ထိုင်းနိုင်ငံထဲကို တရားမဝင်ခိုးဝင်ဖို့ ကြိုးစား
ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၂၁ ယောက်ထဲက
အသက်မသေ ကျန်ရစ်သူတွေကို နိုင်ငံရင်း
ပြန်ပို့တဲ့ကိစ္စ ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ ဥပဒေ
နဲ့အညီ လွတ်လပ်တဲ့ရှေ့နေတွေရဲ့ ကိုယ်စား
ပြုမှု ခွင့်ပြုဖို့ လူ့အခွင့်အရေးအဖွဲ့တွေက
ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြပါတယ်။
ဧပြီလ ၉ ရက်နေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးရဲ့
နောက်ဆက်တွဲ အခြေအနေတွေကို
ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အလုပ်အကိုင်ဆိုင်ရာ မတော်တဆဖြစ်ရပ်
တွေကနေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးရသူတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်
လှုပ်ရှားနေတဲ့ ဟောင်ကောင်အခြေစိုက် ANROAV ဆိုတဲ့အဖွဲ့က ဒီအမှုကိစ္စနဲ့
ပတ်သက်လို့ ထုတ်ပြန်ကြေညာလိုက်တာပါ။
မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ လူမှောင်ခိုကူးသူတွေရဲ့ ဓားစာခံတွေ
ဖြစ်ပါတယ်လို့ ဒီထုတ်ပြန်ချက်မှာပါဝင်တဲ့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုး
တိုးတက်ရေး ဖောင်ဒေးရှင်းက မစ္စတာ စုမ်မ်ချိုင်း ဟုမ်မ်လာက ဗွီအိုအေကို
ပြောပါတယ်။
“မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ လူမှောင်ခိုကူးသူတွေရဲ့ ဓားစာခံတွေပါ။ တကယ်
ကတော့ သူတို့ကို တရားစွဲတာ၊ ပြစ်ဒဏ်စီရင်တာ၊ ထောင်သွင်းအကျဉ်းချတာ၊ ဒဏ်ငွေ ချမှတ်တာတွေ မလုပ်သင့်ပါဘူး။”
အဲဒီလူ ၁၂၁ ယောက်ကို ၇ ပေခွဲ၊ ၂၀ ပေခွဲလောက်ပဲရှိပြီး အလုံပိတ်ထားတဲ့ အအေး
ခန်း ကုန်သေတ္တာထဲမှာ စုပြုံသိပ်ထည့်ပြီး ထိုင်းနိုင်ငံထဲကို ခိုးသွင်းဖို့ ကြိုးစားခဲ့ကြတာ
ပါ။ အဲဒီထဲက အသက် ၈ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် အမျိုးသမီး ၃၇ ဦးနဲ့ ကလေးငယ်တဦး အပါအဝင် အမျိုးသား ၁၇ ဦး၊ စုစုပေါင်း ၅၄ ဦးတို့ဟာ မွန်းကျပ်ပြီး သေဆုံးခဲ့ကြရပါတယ်။ အသက် ၁၈ နှစ်အောက်လူငယ် ၁၄ ဦးနဲ့ ကိုယ်ဝန်ဆောင်
အမျိုးသမီးတဦး အပါအဝင် ၆၇ ယောက်ကတော့ အသက်မသေ လွတ်မြောက်ခဲ့ပါ
တယ်။
အသက်မပြည့်သေးတဲ့ လူငယ် ၁၄ ဦးကို လူကြီးတွေနဲ့ခွဲပြီး ရနောင်းက လူဝင်မှု
ကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပါတယ်။ လူကြီး ၅၃ ယောက်
ကိုတော့ တရားမဝင် ဝင်ရောက်မှုနဲ့ ဒေသတရားရုံးတခုကနေ ဒဏ်ငွေ ဘတ် ၂၀၀၀ စီ ချမှတ်ခဲ့ပါတယ်။ သူတို့ထဲမှာ လေးယောက်ကပဲ ဒဏ်ငွေဆောင်နိုင်တာကြောင့် ဒဏ်ငွေမဆောင်နိုင်တဲ့လူတွေကို ထောင်ဒဏ် ၁၀ ရက်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီလူတွေကို ခိုးသွင်းရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူခြောက်ဦးကို ထိုင်း
အာဏာပိုင်တွေက ဖမ်းဆီးထားပြီးပြီဖြစ်ပြီး လူသေစေသော ပေါ့ဆမှုဆိုတဲ့ စွဲချက်နဲ့ တရားစွဲတင်မယ်လို့ တနင်္လာနေ့မှာ ထိုင်းရဲတပ်ဖွဲ့ကပြောတဲ့အကြောင်း ဘန်ကောက်
ကလာတဲ့ အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
မစ္စတာစုမ်မ်ချိုင်းကတော့ လူမှောင်ခိုကူးသူတွေဟာ သူတို့ချည်းပဲ လုပ်နိုင်တာမဟုတ်
ဘူးလို့ ဆိုပါတယ်။
“ဒါဟာ လူမှောင်ခိုကူးသူတွေရဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ပါ။ စီးပွားရေးသမားတွေ
နဲ့ တချို့အစိုးရတာဝန်ရှိသူတွေရဲ့ ပံ့ပိုးမှု မပါဘဲနဲ့ ဒီမှောင်ခိုသမားတွေ သူတို့ချည်းပဲ
မလုပ်နိုင်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။”
ဒီအမှုမှာ မြန်မာနိုင်ငံ၊ ကော့သောင်းဘက်က တာဝန်ရှိသူတွေကိုယ်တိုင် ပါဝင်
ပတ်သက်မှုရှိတယ်ဆိုတဲ့ သတင်းတွေကလည်း ဒီ့မတိုင်ခင်ကတည်းက ထွက်နေခဲ့တာ
ပါ။
ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး ခုလိုဖြစ်ရပ်မျိုးတွေဖြစ်တာ ခုမှ ပထမဆုံး ဖြစ်တာမဟုတ်ဘဲ ထိုင်း-မြန်မာ အစိုးရနှစ်ရပ်စလုံးက ပြဿနာတွေကို လျစ်လျူပြု
လာခဲ့ကြတယ်လို့ မစ္စတာစုမ်မ်ချိုင်းက ဆိုပါတယ်။
“ထိုင်းအစိုးရနဲ့ ကျနော်တို့အိမ်နီးချင်းနိုင်ငံက အစိုးရဟာ ပြဿနာတွေကိုဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ မြန်မာအစိုးရဟာ စီးပွားရေးအခြေအနေ တိုးတက်အောင်
လုပ်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့ပါ
တယ်။ ဒီတော့ မြန်မာနိုင်ငံသားတွေဟာ သူတို့ဘ၀ တိုးတက်အောင်လုပ်ဖို့၊ သူတို့
မိသားစုတွေကို ကျွေးမွေးစောင့်ရှောက်နိုင်အောင် ငွေရဖို့အတွက် အဖမ်းခံရနိုင်တယ်၊ ထောင်ချခံရနိုင်တယ်၊ နောက်ဆုံး တချို့စက်ရုံတွေမှာ ကျေးကျွန်တွေသဖွယ် လုပ်ကိုင် ရနိုင်တယ်ဆိုတဲ့ အခက်အခဲတွေ ရှိတာတောင်မှ ထိုင်းနိုင်ငံကို လာကြတော့တာပေါ့
ဗျာ။”
ဒါ့ကြောင့်လည်း မစ္စတာစုမ်မ်ချိုင်းတို့အဖွဲ့ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်း ၇၉ ဖွဲ့ရဲ့ တောင်းဆိုချက်ထဲမှာ ရွှေ့ပြောင်းအလုပ်
သမား မှတ်ပုံတင်မှုဆိုင်ရာ ထိုင်းအစိုးရရဲ့စနစ်ကို ချက်ချင်းပြုပြင်ပြောင်းလဲပြီး ပိုပြီး
ထိရောက်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ဖို့တွေကို တောင်းဆိုတဲ့အချက်
ထည့်သွင်းထားတာပါ။
ဒါ့အပြင် သူတို့ရဲ့တောင်းဆိုချက်တွေထဲမှာ အသက်မသေကျန်ရစ်လို့ ဖမ်းဆီးခံထားရ
သူတွေကို ပြန်ပို့မယ့်ကိစ္စ ရပ်ဆိုင်းဖို့၊ အဲဒီလူတွေ အပါအဝင် သေဆုံးသွားသူတွေရဲ့ မိသားစုတွေအနေနဲ့ သီးခြားလွတ်လပ်တဲ့ ရှေ့နေတွေရရှိဖို့နဲ့ သေဆုံး၊ ဒဏ်ရာရသူ
တွေအတွက် နစ်နာကြေးပေးဖို့၊ ဒီအမှုကို ပွင့်လင်းမြင်သာတဲ့ စစ်ဆေးမှု ချက်ချင်း
လုပ်ဖို့တွေကို တောင်းဆိုထားပါသေးတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာ တဖြည်းဖြည်း ကြွယ်ဝချမ်းသာလာနေတဲ့ ထိုင်းနိုင်ငံ
ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သွားလုပ်ချင်ဖွယ် စွဲဆောင်တဲ့နိုင်ငံတခု ဖြစ်လာပါတယ်။ အဲဒီအလုပ်သမားတွေ
ဟာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ ကျွမ်းကျင်မှုမလိုအပ်တဲ့၊ အန္တရာယ်များတဲ့
အလုပ်တွေကို လုပ်ကြရပါတယ်။ ဒါ့အပြင် ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့ခံရမယ့်အရေး
အပြင် မတော်မတရား ဥပဒေမဲ့ ပြုကျင့်မှုတွေကိုလည်း ရင်ဆိုင်ကြရပါတယ်။ ထိုင်းနိုင်ငံ
မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ တသန်းကျော်
ရှိမယ်လို့ ယူဆကြပါတယ်။