သုံးရလွယ်ကူစေသည့် Link များ

နာမည်ကျော် ဟစ်ဟော့ အဆိုတော် ရန်ရန်ချန်းကို မြန်မာအာဏာပိုင်များ ဖမ်းဆီး


မြန်မာစစ်အစိုးရအာဏာပိုင်တွေက အဖမ်းအဆီးတွေ ဆက်တိုက်ဆိုသလို ရှိနေရာမှာ အခုနောက်ဆုံး နာမည်ကျော် ဟစ်ဟော့ အဖွဲ့တခုဖြစ်တဲ့ အက်ဆစ်အဖွဲ့က ရန်ရန်ချမ်း ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အခုလို လူငယ်တွေကြား ရေပမ်းစားတဲ့ လူငယ်အနုပညာရှင်တွေ ဖမ်းဆီးခံ လိုက်ရတဲ့အကြောင်း စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

နာမည်ကျော် ဟစ်ဟော့ ဂီတဝိုင်းတခုဖြစ်တဲ့ အဖွဲ့က အဆိုတော် ရန်ရန်ချမ်းကို အာဏာပိုင်တွေက မနေ့က ဖမ်းဆီးသွားခဲ့တာပါ။ ဘာအကြောင်းကြောင့် ဖမ်းဆီးခံခဲ့ရတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် သူ့အရင် အက်ဆစ်ဝိုင်းတော်သား နောက်တဦးလည်းဖြစ် တက်ကြွလှုပ်ရှားသူ Generation Wave မျိုးဆက်သစ် လူငယ်အစည်းအရုံးက ဦးဆောင်သူတဦးဖြစ်တဲ့ ဇေယျာသော် ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့အပြီး နောက်ဆက်တွဲ ထိန်းသိမ်းခံတာ ဖြစ်နိုင်တယ်လို့တော့ ရင်းနှီးသူ မိတ်ဆွေတွေက တွက်ဆနေကြတာပါ။

“ကျနော်တို့ ရန်ရန်ချန်း နဲ့ပတ်သက်လို့ပေါ့ မနေ့က ကြာသပတေးနေ့ပေါ့။ မနေ့ကတုန်းက စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သူနဲ့ သူ့ကောင်မလေးနဲ့ကို ထောက်လှန်းရေးက ဖမ်းသွားတယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာအကြောင်းကြောင့်လဲလို့တော့ ကျနော်တို့ အတိအကျ မသိရသေးပါဘူး ခင်ဗျ။ စုံစမ်းတော့ စုံစမ်းနေတုန်းပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတာကတော့ အရင်လတုန်းကလည်း ကျနော်တို့ ဒီ ဇေယျာသော်ပေါ့နော်။ သူတို့ အက်စစ်အဖွဲ့ထဲက ဇေယျာသော်က ကျနော်တို့ Generation Wave အဖွဲ့ထဲမှာ ပါဝင်တဲ့ ခေါင်းဆောင်တစ်ယောက် အဖြစ်နဲ့ပါဝင်နေတော့ သူ့ကို ဖမ်းသွားတာနဲ့ ပတ်သက်ပြီး စစ်မေးစရာတွေ ရှိလို့မြန်း ဖမ်းလားလို့တော့ ဖြစ်နိုင်ချေ ရှိပါတယ်။ ကျနော်တို့ Generation Wave နဲ့တော့ ပတ်သက်မှု မရှိဘူး။ ဒါပေမယ့် ဇေယျာသော်နဲ့က တဖွဲ့တည်း ဖြစ်နေတယ်လေ။ ပြီးတော့ သူတို့ ငယ်သူငယ်ချင်းတွေလည်း ဖြစ်ကြတဲ့အခါကြတော့ အဲဒါတွေနဲ့ ကြည့်ပြီးတေ့ ဖမ်းတယ်လို့ ထင်ပါတယ်ခင်ဗျ။ ရန်ရန်ချန်းနဲ့ ဇေယျာသော်နဲ့က ငယ်ငယ်တုန်းက ကျောင်းအတူတူ တက်ကြတယ်ပေါ့။ သူတို့ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်မှာ အနဂ္ဂ ရယ်၊ ထက်ထက်မိုးဦးနဲ့ အိမ်ထောင်ကျသွားတဲ့ အနဂ္ဂရယ်၊ ရန်ရန်ချန်းရယ်၊ ဇေယျာသော်ရယ်၊ တခြားတယောက်ရယ် လေးယောက်က သူတို့ မြန်မာပြည်မှာ ဟစ်ဟော့ တေးဂီတ ပထမဦးဆုံးအဖွဲ့ အနေနဲ့ သူတို့ ပေါ်လာတာခင်ဗျ။ သူတို့ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ သူတို့ အက်ဆစ် အဖွဲ့ ဆိုပြီးတော့မှ “စတင်ခြင်း” ဆိုတဲ့ အခွေနဲ့ ဟစ်ဟော့ ဂီတလိုင်းထဲကို လိုင်းသစ်ဖောက်ပြီး ဝင်လာ ကြတာပါခင်ဗျ။ လက်ရှိ အချိန်မှာတော့ ဇေယျာသော်နဲ့ ရန်ရန်ချန်းနဲ့ နှစ်ယောက် အက်ဆစ်ကို ဆက်ပြီးတော့မှ ရပ်တည်နေကြတာပါခင်ဗျ။”

နံမည်ကျော် ဟစ်ဟော့ အဆိုတော့ ရန်ရန်ချန်း ဖမ်းဆီးခံသွားရတဲ့အကြောင်း Generation Wave မျိုးဆက်သစ် လူငယ်အစည်းအရုံးက ကိုမိုးသွေး ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို နာမည်ကျော် ဟစ်ဟော့ လူငယ်အဆိုတော်တွေ ဖမ်းဆီးခံခဲ့ရတဲ့အပေါ် သူ့တို့ရဲ့ ဂီတအပေါ် နှစ်သက်မြတ်နိုးသူ တွေကတော့ ဆုံးရှုံးမှုတရပ်အဖြစ် သဘောထားကြတာပါ။

“ရန်ရန်ချန်း သီချင်းထဲမှာ “လိုက်ကြည့်” ဆိုတဲ့ အခွေကို ကျမ တော်တော်ကြိုက်ပါတယ်။ သူက ဟစ်ဟော့ အကြောင်း ရဲရဲဝံ့ဝံ့ နဲ့ မြန်မာပြည်မှာ ဟစ်ဟော့ဆိုတာ သူတို့အဖွဲ့က စတင်တာပါ။ ခန့်မှန်းမယ် ဆိုရင်တော့ ၁၉၉၉၊ ၂၀၀၀ လောက်မှာ စပြီးတော့ သူတို့က ဒီ ဟစ်ဟော့သီချင်းတွေကို မြန်မာပြည်မှာ သူတို့က စပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ ဟစ်ဟော့ဂီတကို ဦးဆောင်တဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီလိုမျိုး ဟစ်ဟော့အဖွဲ့တွေ လူငယ်အဖွဲ့တွေအနေနဲ့ အဖမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ ဟိုတလောကဆို ဟစ်ဟော့အဖွဲ့က ကိုဇေယျာသော် ပါသွားပါတယ်။ အဲဒီအတွက် နောင်လာမယ့် ဟစ်ဟော့သမားတွေအနေနဲ့ မြန်မာပြည်မှာ ဆက်ပြီးတော့ သူတို့ ရဲရဲဝံ့ဝံ့ သီချင်းဆိုနိုင်ပါ့မလား၊ အနုပညာရှင်ကို ဆက်ပြီးတော့ အခုလိုမျိုး ဖမ်းဆီးမယ်ဆိုလို့ရှိရင် နောက်လာမယ့် မျိုးဆက်တွေ အနုပညာရှင်တွေ ဘယ်လိုများ ဆက်လက် ရပ်တည်သွားနိုင်မလဲဆိုတာ့ အများကြီး စိုးရိမ်ကြပါတယ်။”

အက်ဆစ်တေးဂီတ အဖွဲ့ကို နှစ်ချိုက်သူ လူငယ်ပရိတ်သတ် တဦးပါ။ ဒီလို လူငယ်အနုပညာရှင်တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက ကိုမိုးသွေး ကတော့ အခုလို မြင်ပါတယ်။

“လူငယ်တွေထဲမှာ အနုပညာရှင်တွေထဲမှာလည်း တချို့ မိမိတို့ အနုပညာနဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ရော၊ နိုင်ငံရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ ပတ်သက်လို့ရော တက်ကြွလှုပ်ရှားတာတွေက ဒါတွေဟာ တကယ်တမ်း နိုင်ငံတကာ ဥပဒေတွေနဲ့ ကြည့်လို့ရှိရင် လုပ်ပိုင်ခွင့် ရှိပါတယ်။ လူ့အခွင့်အရေး အရဆိုလို့ရှိရင်။ ဒါတွေကို သူတို့က မတရား စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ဆင်ပြီးတော့ ဖမ်းနေတာက ပြောရရင် နိုင်ငံရဲ့ အနုပညာရှင် ကြယ်ပွင့်တွေကို သက်သက်မဲ့ အညွှန့်ချိုးနေတယ်လို့ ကျနော်တို့ ဆိုလိုချင်ပါတယ်ခင်ဗျ။”

နာမည်ကျော် လူငယ် ဟစ်ဟော့ဂီတ ဝိုင်းတော်သား ရန်ရန်ချမ်း ဖမ်းဆီးခံခဲ့ရတဲ့အပေါ် Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက ကိုမိုးသွေး က သူ့ရဲ့ အမြင်ကို ပြောပြခဲ့တာပါ။ ရန်ရန်ချမ်း အရင် ပြီးခဲ့တဲ့ လကတည်းက ဖမ်းဆီးခံနေရတဲ့ အက်ဆစ်ဝိုင်းတော်သား နောက်တဦး ဖြစ်တဲ့ ဇေယျာသော် လွတ်မြောက်ရေး လှုံ့ဆော်လှုပ်ရှားမှုတွေကိုတော့ သူ့ကို ချစ်ခင်ရင်းနှီးသူတွေက အင်တာနက် ဘလော့ဂ်စာမျက်နှာ တခုဖွင့်လှစ်ပြီး စတင် လုပ်ဆောင်တာတွေလည်း ရှိနေပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG