ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ရင်း ထရပ်ကားနောက်မှာ အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံသား ၅၄ ယောက် အမှုမှာ ကော့သောင်း ဒေသခံ အာဏာပိုင်တွေ ဖြစ်တဲ့ ရယက၊ စရဖ တို့အပြင် ကြံ့ဖွံ့အဖွဲ့ဝင်တွေပါ ပါဝင် ပတ်သက်မှု ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဗီအိုအေ ဝိုင်းတော်သား
ကိုဇော်ဝင်းလှိုင်က အဲဒီ ဒေသခံတွေကို ဆက်သွယ် မေးမြန်းတော့ - အခုဆိုရင် အာဏာပိုင်တွေနဲ့ လူမှောင်ခိုကူးဂိုဏ်းဖွဲ့ပြီး စီးပွားလုပ်စားနေကြတဲ့ ကော့သောင်းမြို့က တည်းခိုခန်းပိုင်ရှင်တွေ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော့သောင်းမှာရှိတဲ့ တည်းခိုခန်းက တာဝန်ရှိတဲ့သူတွေ ပြေးနေကြတယ်။”
အဲဒါက အဲဒီ တည်းခိုခန်းနဲ့ သူတို့ မှောင်ခိုကူးတဲ့ကိစ္စနဲ့ သက်ဆိုင်နေလို့လား။ -
“ဟုတ်ကဲ့။ ဒီ လူမှောင်ခို ကုန်ကူးတဲ့လုပ်ငန်းမှန်သမျှဟာ ကော့သောင်းမြို့မှာရှိတဲ့ တည်းခိုခန်း ဘယ်တည်းခိုခန်းမှ မကျန်ဘူး။ အဲဒီမှာ ကော့သောင်းနဲ့ ထားဝယ်နဲ့ကို ပြေးနေတဲ့ အမြန်ယာဉ်တွေ ရှိတယ်။ အဲဒီ အမြန်ယာဉ်ကနေပြီးတော့မှ ဆင်းလာလို့ရှိရင် အဲဒီမှာ သူတို့ တည်းခိုခန်းတွေမှာ တည်းကြတာပေါ့။ တည်းခိုခန်းတွေမှာ တည်းပြီးတော့မှ တည်းခိုခန်းတွေကနေတဆင့် ပွဲစားတွေနဲ့ ဟိုဘက်ကမ်းကို ပို့တာပေါ့။ အဲဒီလို ပို့တဲ့အခါကျလို့ရှိရင် အဖွဲ့အစည်းတွေပေါ့။ အကုန်လုံးကို ပိုက်ဆံ ပေးရတယ်။”
ဒီလူတွေက ဘယ်လို လူတွေလဲ။ သူတို့က ရိုးရိုး အပြင်ကနေ ဂိုဏ်းဖွဲ့ပြီးတော့ လုပ်နေကြတဲ့ သူတွေလား။ ဒါမှမဟုတ်လည်း အာဏာပိုင်တွေဖက်က ပါဝင်ပတ်သက်မှု ရှိလား။ ဒီလုပ်ငန်းတွေထဲမှာ။ -
“အာဏာပိုင်တွေဖက်က ပါဝင်ပတ်သက်မှု ရှိလားဆိုတော့ ကျနော်တို့ ကော့သောင်းမြို့မှာ ကျနော်တို့ မှောင်ခို တားမြစ်တဲ့ဥပဒေ ဆိုပြီးတော့မှ နအဖ ကနေပြီးတော့ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ အဖွဲ့တစ်ဖွဲ့ ချထားတယ်ဗျာ။ လူမှောင်ခို ကုန်ကူးမှု တားဆီးရေး အထူးအဖွဲ့ ဆိုပြီးတော့။ အဲဒီအဖွဲ့တွေက ပိုက်ဆံယူပြီးတော့မှ လွှတ်တာကိုး။”
ဆိုတော့ သူတို့ကိုယ်တိုင်က အစိုးရဖွဲ့ပေးထားတဲ့ အဖွဲ့ကိုယ်တိုင်ကိုယ်က လုပ်နေတာလား။ -
“ဟုတ်ပါတယ်။ အဲဒီအဖွဲ့တွေကနေ ငွေယူတယ်။ လူတစ်ယောက်ကို ဘတ် ၁၀၀ ယူတယ်ဗျာ။ တဖက်နိုင်ငံကို တရားမဝင်သွားမယ့် လူတစ်ယောက်မှာ ထိုင်းဘတ်ငွေ ၁၀၀ ဆိုပြီးတော့ သူတို့က လွှတ်တယ်။ အဲဒီလိုမျိုး ၁၀၀ စီ ယူကြတာ ကျနော်တို့ သက်ဆိုင်ရာ ရယက ပေါ့၊ သက်ဆိုင်ရာ ရယက ကလည်း ယူတယ်။ အဲဒီ မှောင်ခိုတားဆီးရေးအဖွဲ့က ယူတယ်။ နောက်ပြီးတော့ စရဖ ကလည်း ယူတယ်။ အဲဒီလို ယူပြီးတော့မှ နေ့ရှိသ၍ တဖက်နိုင်ငံကို အမြန်ယာဉ်ကနေ ဆင်းတဲ့သူ ၆၀၀၊ ၇၀၀ လောက်ကို နေ့ရှိသ၍ ဟိုဖက်ကမ်းကို ပို့တယ်။”
ဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် လာချင်ရင်တောင်မှ သူတို့ကို ပိုက်ဆံ ပေးရတာလား၊ အဲဒီလိုလား။ -
“ဟုတ်တယ်။ ဟုတ်တယ်။ ဟိုဖက်ကမ်း သွားမယ်ဆိုရင်။ အဲဒီတော့ တည်းခိုခန်းတွေ အားလုံးက မှောင်ခိုလုပ်ငန်းတွေအားလုံးနဲ့ ပတ်သက်နေတယ်။ အခု ပြေးနေတာဆိုရင် “ဟန်” တည်းခိုခန်းရယ်၊ နောက် “အေးရိပ်သာ” တည်းခိုခန်းရယ်က လူတွေ ပြေးနေကြတယ်။ သူတို့ကို တာဝန်ရှိတဲ့သူတွေကလည်း ရှောင်ခိုင်းတာပေါ့။ မပြေးဘဲနဲ့ ခပ်တည်တည် နေနေတဲ့ လူတန်းစားက ဘယ်လိုဟာတွေလဲဆိုတော့ ကြံံ့ဖွံ့အဖွဲ့မှာ ဒီ အမှုဆောင်ပိုင်းမှာ ပါနေတဲ့ကောင်တွေပေါ့။ အဲဒါက ဘာတွေလဲ ဆိုတော့ “မြင့်မြတ်” တည်းခိုခန်း နဲ့ “ဟန်လွင်ဦး” တည်းခိုခန်း ဆိုတာ ရှိတယ်။”
ဟုတ်ကဲ့၊ ကျနော်တို့ ကြားတာကလေ ဒီကိစ္စ ဖြစ်သွားပြီးတဲ့နောက်ပိုင်း ဒီရက်ပိုင်းအတွင်းမှာ ဒီ ထိုင်းအာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ မြန်မာအာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်းမယ်ဆိုပြီးတော့ ပြောကြဆိုကြတာတွေ ရှိတယ်လေ။ ဆိုတော့ ဒါတွေက တကယ့်လက်တွေ့မှာ ဒီ မြန်မာပြည် ဘက်ခြမ်းမှာတော့ ဒီလိုမျိုး ဖမ်းဆီးတာ အရေးယူတာ လုံး၀ မရှိဘူးပေါ့။ -
“မရှိဘူး၊ မရှိဘူး။ နေ့တိုင်းသွားနေတာ။ အဲဒီမှာ သွားတာမှာ သွားပုံလာပုံ သွားနည်းက နှစ်မျိုး ရှိတယ်ဗျ။ ခုနကပြောသလိုမျိုး တစ်ယောက် ဘတ် ၁၀၀ နှုန်းနဲ့ ရယက တို့ စရဖ တို့၊ လူမှောင်ခို တားဆီးရေးအဖွဲ့တို့ကို ပေးပြီးတော့ သွားတာက တစ်မျိုး ရှိတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျနော်တို့ ဘော်ဒါ ပက်စ် (Border Pass) ပေါ့နော်။ BP စာအုပ်ကလေးတွေ ထုတ်ပြီးတော့မှာ သွားတာရှိတယ်။ လဝက ကို ဘတ် ၁,၅၀၀ ပေးရတယ်။ ၁,၅၀၀ ဘတ် ပေးလို့ရှိရင် အဲဒီ BP စာအုပ်ထုတ်လို့ရှိရင် တရားဝင် သဘောမျိုး ကူးသွားလို့ ရတယ်။ အဲဒါက ကော့သောင်းမြို့မှာ ဝန်ထမ်းတွေ အကျင့်တွေ ပျက်ပြီးတော့မှာ လုပ်စားနေကြတာ။ ဟို - ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက် ဆိုတာလိုမျိုး ဘယ်ကမှ ထွက်တာမဟုတ်ဘူး။ ဒီ ဝန်ထမ်းတွေ ထဲက မကောင်းလို့ ဝန်ထမ်းတွေ အကျင့်ဖောက်ဖျက်လို့ ဒီလို ဖြစ်နေကြတာ။”
ကော့သောင်းဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။