ဇော်ဝင်းလှိုင်။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်း လူအများ သိပ်ပြောနေကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဟာ နိုင်ငံတခု အတွက် ဘာလောက်များ အရေးကြီးလို့လဲ။
ကျော်ဇံသာ။ ။ သိပ်အရေးကြီးတာပေါ့ ကိုဇော်ဝင်းလှိုင်။ လူတွေကို အဝတ်အစားဝတ်တွေ၊ ပုံပန်း သဏ္ဍာန်တွေကြည့်ပြီးတော့ ယောက်ျား၊ မိန်းမဆိုတာ ခွဲခြားသလိုပဲ နိုင်ငံတခုကိုလည်း သူ့ဖွဲ့စည်းပုံကို ကြည့်ပြီးတော့ ဘယ်လို နိုင်ငံအမျိုးအစားလဲဆိုတာ ခွဲခြားရတာပဲဗျ။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရခါနီး ဖွဲ့စည်းပုံရေးဆွဲဖို့ ညီလာခံကို တိုင်းပြုပြည်ပြုလွှတ်တော်လို့ ခေါ်ခဲ့ကြတယ်။ တကယ်တော့ ဖွဲ့စည်းပုံ ရေးဆွဲခြင်းဟာ တိုင်းပြည်ကို ပြုစုပြီးတော့ စတင် ပျိုးထောင်တဲ့ သဘောမျိုးလဲဖြစ်တယ်။ အင်္ဂလိပ်လိုတော့ Constituent Assemblyလို့ ခေါ်တာပေါ့ဗျာ။ ကွန်းစတီကျူးရှင်း ရေးဆွဲခဲ့ကြတဲ့ အစမ်ဘလီပေါ့။ လူထုအနေနဲ့ ဘယ်လိုကိုယ်စားလှယ်တွေလိုခြင်တယ်။ ကိုယ်စားလှယ်တွေကတဆင့် ငါတို့ရဲ့ အခွင့်အာဏာကို ဘယ်လိုကျင့်သုံးမယ်ဆိုတာကို တရားဝင် အတည်ပြုထားတဲ့ အခြေခံဥပဒေကြီးပေါ့ဗျာ။ ဒါကြောင့်မို့ တချို့ကတောင် basic law လို့ ခေါ်ကြတယ်ပေါ့။
ဇော်။ ။ စောစောက ဦးကျော်ပြောခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ပြီး နိုင်ငံတနိုင်ငံကို ဘယ်လိုနိုင်ငံမျိုးလဲဆိုတာ ခွဲခြားတယ်ဆိုတော့ နိုင်ငံပုံစံတွေက ဘယ်နှစ်မျိုးရှိလို့လဲဗျ။
ကျော်။ ။ နိုင်ငံတခုကို စုစည်း တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်အရ ခွဲရမယ်ဆိုရင် နှစ်မျိုးရှိတယ်လု့ိပြောရပါမယ်။ ပထမတမျိုးကတော့ ယူနီတရီ စစ္စတန်(Unitary System) လို့ခေါ်တဲ့ တပြည်ထောင် စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ၊ ဒုတိယအမျိုးအစားကတော့ ဖယ်ဒရယ် စစ္စတန်(federal system)လို့ခေါ်တဲ့ ဗမာလိုလည်း ပြည်ထောင်စု ခေါ်ရင်ရပါတယ်။ အခုအခါမှာတော့ ဗမာပြည်မှာက ပြည်ထောင်စုဆိုတဲ့ စကားကို သုံးပြီးတော့ ဖယ်ဒရယ်အနှစ်သာရမရှိတဲ့အတွက်ကြောင့် အခုအခါမှာ ဖယ်ဒရယ်ပြည်ထောင်စုဆိုပြီး ဖယ်ဒရယ်ကိုပါ တွဲပြီး သုံးလာကြတာပေါ့။ ကမ္ဘာ့နိုင်ငံတွေကို ကြည့်မယ်ဆိုရင်သာ မလေးရှားတို့၊ အိန္ဒိယတို့၊ အမေရိကန်တို့၊ ကနေဒါ၊ သြစတေးလျ ဒီနိုင်ငံတွေဟာ အကုန်လုံး ဖယ်ဒရယ်နိုင်ငံတွေကြီးပဲဗျ။
ဇော်။ ။ ဖယ်ဒရယ်နဲ့ ယူနီတရီလို့ခေါ်တဲ့ တပြည်ထောင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဘာများခြားနားသလဲဗျ။
ကျော်။ ။ အဓိကအားဖြင့် ဗဟိုအစိုးရနဲ့ အဲဒီ ဒေသန္တရနယ်ပယ်တွေရဲ့ အစိုးရတို့အကြားမှာ အာဏာဘယ်လို ခွဲဝေသလဲဟာ အခြေခံခြားနားချက်ပါပဲ။ ဥပမာ ယူနီတရီလို့ ခေါ်တဲ့ တပြည်ထောင် စနစ်ကျ့င့်သုံးတဲ့ နိုင်ငံတွေမှာ ဒေသန္တရ အစိုးရတွေကို လုပ်ပိုင်ခွင့်အာဏာတွေ အပ်နှင်းသူက ဗဟိုအစိုးရဖြစ်တယ်။ဗဟိုအစိုးရရဲ့ သဘောဆန္ဒအတိုင်းပေးထားတာ။ ဒါကြောင့် အချိန်မရွေး သူတို့ဟာ နယ်ပယ်တွေရဲ့ အုပ်ချုပ်ရေးကို ဗဟိုက ရုတ်သိမ်းနိုင်တဲ့ သဘောရှိတယ်။ ဒါပေမဲ့လည်း ဖယ်ဒရယ်လို့ခေါ်တဲ့ ပြည်ထောင်စုစနစ် နိုင်ငံတွေမှာကြတော့ ဒေသန္တရနယ်ပယ်အစိုးရတွေရဲ့ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေဆွဲဖော်ပြပြီး ပေးထားတာ။ ဗဟိုအစိုးရနဲ့ ဘာမှ မဆိုင်ဘူး။ ဒါကြောင့် ဗဟိုအစိုးရက ရုတ်သိမ်းချင်တိုင်း ရုတ်သိမ်းလို့မရဘူး။ သူတို့ လွတ်လွတ်လပ်လပ် သူတို့ ဖွဲ့စည်းပုံအတိုင်း ကျင့်သုံးနိုင်ခွင့်ရှိတယ်။
ဇော်။ ။ ဒါကြောင့် တိုင်းရင်းသားတွေက ဒီစနစ်ကို ပိုပြီးလိုချင်နေကြတာပေါ့။
ကျော်။ ။ မှန်တယ်ဗျ။ အဲဒါကြောင့် လွတ်လပ်ရေး ရပြီးကတည်းက သူတို့က ဖယ်ဒရယ်စနစ်ကို မျှော်လင့်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီသဘောမျိုးပြောခဲ့တယ်။ အဲဒီအတိုင်းမရတဲ့အတွက်ကြောင့်လည်း ၆၂ခုနှစ်မှာ ဇာတ်လမ်းတွေ စရှုတ်ခဲ့ကြတာပေါ့။
ဇော်။ ။ အခုစစ်အစိုးရရေးဆွဲပြီးတော့ ဆန္ဒခံယူပွဲလုပ်မယ့် ဖွဲ့စည်းပုံမှာလည်း ဗဟိုအစိုးရ ဒါမှမဟုတ်ရင် ပြည်ထောင်စု အစိုးရကျင့်သုံးရမယ့် အခွင့်အာဏာတွေနဲ့ ပြည်နယ် အစိုးရကျင့်သုံးရမယ့် အခွင့်အာဏာတွေကို ဇယားဆွဲပြီး ဖော်ပြထားတာပဲ။ ဒါရော ဖယ်ဒရယ်မဟုတ်ဘူးလားဗျ။
ကျော်။ ။ ဖယ်ဒရယ် ဖွဲ့စည်းပုံတွေရဲ့ အခြေခံသင်္ကေတ လက္ခဏာတရပ်ကတော့ နောက်ဆက်တွဲဇယားတွေမှာ ဗဟိုအစိုးရကျင့်သုံးရမယ့် အာဏာသာဖြစ်သည်။ ပြည်နယ်အစိုးရကျင့်သုံးရမယ့်အာဏာတွေဟာ ဒါတွေဖြစ်သည်ဆိုပြီး ဇယားတွေ ခွဲခြားထားတယ်။ ဒါကတော့ အသွင်သဏ္ဍာန်အားဖြင့် ဖယ်ဒရယ်အသွင်သဏ္ဍာန်ပဲ။ သို့ပေမယ့်လည်း အခုမြန်မာနိုင်ငံစစ်အစိုးရဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံထဲမှာ ပြည်နယ်တွေကို ပေးထားတဲ့ အဲဒီဇယားတွေထဲမှာ ကြည့်လိုက်။ သူတို့ရဲ့ တကယ် လုပ်ပိုင်ခွင့် အနှစ်သာရတွေဟာ သိပ်ပြီးတော့ လစ်ဟင်းနေတယ်။ ဆိုကြပါဆို့။ ပြည်နယ်တွေ အုပ်ချုပ်ရေး အကြီးအကဲဖြစ်မယ့် ပြည်နယ်ဝန်ကြီး အဲဒီလို ပုဂ္ဂိုလ်ကို ပြည်နယ်လူထုရဲ့ လွှတ်တော်က ရွေးကောက် တင်မြှောက်ပိုင်ခွင့်မရှိဘူး။ ဒါဟာ ဗဟိုအစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတက ဒီလူကို ခန့်တယ်။ ငါရွေးတယ်ဆိုပြီး ခန့်တဲ့ သဘောမျိုးဖြစ်တယ်။ အဲဒီတော့ အုပ်ချုပ်ရေးတွင်မက ကျန်တဲ့ ဥပဒေမှာလည်း စစ်တပ်က ပါဝင်တယ်။ တခါ သာမန်အဆင့်တွေမှာလည်း ဗဟိုက ခန့်တာတွေက သိပ်ပါနေတော့ ဗဟိုလွှမ်းမိုးမှု သိပ်များနေတယ်။ ဒါကြောင့် ဖယ်ဒရယ်လို့ အတိအကျ လက်မခံနိုင်ဘူး။
ဇော်။ ။ ဟုတ်ကဲ့ ရှင်းပြတာ ကျေးဇူးတင်ပါတယ်။