သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေ ပြည်တွင်းပြည်ပမှာ ဆက်လက်လုပ်ဆောင်


မြန်မာစစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး မေလ ၁၀ ရက်နေ့ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲ မှာ ကန့်ကွက်မဲပေးကြဖို့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တွေကနေ လှုံ့ဆော်မှုတွေကို အရင်ကထက် ပိုပြီး လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။ ဒီအကြောင်းတွေကို ဒေါ်နန္ဒါချမ်းက အပြည့်အစုံ တင်ပြပေးပါမယ်။

မြန်မာစစ်အစိုးရရဲ့ မေလကျင်းပမယ့် လူထုဆန္ဒခံယူပွဲကလည်း နီးကပ်လာနေချိန်မှာ မြန်မာပြည် မြောက်ပိုင်း ကချင် ပြည်နယ်မှာတော့ ဒီလူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေ ထည့်ကြဖို့ဆိုပြီး လှုံ့ဆော်တဲ့စာတွေကို ကချင်ပြည်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့က လိုက်ပြီးတော့ ကပ်ခဲ့တာပါ။ ဗန်းမော်၊ မိုးမောက်၊ မန်စီ နဲ့ ရွှေကူတို့မှာ ကပ်ခဲ့ တာဖြစ်ပြီးတော့ ဒီလို လူထုဆန္ဒခံယူပွဲကန့်ကွက်စာတွေ လိုက်ကပ်တဲ့အတွက် အာဏာပိုင်တွေဘက်က အဖမ်းအဆီးတွေ လုပ်တာ တော့ အခုထိ မရှိသေးဘူးလို့ ကိုယ်တိုင် ကန့်ကွက်စာတွေ လိုက်ကပ်ခဲ့တဲ့ ကျောင်းသား လူငယ်တဦးက ဗွီအိုအေ ကို အခုလို ပြောပြခဲ့ပါတယ်။

“စာသင်ကျောင်းရှေ့တွေ၊ ပြီးတော့ မြစ်ကြီးနား၊ ဗန်းမော် လမ်းမကြီးရဲ့ ပလက်ဖောင်း အလယ်တွေ မှာနဲ့ တက္ကသိုလ် နည်းပညာကောလိပ်ရဲ့ ကျောင်းရှေ့နဲ့ အုတ်နံရံတွေမှာ ကန့်ကွက်စာတွေကို ကပ်ခဲ့ကြတာဖြစ်တယ်”။

ပြည်ပမှာတော့ - စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကနေ လာမယ့် ၂၇ ရက်နေ့ တနင်္ဂနွေနေ့မှာ ကန့်ကွက်မဲပေးရေး လှုံ့ဆော်မှု ကို အကြီးအကျယ် ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ အခုလ ၁၀ ရက်နေ့တုန်းက စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံးကနေ လာမယ့် သောကြာ နေ့ ကစလို့ အင်္ဂါနေ့အထိ မြန်မာသံရုံးမှာ ဆန္ဒမဲလာပေးကြဖို့ အကြောင်းကြားထားတာကြောင့် အဲဒါနဲ့ တပြိုင်တည်း တနင်္ဂနွေနေ့ မှာ ကန့်ကွက်မဲပေးရေးလှုံ့ဆော်မှုတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့တာပါ။ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတဦး ဖြစ်တဲ့ ကိုဂျေမိုးက ဗွီအိုအေ ကို အခုလို ပြောပြခဲ့ပါတယ်ရှင်။

“ကျွန်တော်တို့ ဒီမှာ ရှိတဲ့ လူတွေ တော်တော်များများ သွားပေးကြဖို့ကို လုပ်တယ်။ တချိန်ထဲမှာပဲ ကန့်ကွက်မဲပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ကြတယ်။ စင်္ကာပူနိုင်ငံမှာ ရှိတဲ့လူတွေကတော့ ၂၇ရက်နေ့ တနင်္ဂနွေနေ့ကို ပူးလင်းနေ့လို့ သတ်မှတ်ပြီးတော့ တပြိုင်ထဲသွားကြမယ်လို့ စည်းရုံးကြတာပေါ့။”

ဒါ့အပြင် ကန့်ကွက်မဲပေးရေးလှုပ်ရှားသူတွေက နီးစပ်ရာမှာ လက်ကမ်းစာစောင်တွေ ဝေတာမျိုး၊ အခြေခံဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို မဲသွားပေးမယ့်သူတွေကို ရှင်းပြတာမျိုး တွေလည်း ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့လည်း မြန်မာအလုပ် သမားတွေ အများစုရှိတဲ့ နေရာတွေမှာ ကိုယ်တိုင်ကွင်းဆင်းပြီးတော့ ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင် နေကြ သလို ပြည်တွင်းက အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပုံစံတူ နိုး အင်္ကျီ အထည် ၅၀၀ နဲ့ နိုး ဦးထုပ် အလုံးပေါင်း ၁၀၀၀ ကိုလည်း အဲဒီ ၂၇ ရက်နေ့ကျရင် ဖြန့်ဝေမှာဖြစ်တယ်လို့ ကိုဂျေမိုးက ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာလည်း အခုလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ဆန္ဒမဲ ပေးဖို့ မြန်မာသံရုံးအာဏာပိုင်တွေကနေ အကြောင်းကြားထားတာကြောင့် အများစုက ကန့်ကွက်မဲ တွေ ပေးလိုတဲ့ ဆန္ဒရှိနေပေမဲ့လည်း ဖိအားပေးမှုတွေ ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ဂျပန်နိုင်ငံ) က ကိုတင်ဝင်း က ပြောပြရာမှာတော့ -

“ကျွန်တော်တို့က နိုင်ငံရေး လုပ်တာ မလုပ်တာနဲ့ မဆိုင်ဘူး။ ဒီမှာ အဖွဲ့ပေါင်း ၆၀၀ကျော်လောက် ရှိတာမှာ အများစု ၉၀ရာခိုင်နှုန်းလောက်က နိုင်ငံရေး လှုပ်ရှားမှုထဲ မပါတဲ့ ကျောင်းသားတွေ၊ အလုပ်လာလုပ်သူတွေဆီက ကြားရသလောက်ကတော့ ကန့်ကွက်မဲပဲ သူဆို ဆန္ဒပေးချင် တယ်ပေါ့လေ။ သူတို့ စိုးရိမ်တာက ဒီမှာ သွားပြီးတော့ ထောက်ခံမဲ ပေးပြီးသွားရင် စစ်အာဏာ ရှင်စနစ်က ရာသက်ပန် တည်မြဲသွားမယ်ဆိုတာပါပဲ။ ဒါပေမဲ့ အဲဒီ စိုးရိမ်မှုကိုလည်း ပေါ်ပေါ်ထင်ထင် သွားပြီး မပြရဲဘူးဆိုတာမျိုးတွေ ကြားနေရတော့ တော်တော်များများ သွားပြီး မပေးဖို့ဆိုတာမျိုး တွေလည်း ကြားနေရတယ်။ တဖက်မှာလည်း ဖိအားတွေကလာနေတော့ မပေးဘဲ နေရင်များ ဒုက္ခတွေ ရောက်နေမလားလို့ စိုးရိမ်နေကြတယ်။ ကျွန်တော်သိတဲ့ မိတ်ဆွေ တယောက်ဆိုရင် သံရုံးမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ် တယောက်နဲ့လည်း ခင်တော့ သူက ကျွန်တော်ကတော့ ကန့်ကွက်မဲ ပေးမှာဗျာလို့ ပြောလိုက်တော့ အဲဒါဆို လာမပေးနဲ့လို့ ပြောတယ်တဲ့။

ဒါတွေကတော့ ကန့်ကွက်မဲပေးကြဖို့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တွေကနေ လှုံ့ဆော်မှု အခြေအနေတွေအကြောင်းပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG