သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲ မသမာမှုတွေ တွေ့ရင် ကမ္ဘာသိအောင် ထုတ်ဖေါ်ဘို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တိုက်တွန်း


လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပချိန်အတွင်းမှာ မသမာမှုတွေ မတရားမှုတွေ ရှိလာရင် တဦးချင်း တယောက်ချင်းဖြစ်စေ အစုလိုက်ဖြစ်စေ စောင့်ကြည့်ပြီး ကမ္ဘာသိအောင် ဖော်ထုတ် ဖွင့်ချကြဖို့ဆိုပြီး ၈၈မျိုးဆက် ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံ ဆက်သွယ် မေးမြန်းထားတာတွေကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။

ဆန္ဒခံယူပွဲမတိုင်ခင် လက်ရှိအခြေအနေမှာကို ဖွဲ့စည်းပုံကိုထောက်ခံဖို့ အာဏာပိုင်တွေဖက်က စည်းရုံးနေချိန်မှာပဲ ဒီမိုကရေစီရေး လိုလားသူတွေရဲ့ ဖွဲ့စည်းပုံ ကန့်ကွက်ရေး စည်းရုံး လှုပ်ရှားမှု တွေဟာ နှောက်ယှက် ဟန့်တားတာတွေ ကြုံနေရပါတယ်။ ဒါ့ကြောင့်လည်း လာမယ့် ဆန္ဒခံယူပွဲမှာ မဲမသမာမှုတွေ ခြိမ်းခြောက်မှုတွေနဲ့ မတရားမှုတွေ ရှိလာနိုင်တယ်လို့ ဒီမိုကရေစီရေး တတ်ကြွ လှုပ်ရှားသူတွေက ယူဆနေပါတယ်။ လူအချို့ဆိုရင် ကန့်ကွက်မဲထည့်လည်း ထောက်ခံမဲ ဖြစ်သွား မှာပဲ ဆိုတဲ့ အယူအဆနဲ့ မဲသွားမထည့်ဘူး ဆိုတာတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဆန္ဒခံယူ ပွဲမှာ သွားပြီး ကြက်ခြေခတ် ကန့်ကွက်မဲ ထည့်ကြဖို့နဲ့ မတရားမှုတွေ မသမာမှုတွေဖြစ်လာရင် ဖော်ထုတ် ဖွင့်ချကြဖို့ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့က တိုက်တွန်းပါတယ်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုစိုးထွန်းကို မေးကြည့်ပါတယ်။

“သူတို့ဖက်က ချိန်းခြောက်မှုတွေ၊ အကြပ်ကိုင်မှုတွေ၊ စည်းရုံးမှုတွေနဲ့ လုပ်နေကြတယ်။ အင်းအားနဲ့ သူတို့မှာ အာဏာလည်းရှိတယ်၊ ပါဝါလည်းရှိတယ်။ ငွေကြေးတွေနဲ့ ချော့ပြီး စည်းရုံးတာတွေရှိတယ်။ ချိန်းခြောက်အကြပ်ကိုင် စည်းရုံးတာတွေရှိတယ်။ အဲဒီလို လုပ်တဲ့အပေါ်မှာ လူထုရဲ့ သူတို့ကို ပိုပြီး မကျေနပ်တာတွေကို ကျွန်တော်တို့က ကြားနေရပါတယ်။ ဆန္ဒခံယူပွဲမှာ သူတို့ကို ထောက်ခံမဲ ရ အောင် လုပ်နေကြတာကတော့ တဖက်သက်ဆန်နေတယ်။ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်တွေ၊ တိုင်းမှူး တွေ၊ ကြံ့ခိုင်ရေးရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့အစည်းတွေ လူကိုယ်တိုင် ကွင်းဆင်းပြီးတော့ ဝန်ထမ်း တွေကို ချိန်းခြောက်ပြီးတော့ ကြိုတင်မဲပေးဖို့တွေ၊ ထောက်ခံမဲပေးဖို့တွေကို အကြပ်ကိုင်ပြီး လုပ်ခိုင်း နေတာတွေရှိပါတယ်။ တဖက်ကကျတော့ ကန့်ကွက်မဲပေးချင်တယ်ဆိုပြီး ကျွန်တော်တို့ဖက်က လွတ်လပ်စွာနဲ့ ကန့်ကွက်ဖို့ စည်းရုံးလှုံ့ဆော်ဖို့ လုပ်သူတွေကို ချိန်းခြောက်တာတွေ၊ အကြပ်ကိုင် တာတွေဟာ အသက်ကိုပါ ရန်ရှာလာတဲ့အထိ ဖြစ်လာတယ်။ ဒါကြောင့် ဒါဟာ လုံးဝတရား မျှတမှုမရှိဘူး။”

တဆက်တည်းမှာ လာမယ့် ဆန္ဒခံယူပွဲရက်မှာ တချို့နေရာတွေမှာ မဲကလိမ်ကျမှုတွေ ရှိလာနိုင်တယ်၊ အခုတောင် ကြိုပြီး အခြေအနေတွေက မသမာမှုတွေကို တွေ့နေရပြီဆိုတော့ မဲပေးတဲ့နေ့ကျရင် မသမာမှုတွေ ရှိလာနိုင်တယ်လို့ တွက်ကျပါတယ်။ အဲဒီအခြေအနေ ပတ်သက်လို့ရော ကိုဇော်ထွန်း ဘယ်လို ယူဆပါသလဲ။

“ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ သံဃာတော်တွေရော၊ ရပ်မိရပ်ဖတွေ၊ နယ်ပယ် ဒေသအသီးသီးက လေးစားရတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ တက္ကသိုလ် ကျောင်းသူကျောင်းသား တွေ၊ အထူးသဖြင့် အားကိုးအားထားပြုတာကတော့ လူငယ် ကျောင်းသူကျောင်းသားတွေပါ။ သူတို့တွေက အခုချိန်မှာ လုပ်ငန်းခွင်တွေနဲ့ အပူအပင်တွေ မရှိကြသေးဘူး။ လွတ်လပ်တဲ့အရွယ်၊ တက်ကြွတဲ့အရွယ်၊ ရဲဝံ့စွန့်စားနိုင်တဲ့အရွယ်တွေ ဖြစ်တယ်။ အမှန်တရားကို လိုလားတဲ့ လူငယ်တွေ ဖြစ်ကြတယ်။ ဒီလူငယ်တွေဟာ ၂၀၀၇ စက်တင်ဘာမှာလည်း သူတို့ရဲ့ အမှန်တရားကို လိုလားတဲ့ စိတ်တွေ၊ ဓမ္မဖက်က ရပ်တည် လိုလားတယ်ဆိုတဲ့ စိတ်တွေကို ဖော်ပြခဲ့ကြတယ်။ ဗကသတို့၊ ၂၀၀၇ မျိုးဆက်တို့၊ Generation Wave တို့ မျိုးဆက်တွေဟာ လူထုဆန္ဒခံယူပွဲမှာ နအဖအစိုးရနဲ့ နောက် လိုက်နောက်ပါတွေရဲ့ မတရားမှု နည်းလမ်းပေါင်းစုံတွေကို ဖော်ထုတ်ဖွင့်ချနိုင်ဖို့ လိုပါတယ်။ အဲလို လုပ်နိုင်ဖို့ဟာ နီးစပ်ရာ၊ သက်ဆိုင်ရာ လူတွေကို အသိပေး တိုင်းကြားချင်းဖြစ်စေ၊ မှတ်တမ်းမှတ်ရာ ရယူချင်းနဲ့ ဖြစ်စေ အမျိုးမျိုး ဆောင်ရွက်နိုင်ပါတယ်။ အခုဆိုရင် ၈၈မျိုးဆက် ကျောင်းသားများက ဖန်တီးထားတဲ့ hrhittai@gmail.comကိုလည်း e-mailပို့ တိုင်ကြားနိုင်ပါတယ်။ လူ့အခွင့်အရေးအတွက် ဘာမှ အာမခံချက်မရှိတဲ့ တိုင်းပြည်မှာ ဒီလို လူထုဆန္ဒခံယူပွဲမှာလည်း နအဖအစိုးရရဲ့ ကလိမ်ကျမှု၊ ညစ်ပက်မှုတွေကို ကမ္ဘာကို သိအောင် ဖွင့်ချနိုင်ဖို့လိုပါတယ်။”

ဟုတ်ကဲ့၊ ကိုစိုးထွန်း ဆိုလိုတာက ဆန္ဒခံယူပွဲမှာ လေ့လာစောင့်ကြည့်ဖို့ အစုအဖွဲ့လေးတွေ ဖွဲ့ထားဖို့ ရည်ရွယ်တဲ့ သဘောလား။

“ဟုတ်ကဲ့ အစုအဖွဲ့အနေနဲ့ မဖြစ်နိုင်ခဲ့ရင် တဦးချင်း တယောက်ချင်း တာဝန်ယူတဲ့ စိတ်တွေနဲ့ လုပ်နိုင်ကြဖို့လိုပါတယ်။”

အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ အခုကတည်းက ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ကြက်ခြေခတ်ပေးဖို့ မြန်မာနိုင်ငံအနှံ စည်းရုံးလှုံဆော်မှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့စည်းရုံးရေးသမားအတော်များများဟာ အာဏာပိုင်တွေက ခြိမ်းခြောက်တာ နှောက်ယှက် ဟန့်တားတာတွေ ခံနေရတယ်လို့ အဖွဲ့ချုပ်က ပြောပါတယ်။ ဒါပေမယ့် လာမယ့် ဆန္ဒခံယူပွဲ လုပ်ချိန်မှာလဲ သူတို့အနေနဲ့ ဒီလို မဲမသမာမှုတွေ မတရားမှုတွေကို ဖော်ထုတ်ဖွင့်ချဖို့ ပြင်ဆင်ထား ပါတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ တဖက်က အစိုးရဖြစ်နေတော့ ကျွန်တော်တို့ဟာ နှိပ်ကွက်တာတွေကို ခံနေရတာပေါ့။ ဒီကိစ္စအတွက် ဖမ်းတာမျိုးတွေတော့ မရှိပေမယ့် ကျွန်တော်တို့ရဲ့ စည်းရုံးရေးအတွက် အနှောက်အယှက်ဖြစ်အောင်လို့တော့ အမျိုးမျိုးလုပ်နေတယ်။ ဒီမှာကိုက တရာမှုမဖြစ်ဘူးဆိုတာ ပေါ်လွင်နေတယ်လို့ မှတ်ချက်ပေးချင်တယ်။”

အခုလိုမျိုး ဆန္ဒခံယူပွဲ နီးနေတဲ့ မတိုင်ခင် အခြေအနေမှာတောင်မှ အခုလိုမျိုး တဖက်သက် ဖြစ်မှုတွေရှိရင် ဆန္ဒခံယူပွဲ လုပ်တဲ့အချိန်မှာ မသမာမှုတွေက ပိုပြီးတော့ ရှိမလာနိုင်ဘူးလား။

“ကျွန်တော်တို့ အများကြီး စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ တနေ့က စာချုပ်ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းသင့်တယ်။ မျှတမှုရှိပါ့မလားဆိုတာကို ပြည်သူလူထုက အလွန် စိုးရိမ်နေတယ်။”

NLD ကိုယ်တိုင်ကရော ဖြစ်လာတဲ့ မတရားမှု အခြေအနေတွေကို စောင့်ကြည့်သွားဖို့ရော ရှိပါလား။

“ကျွန်တော်တို့က စောင့်ကြည့်မယ်။ တွေ့တာတွေ မှန်သမျှကို ပြည်သူလူထုသိအောင် ဆောင်ရွက် သင့်တာတွေလည်း ဆောင်ရွက်ပါ့မယ်။”

ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖက်က ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုတွေ ရှိနေချိန်မှာတော့ ကြံ့ခိုင်ရေးအသင်းဝင်တွေ နောက် ပြည်ထောင်စု မြန်မာနိုင်ငံ ၈၈ခေါင်းဆောင်အမည်ခံ ကိုအေးလွင်တို့ အဖွဲ့ချုပ်က ခွဲထွက်ခဲ့ကြတဲ့ ဝံသာနု အန်အယ်ဒီတို့ကတော့ ဖွဲ့စည်းပုံ ထောက်ခံရေး စည်းရုံးမှုတွေ လုပ်နေပါတယ်။ ဒီထောက်ခံရေးအဖွဲ့တွေကိုတော့ အာဏာပိုင်တွေဖက်က အကူအညီပေးနေသလို၊ အစိုးရအဖွဲ့ ဝန်ကြီးတွေကိုယ်တိုင်လည်း နယ်တွေဆင်းပြီး ဖွဲ့စည်းပုံကိုထောက်ခံဖို့ ဝန်ထမ်းတွေ ဒေသခံတွေကို တိုက်တွန်းနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG