သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ နိုင်ငံရေးပုဂ္ဂိုလ်တွေ လူထုဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိကြောင်း အန်န်အယ်လ်ဒီ ကြေညာချက်ထုတ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေးလှုပ်ရှား
သူတွေအနေနဲ့ မြန်မာစစ်အစိုးရရဲ့ သတ်မှတ်
ပြဋ္ဌာန်းချက်တွေအရ မကြာခင် ကျင်းပပေးဖို့ရှိတဲ့
ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိတာကို အာဏာပိုင်
တွေအနေနဲ့ အသိအမှတ်ပြုဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)
က ဒီကနေ့ပဲ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက အကြောင်းစုံ
ကို တင်ပြပေးထားပါတယ်။

ရှေ့လ ၁၀ ရက်နေ့ကျင်းပမယ့် လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ ပြဋ္ဌာန်းချက်တွေအရ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ရဲ့
ထိန်းသိမ်းခံ ထိပ်တန်းခေါင်းဆောင်တွေ၊ နောက် ၈၈ မျိုးဆက်ကျောင်းသားတွေ အပါ
အဝင် နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ ဆန္ဒမဲပေးဖို့ အခွင့်အရေးတွေရှိတယ်လို့
ပြောဆိုလိုက်တာပါ။ ဒါပေမယ့်လည်း ဆန္ဒခံယူပွဲ ကျင်းပဖို့ရက် နီးကပ်လာပေမယ့် ထိန်းသိမ်းခံရသူတွေအဖို့ မဲပေးခွင့်ရနိုင်မရနိုင် သဲသဲကွဲကွဲ မရှိသေးတာကြောင့် ကြေညာချက်တစောင်ထုတ်ပြန်ပြီး အာဏာပိုင်တွေကို အသိပေးရတာလို့
အန်န်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကြေညာချက်က အခုလုပ်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ သူ့ဥပဒေမှာ ဆန္ဒမဲပေးပိုင်
ခွင့် ရှိတဲ့စာရင်းမှာ ပါခွင့်မရှိတဲ့လူစာရင်းမှာ ဘယ်လိုရေးထားလဲဆိုတော့ ပြစ်မှုတခုခုနဲ့ တရားရုံးတရုံးရုံးက ပြစ်ဒဏ်ချမှတ်လို့ ထောင်ကျခံနေရတဲ့လူ။ အဲဒါကြောင့် ကျနော်တို့
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ထိန်းသိမ်းထားတဲ့ ၈၈ ကျောင်းသားတွေ၊ မန္တလေး
က ဦးသန်းလွင်တို့၊ ဒေါ်ဝင်းမြမြတို့ ဒီလို တရားရုံးရဲ့ အပြစ်မချဘဲနဲ့ ထိန်းသိမ်းခံနေရတဲ့
လူတွေက ဆန္ဒမဲပေးပိုင်ခွင့်ရှိတယ်၊ ဥပဒေအရ။ ဒါကြောင့် အဲဒီ ဆန္ဒမဲပေးပိုင်ခွင့်ကို အာဏာပိုင်တွေက တာဝန်ရှိတဲ့အကြောင်း ကျနော်တို့ ကြေညာချက်ထုတ်တာပါ။
သူတို့စာရင်းမှာ ပါချင်လည်း ပါလာမယ်၊ မပါချင်လည်း မပါဘူး။ ဒါ ကျနော်တို့ မသိ
သေးဘူး။ သို့သော် အချိန်သိပ်ကပ်နေတဲ့အတွက် ကျနော်တို့က သတိထားနိုင်အောင်
လုပ်တာပါ။”

အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံထားရတဲ့ အတိုက်အခံ အန်န်အယ်လ်ဒီ
ပါတီဝင်တွေ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အများအပြားရှိနေရာမှာ
ဒီအထဲမှာ တချို့ဆိုရင်လည်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံထားရတာပါ။
ရွှေဝါရောင်လှုပ်ရှားမှုလို့ လူသိများခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ မေတ္တာပို့ကြွချီပွဲတွေ၊ သြဂုတ်လ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေကစလို့ မြန်မာလုံခြုံရေးအာဏာပိုင်တွေဘက်က ဖမ်းတာဆီးတာတွေ အကြီးအကျယ် ရှိခဲ့တဲ့
အထဲက သံဃာတော်တွေ အပါအဝင် အနည်းဆုံး လူ ၄၀ လောက်ကို ထောင်ဒဏ်
ပြစ်ဒဏ်တွေ စီရင်ခဲ့သလို ရာနဲ့ချီပြီး ထိန်းသိမ်းထားဆဲဖြစ်တယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အခုလဆန်းပိုင်းကပဲ
ပြောဆိုထားတာပါ။ ဒီလိုထိန်းသိမ်းခံနေရသူတွေအနေနဲ့ မဲပေးပိုင်ခွင့် ရမယ်မရဘူး
ဆိုတာနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိ ကြားသိရတာမျိုးရှိမရှိ ဦးဉာဏ်ဝင်း
ကို မေးကြည့်ရာမှာတော့ …

“ကျနော်တို့တော့ အခုထိ မကြားပါဘူး။ ဒါပေမယ့် ဥပဒေအရ မဲပေးမယ့်နေ့ မတိုင်မီ
၇ ရက်ကြိုတင်ပြီးဆိုတော့ ရက်က လိုနေသေးတာပေါ့။ ဒါပေမယ့် အဲဒီအချိန်ကျမှ
ကြည့်လိုက်လို့ မပါလို့ တင်ပြရင်လည်း အချိန်တွေနောက်ကျမှာစိုးလို့ ကျနော်တို့ ဒီလို
ထုတ်တာပါ။”

လာမယ့် ဆန္ဒခံယူပွဲအတွင်း မဲပေးခွင့်ရှိသူ အရေအတွက်နဲ့ နှိုင်းစာရင် အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းတာကို ခံထားရသူတွေဟာ မပြောပလောက်ဘူးဆိုပေမယ့် နိုင်ငံ
သားတွေ ရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ရရှိသင့်တာမို့ အခုလို တိုက်တွန်းရတာလို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ကျနော်တို့တွက်တာက ကျနော်တို့က နိုင်ငံရေးပါတီတခုအနေနဲ့ ပြည်သူလူထုရဲ့ Right
တွေ၊ တဦးချင်းတဦးချင်း ရရှိရမယ့် Right တွေကို မဆုံးရှုံးအောင် ကျနော်တို့ တွက်တာ။
ဒါကြောင့် သူတို့ဟာ အရေအတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ Right ကို
မထိခိုက်ဖို့ ကျနော်တို့ ဒါလုပ်တာပါ။”

အန်န်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ တကယ်တော့
အခုလို ဆန္ဒခံယူပွဲတရပ် ကျင်းပပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တဲ့
နောက်ပိုင်း ဒါဟာ ဒီမိုကရေစီမဆန်ဘူး၊ နောက် ဆန္ဒခံယူပွဲကနေ အတည်ပြုဖို့ရှိတဲ့ အခြေခံဥပဒေမူကြမ်းဟာလည်း သက်ဆိုင်သူတွေ ပါဝင်ရေးဆွဲထားတာ မဟုတ်ဘူး
ဆိုပြီး အန်န်အယ်လ်ဒီ အပါအဝင် ဒီမိုကရေစီလိုလားသူတွေဘက်ကတော့ ဆန့်ကျင် ကန့်ကွက်ထားကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG