သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ ပေါက်ကွဲမှုနှစ်ခုဟာ ပြည်ပအဖျက်အုပ်စုလက်ချက်လို့ စစ်အစိုးရ စွပ်စွဲ


ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့
ဗုံးပေါက်ကွဲမှု ၂ ခုဟာ ပြည်ပရောက် အကြမ်း
ဖက် အဖွဲ့အစည်းတခုရဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာစစ်အစိုးရက စွပ်စွဲပြောဆိုလိုက်ပါ
တယ်။ ဗုံးဖောက်ခွဲသူလို့ မြန်မာစစ်အစိုးရက
စွပ်စွဲထားသူ တယောက်ကို လုံခြုံရေး
ကင်မရာကနေ ရိုက်ကူးထားတယ်ဆိုတဲ့
ဓာတ်ပုံတပုံနဲ့ တကွ အသေးစိတ် အချက် အလက်တချို့ကိုလည်း ထုတ်ပြန်လိုက်တာပါ။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရရဲ့ အခု
စွပ်စွဲချက်အပေါ် သံသယတွေကလည်း ရှိနေကြတာပါ။ အကြောင်းစုံကို
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ တနင်္ဂနွေနေ့တုန်းက ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှု ၂ ခုနဲ့ပတ်သက်လို့ စွမ်းအားမြှင့် မြန်မာ
ကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး ဒီကနေ့
ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြလိုက်တာပါ။ ရန်ကုန်မြို့ ကုန်သည်ကြီးများ
ဟိုတယ်နောက်ဘက် လုံခြုံရေးကင်မရာ မှတ်တမ်းအရ ဗုံးဖောက်ခွဲသူကို ဖော်ထုတ်
နိုင်တယ် ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။ ဒီလို အသေးစိတ်အချက်အလက်တချို့
နဲ့ မြန်မာစစ်အစိုးရက စွပ်စွဲလိုက်ပေမယ့်လည်း ဒါကို ယုံကြည်လက်ခံဖို့ ခက်ခဲနေသူ
တွေလည်း ရှိနေတာပါ။ ထိုင်း-မြန်မာနယ်စပ်က စစ်ရေးအကဲခတ် ဦးဋ္ဌေးအောင်က
ဆိုရင် …

“ကျနော်ကတော့ စစ်အစိုးရ စွပ်စွဲတဲ့အပေါ်မှာ သံသယရှိတယ်။ တကယ်ဆိုရင် သူတို့ ဒီကင်မရာနဲ့တောင် ပုံရိပ်တွေကိုရပြီဆိုရင် ဖမ်းဆီးဖော်ထုတ်နိုင်ဖို့လိုတယ်။ အလားတူ
ပဲ စစ်အစိုးရက ၂၀၀၅ ခုနှစ် မေ ၇ ရက်၊ ရန်ကုန် ကုန်တိုက်တွေမှာ ဗုံးကွဲမှု ဖြစ်ပွားခဲ့
စဉ် လူတွေအများကြီးသေခဲ့စဉ်တုန်းကလည်း ဒီလုံခြုံရေးကင်မရာတွေမှာ အေဘီ အက်စ်ဒီအက်ဖ်ကလို့ သူတို့ပြောတဲ့ ဖောက်ခွဲရေးသမားတဦးရဲ့ ပုံရိပ်တွေဆိုပြီး ဖော်ပြ
ခဲ့တာရှိတယ်၊ စွပ်စွဲခဲ့တာရှိတယ်။ ဒါပေမယ့် ဒါတွေကို တရားဝင် တရားစွဲဆိုနိုင်တာမျိုး၊
လူထုရှေ့မှာ တရားဝင်ထုတ်ပြနိုင်တာမျိုး မရှိခဲ့ဘူးလေ။ အခုလည်း အလားတူစွပ်စွဲ
လာတယ်လို့ပဲ ကျနော်တို့ယူဆတယ်။ ဒါတွေဟာ စစ်အစိုးရက ရည်ရွယ်ချက်တခုခုနဲ့ ကိုယ်တိုင်လုပ်နေတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

တကယ်တော့ မြန်မာစစ်အစိုးရက အစောပိုင်း မြန်မာ့ရိုးရာသင်္ကြန်ကာလ မတိုင်မီတုန်း
ကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနိုင်တယ်ဆိုပြီး သတိပေးပြောဆိုမှုတွေ
လည်း ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလိုပြောဆိုမှုတွေဟာ ခိုင်ခိုင်မာမာ မရှိပါဘူးလို့
လည်း ဦးဋ္ဌေးအောင်က တွက်ဆပါတယ်။

“မြန်မာပြည်တွင်းမှာ ဖောက်ခွဲမှုတွေ မပေါ်ပေါက်ခင် ရက်ပိုင်းအလိုမှာ စစ်အစိုးရက နယ်စပ်ဒေသတွေမှာရှိတဲ့ ဘယ်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ရုံးတွေမှာ ဘယ်နှစ်ဖွဲ့
ပေါင်းပြီး လူဘယ်လောက်တက်ရောက်တဲ့ အစည်းအဝေးကြီးတွေ လုပ်နေတယ်၊ အဲဒီ
လူတွေကနေပြီး ဘယ်သူဘယ်သူတွေဦးဆောင်ပြီးတော့ ဘယ်လမ်းကြောင်းတွေက
နေပြီး ဝင်ရောက်လာနေပြီ၊ အဲဒီလူတွေက ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပစ်မှတ်
တွေကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ စစ်အစိုးရက လုံခြုံရေးသတင်းတွေကို အောက်ခြေ အဖွဲ့အစည်းတွေကို ချပြတယ်လို့ ကျနော်တို့သိရတာ ရှိပါတယ်။

“ဒါပေမယ့် တကြိမ်မှ အကြမ်းဖက်သမားတွေကို ဖောက်ခွဲရေးလက်နက်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိတယ်ဆိုတာ ကျနော်တို့ မကြားခဲ့ရပါဘူး။ ဒါပေမယ့် စစ်အစိုးရပြောသလို သူတို့သတိပေးပြီး မကြာမတင်မှာဘဲ ဖောက်ခွဲမှုတွေက တကယ်ပေါ်ပေါက်လာခဲ့တာ
ကို သတိထားမိတာရှိပါတယ်။ အဲတော့ ဒါတွေဟာ စစ်အစိုးရကသာ တိတိကျကျ သတင်းရရှိတာမှန်ရင်၊ နယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေကပဲ ဒါတွေကို ကျူးလွန်
ခဲ့တာမှန်ရင် အဲဒီတရားခံတွေကို ဖမ်းမိလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေ
မယ့် ဒီလိုဖမ်းမမိဘဲ ဒီနေ့အထိ ဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကတော့
ဒါတွေဟာ စစ်အစိုးရက ယုတ္တိယုတ္တာမရှိဘဲနဲ့ သူတို့ ရည်ရွယ်ချက်တခုခုနဲ့ လုပ်နေ
တယ်လို့ပဲ ကျနော် သံသယဖြစ်မိပါတယ်။”

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တရက်မှာပဲ အခု မြန်မာစစ်အစိုးရက စွပ်စွဲထားတဲ့
စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့က ကြေညာချက်ဆိုပြီး
ထွက်ပေါ်လာတဲ့ အီးမေးလ်တစောင်ထဲမှာ သူတို့လက်ချက် ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါ
တယ်။ ဒါပေမယ့်လည်း ဒီအီးမေးလ်ကတဆင့် ကြေညာချက်ဟာ ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက် အစစ်အမှန်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ မြန်မာစစ်အစိုးရကတော့ တဖက်နိုင်ငံအခြေစိုက် ဒီအဖွဲ့က မုန်တိုင်းလို့ အမည်ပေး
ထားတဲ့ ဖောက်ခွဲရေးသမားရဲ့လက်ချက်လို့ ပြောဆိုလိုက်တာပါ။ ဒီတော့ တဖက်နိုင်ငံ
လို့ဆိုတဲ့ ထိုင်းနိုင်ငံမှာ ဒီအဖွဲ့ အခြေစိုက်လှုပ်ရှားနေတယ်ဆိုတာနဲ့ပတ်သက်လို့
ကြားသိရတာမျိုးရှိမရှိ ဦးဋ္ဌေးအောင်ကို မေးကြည့်ပါတယ်။

“မရှိပါဘူးခင်ဗျ။ ဒီဘက်တွေမှာကတော့ ဒီအဖွဲ့လှုပ်ရှားတယ်ဆိုတာမျိုး ကျနော်တို့
လုံးဝမကြားမိပါဘူး။ ဒါပေမယ့် ခုန ကျနော်ပြောသလို ကြေညာချက်တွေ ထွက်တာ
ကတော့ ၂၀၀၄ ခုနှစ်က တကြိမ်ထွက်ခဲ့တယ်၊ ခုတကြိမ်ထွက်တယ်လို့ပဲ ကျနော်
မှတ်သားမိပါတယ်။ စွမ်းအားမြှင့်ကျောင်းသားအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ
သံရုံးနဲ့ ရပ်ချ်ဘူရီဆေးရုံကို အပိုင်စီးမှုဖြစ်ပွားပြီး နောက်ပိုင်းကစပြီး ဒီအဖွဲ့ဟာ
ဆက်ပြီး ရပ်တည်နေသေးသလား၊ မရှိတော့ဘူးလားဆိုတာကို ဘယ်သူကမှ တိတိ
ကျကျ မသိဘူးလေ။ အဲဒါကြောင့် ဒီနောက်မှာထွက်နေတဲ့ ကြေညာချက်တွေအပေါ်
မှာတော့ ကျနော်တို့က သံသယရှိပါတယ်။”
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးဋ္ဌေးအောင် ပြောပြသွားတာပါ။

အခု မြန်မာစစ်အစိုးရက စွပ်စွဲထားတဲ့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်
တော်များအဖွဲ့ဟာ ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကို
ဝင်ရောက်စီးနင်းရာက စတင်ပေါ်ပေါက်လာခဲ့တာပါ။ ဒီနောက် ထိုင်းနိုင်ငံ ရပ်ချ်ဘူရီ
ခရိုင်က ဆေးရုံကို ထပ်မံဝင်ရောက်စီးနင်းမှုမှာ အဖွဲ့ဝင်တချို့ဟာ ထိုင်းလုံခြုံရေး
အာဏာပိုင်တွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။ ဒီ့နောက်မှာတော့ ဒီအဖွဲ့ရဲ့လှုပ်ရှားမှု
တွေဟာ အားပျော့သွားတာကိုတွေ့ရပြီး ပြိုကွဲသလောက်ရှိနေပြီလို့လည်း နယ်စပ်
အခြေစိုက် နိုင်ငံရေး၊ စစ်ရေး အကဲခတ် လေ့လာသူတွေက ယုံကြည်ထားကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG