သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှုးတိုင်ထိုင်းကိုရောက်၊ ဆန္ဒပြသူများကိုပြင်းထန်စွာ အရေးယူမယ်လို့ ထိုင်းအာဏာပိုင်များသတိပေး


၂၀၀၈ ဘေဂျေးအိုလံပစ် မီးရှုးတိုင်ဟာ အခုဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပါပြီ။ မနက်ဖြန်မှာတော့ ဘန်ကောက်မြို့ထဲမှာ မီးရှုးတိုင် လှည့်လည်ဖို့ စီစဉ်ထားပါတယ်။ တဖက်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ ထိုင်းလူမျိုးတွေက တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေအပေါ် ဆန်ကျင်ကန့်ကွက်တဲ့အနေနဲ့ မီးရှုးတိုင် လာမယ့်လမ်းမှာ ဆန္ဒပြဖို့ စီစဉ်နေကြပါပြီ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်နေတဲ့ ကိုသားညွန့်ဦးက ဘေဂျင်းအိုလံပစ် မီးရှုးတိုင်း ထိုင်းနိုင်ငံမှာ လှည့်ပတ်မယ့် အခြေအနေ နောက် - ဆန္ဒပြဖို့ ပြင်ဆင်နေကြတဲ့ အခြေအနေတွေ နဲ့ပတ်သက်လို့ စုံစမ်းထားသမျှ တင်ပြထားပါတယ်။

ဘေဂျင်းအိုလံပစ် မီးရှုးတိုင်ကတော့ ဒီကနေ့ မနက်အစောပိုင်း ထိုင်းစံတော်ချိန် ၃ နာရီခန့်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်က ထိုင်းလေတပ် စခန်းမှာ လုံခြုံရေး ထူထူထပ်ထပ်နဲ့ကို ရောက်လာတယ်လို့ ပြောရမှာပါ။ ထိုင်းလုံခြုံရေးတင် မဟုတ်ဘဲ တရုတ် အစိုးရဖက်က လုံခြုံရေး အာဏာပိုင်တွေပါ မီးရှုးတိုင်ကို လိုက်ပါ စောင့်ကြပ် နေကြပါတယ်။ မီးရှုးတိုင်ကိုတော့ အခု ဘန်ကောက်မြို့လယ်က ဟိုတယ်တခုမှာ တရုတ်လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနကတော့ အခု ဒီမီးရှုးတိုင် လှည့်ပတ်တဲ့အချိန်မှာ ဆန္ဒပြတာတွေ မလုပ်ဖို့ သူ့လူထုနဲ့ နိုင်ငံခြားသားတွေကို မေတ္တာရပ်ခံထားပါတယ်။ ထိုင်းဥပဒေအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြပိုင်ခွင့်တော့ ရှိတယ်။ ဒါပေမယ့် အကြမ်းဖက်လာရင်တော့ ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ် ဆမတ်ကတော့ မီးရှုးတိုင် လှည့်ပတ်တာကို အနှောက်အယှက်ဖြစ်စေမယ့် ဆန္ဒပြတာမျိုးတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။ ဒီအတွက်လည်း လုံခြုံရေး ထူထူထပ်ထပ် ယူဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သူတို့ဖက် ငြိမ်းချမ်းတဲ့ ဆန္ဒပြတာမျိုးတွေကိုတော့ မဖြစ်မနေ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ Remo Magsasa ဆုရှင် ထိုင်းအထက်လွှတ်တော် အမတ်ဟောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ဂျွန် အွန်ပခွန် က ဗီအိုအေကို သူတို့ရဲ့ ရည်ရွယ်ချက် အခုလို ရှင်းပြပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြမှုတွေလုပ်ဖို့ မျှော်မှန်းထားပါတယ်။ ဆန္ဒပြပွဲကို ကုလသမဂ္ဂအဆောက်အအုံထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီဘေးကနေ မီးရှုးတိုင်ဖြတ်မှာပါ။ ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကလည်း မီးရှုးတိုင်ကို အနှောက်အယှက်ပေးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ တရုတ်အစိုးကနေ တိဗက်လူမျိုးတွေကို ဖိနှိပ်နေတာတွေနဲ့ တရုတ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကျနော်တို့ စိတ်ပျက်မိတယ် ဆိုတာကို ဖော်ထုတ်ပြသဖို့ ရည်ရွယ်ပါတယ်။”

တရုတ်အစိုးရအနေနဲ့ နိုင်ငံတွင်းမှာတင်မဟုတ်ပါဘူး။ အခြား ဆူဒန်တို့လို မြန်မာတို့လို လူ့အခွင့်အရေး ချိုးဖောက်မှုရှိတဲ့နိုင်ငံတွေက အစိုးရတွေကို ထောက်ပံ့ကူညီနေတာတွေလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန် နေတယ်ဆိုတော့ မြန်မာနိုင်ငံမျိုးကိစ္စကတော့ အခု ဆန္ဒပြပွဲမှာ အကြောင်းရပ်ဖြစ်မလာနိုင်ဘူးလားလို့ ဂျွန် အွန်ပခွန်ကို မေးကြည့်ပါတယ်။

