အပိုင်းက ဆန်စုကြတာကြောင့်လားမသိဘူး၊ ဒီမှာလည်း အထိုက်အလျောက်တော့
ဈေးတက်ပါတယ်။ တပြည်ကို တထောင့်တရာ၊ ဆယ့်ခြောက်ပြည်တတင်းဆို တသောင်းခြောက်ထောင်၊ တတင်းခွဲအိတ်ဆိုရင် နှစ်သောင်းငါးထောင်၊ နှစ်သောင်း ခြောက်ထောင်လောက် ဖြစ်သွားတယ်။ စားဝတ်နေရေးပြေလည်သလားဆိုတာ ကျနော်တွေ့ရသလောက်တော့ အောက်ခြေလွှာ လူတန်းစားအဆင့်၊ လက်လုပ်
လက်စား နေ့တွက်ခ၊ နေ့စားခနဲ့လုပ်တဲ့ အသိုင်းအဝိုင်းမှာတော့ ကျပ်တည်းမှုရှိတယ်လို့ ကြားနေရပါတယ်။”
အခုဆိုရင် ဆန်ရှားပါးမှုကို မြန်မာနိုင်ငံတွင်းက ပြည်သူတွေက ခံစားနေရပြီဖြစ်သလို ထပ်ပြီးတော့လည်း ဆန်ရှားပါးမှု၊ ပြတ်တောက်မှုတွေ ဖြစ်လာမယ်ဆိုရင် တိုင်းပြည်
အတွက် ပညာရှင်တယောက်အနေနဲ့ ဘယ်လိုစဉ်းစားမလဲလို့ မေးတဲ့အခါမှာတော့ …
“သာမန်အနေနဲ့ကြည့်မယ်ဆိုရင်တော့ နိုင်ငံတကာက ဒီလမ်းကို ဒီလိုပဲ ဂရုတစိုက်
လုပ်တယ်ဆိုရင် ကိုယ်လည်း ဒီလိုပဲ ဂရုတစိုက်ဖြစ်ဖို့ကောင်းတာပေါ့။ သို့သော် အာဏာပိုင်တွေအနေနဲ့တော့ အချက်အလက်တွေအကုန်လုံး သူတို့ သိနေမှာပေါ့။
သိနေတော့ သူတို့မှာ ဘာအခက်အခဲများရှိလို့များ လုပ်သလဲ၊ အဲလိုပဲ တွေးဆစရာ
ရှိပါတယ်။ ကျနော့်အနေနဲ့ဆိုရင်တော့ ကိုယ့်တိုင်းသူပြည်သား ပထမပေါ့။ တနည်း
အားဖြင့်ဆိုရင် မြန်မာဗုဒ္ဓဘာသာအနေနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေက ဆင်းရဲလို့ ကူညီထောက်ပံ့တဲ့အနေနဲ့ ရောင်းတယ်ဆိုရင်တောင်မှ ပထမဦးစားပေးကတော့ ကိုယ့်ပြည်သူပြည်သားပဲ ဖြစ်ဖို့ကောင်းပါတယ်လို့ ကျနော်ထင်ပါတယ်။”
လက်ရှိအခြေအနေမှာတော့ မြန်မာပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းမှု၊ ဆန်ဈေးဆီဈေးတက်မှုတွေ ကြုံနေရပြီး ပြည်သူအများစုဟာ ဝင်ငွေ၊ ထွက်ငွေ မမျှမှု
တွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ တိုင်းပြည်ကထွက်သမျှ သယံ
ဇာတတွေကိုလည်း စစ်အစိုးရက ဘာတာစနစ်လို့ခေါ်တဲ့ ပစ္စည်းချင်းလဲလှယ်တဲ့စနစ်၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာနဲ့ ဖလှယ်တဲ့စနစ်ကိုသုံးပြီး ရောင်းချမှုတွေလုပ်နေပါ
တယ်။ တိုင်းပြည်က ဆင်းရဲမွဲတေမှုတွေ ဖြစ်နေတယ်ဆိုပြီးတော့လည်း နိုင်ငံတကာက
ဝေဖန်မှုတွေ ရှိနေပေမယ့် မြန်မာအစိုးရကတော့ တိုင်းပြည်က ပြည့်စုံကြွယ်ဝမှုတွေ
ရှိနေတယ်လို့ပဲ ပြောကြားနေဆဲဖြစ်ပါတယ်။