“မြန်မာနိုင်ငံအကြောင်းကတော့ ကျနော်တို့်ခေါင်းထဲမှာ အမြဲရှိပါတယ်။ ဒါပေမယ့်လို့ အခု တရုတ်အိုလံပစ် မီးရှုးတိုင်ကိစ္စကတော့ တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေအပေါ် ပိုပြီး အာရုံထားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရကနေ တိဗက်လူမျိုးတွေကို ဖိနှိပ်ရိုက်နှက်တာတွေဟာ မြန်မာနိုင်ငံထဲမှာ မြန်မာအစိုးရက ဘုန်းတော်ကြီးတွေကို ရိုက်နှက် ဖိနှိပ်တာတွေနဲ့ အလားတူပါပဲ။ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ငြိမ်သက်အောင် လုပ်ပစ်တာ ဒီလှုပ်ရှားသူတွေကို အပြင်းအထန် နှိပ်ကွပ်တာ တရုတ်နဲ့ မြန်မာအစိုးရ အတူတူပါပဲ။”

ထိုင်းဝန်ကြီးချုပ် ဆမတ်ကတော့ မီးရှုးတိုင်လှည့်တာကို အနှောက်အယှက်ဖြစ်တဲ့ ဆန္ဒပြတာမျိုးတွေကို သည်းခံမှာမဟုတ်ဘူးလို့ ပြောနေပါတယ်။ ဒီတော့ ထိုင်းအာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက် ဖြစ်လာနိုင်ပါသလားလို့ မေးကြည့်တော့ -

“ကျနော် ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က ပြောထားပြီးပါပြီ။ ဒီမိုကရေစီနည်းအရ လုပ်ပိုင်ခွင့်အရ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြသမျှတော့ အာဏာပိုင်တွေက နှောက်ယှက်ဟန့်တားဖို့ မရှိပါဘူးတဲ့။ ကျနော်တို့ ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရလည်း ဒီလို ဒီမိုကရေစီနည်းကျကျ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ပြသနာတွေ ဖြစ်လာမယ်လို့ ကျနော် မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ရဲတွေဖက်က ဒီဖွဲ့စည်းအုပ်ချုပ်ပုံအရ ကျနော်တို့ လုပ်ပိုင်ခွင့်ကို နှောက်ယှက်ဟန့်တားလာမယ် ဆိုရင်တော့လည်း ကျနော်တို့ဖက်က ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမှာပါ။”

ထိုင်းလူ့အခွင့်အရေးကို ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ အထက်လွှတ်တော် အမတ်ဟောင်း ဂျွန်အွန်ပခွန် ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ထိုင်းတွေတင် မဟုတ်ဘူး မီးရှုးတိုင် လှည့်စဉ်မှာ မငြိမ်မသက် အကြမ်းဖက်မယ့် နိုင်ငံခြားသား တွေကိုလည်း အရေးယူမယ်လို့ သတိပေးနေပါတယ်။ ဒီမှာရှိတဲ့ မြန်မာအတိုက်အခံတွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း မီးရှုးတိုင်လှည့်စဉ်မှာ ဆန္ဒပြတာတွေ လုပ်မလုပ် ထိုင်းအာဏာပိုင်တွေက စုံစမ်းမေးမြန်းတာတွေ လုပ်နေပါတယ်။ မနေ့ကတော့ အိန္ဒိယနိုင်ငံမှာ မီးရှုးတိုင် လှည့်လည်စဉ် အဖမ်းဆီးခံရတဲ့အထဲ မြန်မာသတင်းသမား ၃ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။ ဒီကနေတော့ သူတို့ကို တရားရုံးထုတ်တယ်လို့ သိရပြီး အခု နောက်ဆုံးအချိန်အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

အခု မီးရှုးတိုင်နဲ့ပါလာတဲ့ တရုတ် ကိုယ်စားလှယ်အဖွဲ့တွေကိုတော့ ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးကိုယ်တိုင် ဒီကနေ နေ့လည်ပိုင်း နေ့လည်စာ ဧည်ခံခဲ့ပြီး ညပိုင်းမှာတော့ ထိုင်းဘုရင် မိသားစုဝင် တွေရဲ့ ညစာဧည့်ခံပွဲ ရှိတယ်လို့ သိရပါတယ်။ မီးရှုးတိုင်ကိုတော့ မနက်ဖြန် ထိုင်းစံတော်ချိန် ညနေပိုင်း ၃ နာရီမှာ ဘန်ကောက်မြို့ တရုတ်တန်းကနေ စတင်လှည့်လည်မှာ ဖြစ်ပြီး ထိုင်းပါလီမန်အနီးက Royal Plaza မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG