သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံက မြန်မာသံရုံး ကြိုတင်အသိမပေးဘဲ မြန်မာနိုင်ငံသားတွေကို ဆန္ဒခံယူဖို့ မဲထည့်ခိုင်း


ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ လူထုဆန္ဒခံယူပွဲအတွက် အကြိုမဲ ပေးတာတွေ လုပ်ဆောင်နေရာမှာ မလေးရှားနိုင်ငံ မြန်မာသံရုံးကလည်း လုပ်ဆောင်နေပါပြီ။ ဒါပေမယ့်လည်း ဒီလိုလုပ်ဆောင်ရာမှာ မဲတွေပေးရမယ့်အကြောင်း တိတိကျကျ သတ်မှတ် ပြောဆိုထားတာမျိုး မရှိပဲနဲ့ အကြောင်းအမျိုးမျိုးနဲ့ သံရုံးကို ရောက်လာသူတွေကို မဲတွေ ထည့်ခိုင်းနေတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ လူထုဆန္ဒခံယူပွဲအတွက် ကြိုတင် မဲပေးတာတွေ လုပ်ကိုင်နေချိန်မှာပဲ မလေးရှားနိုင်ငံက မြန်မာသံရုံးကလည်း ဆန္ဒမဲကောက်ယူတဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်နေတာပါ။ ဒီလို လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံသား အများအပြားကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မသိကြရဘဲ ရုံးလုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာသံရုံးကို သွားရောက်တဲ့ အခါကြတော့မှသာ သံရုံးဝန်ထမ်း တွေက အခုလို ကြိုတင်မဲတွေ ထည့်ခိုင်းနေတာ ဖြစ်ပါတယ်။ မလေးရှားရောက် မြန်မာနိုင်ငံသား တယောက်ရဲ့ အတွေ့အကြုံကတော့ -

“ကျနော်တို့ ၄ လပိုင်း ၂၄ ရက်နေ့ကပေါ့ ကျနော်တို့ ပါမစ် တိုးဖို့ဆိုပြီး သွားတာခင်ဗျ။ ပက်စ်ပို့စ် ပါမစ်ပေါ့ခင်ဗျာ။ ကျနော်တို့က ၂ နှစ် သက်တမ်းအရ ၂ နှစ် ကုန်ဆုံးပြီ ဆိုတော့ ပြန်တိုးရတာပေါ့။ မဲပေးဖို့ဘာညာဆိုတော့ ကျနော်တို့ သိလည်း မသိပါဘူး။ အစီအစဉ်လည်း မရှိဘူး။ ဒီရောက်မှ ဒီလိုရှိတဲ့ အနေအထားတွေလည်း ကျနော်တို့ သိတယ်။ ကျနော်တို့ သံရုံးရှိတဲ့နေရာ ဘယ်နားမှန်းတောင် မသိဘူး။ ကုမ္ပဏီက လိုက်ပို့တာပဲ သိတယ်။ အလုပ်က စာရေးတွေဘာတွေပေါ့ သူတို့တွေက လိုက်ပို့တယ်။ သူတို့နဲ့ပဲ သွားတယ်။ ကျနော်တို့ ဘာမှမသိဘူးခင်ဗျ။ မနေ့က ရောက်မှပဲ ကျနော်တို့ သိရတော့ မနေ့က သိသိချင်းပဲ သူတို့ ထည့်ခိုင်းလို့ ထည့်ခဲ့ရတယ်။ ကျနော်တို့ ပါမစ်တွေ ဘာတွေ တိုးပြီးမှပေါ့လေ။ သူတို့က ဆန္ဒမဲပေးခဲ့ပါဦး ဘာညာနဲ့ ကျနော်တို့ကို ပြောတဲ့အခါကျတော့ အဲဒီမှာ စာရွက်ကလေးတွေ ပေးလိုက်တာ။ အဲဒီမှာ ဆန္ဒမဲပေးရမယ့် အခန်းထဲကို ကျနော်တို့က သွားတဲ့အခါကျတော့ သူတို့ တစ်ယောက်စီ ခေါ်ပြီးတော့ ရှင်းပြတယ်။ အခု အစိုးရကို ထောက်ခံရင် ထောက်ခံတယ်ပေါ့။ မထောက်ခံရင် မထောက်ခံဘူးပေါ့။ ဒီလိုပုံစံ အနေအထားလေးတွေ ရှိတယ်ဆိုပြီးတော့ ကျနော်တို့ကို ရှင်းပြပြီးတော့ အခန်းထဲမှာ တစ်ယောက်ချင်း ဝင်ပြီးတော့ မဲပေးခဲ့ရတာပေါ့။ ဆန္ဒပေးခဲ့ရတာ၊ အဲဒါပါပဲ။ မဲပုံးဆိုတာကလည်း ပလက်စတစ်ခြင်းထဲမှာပဲ စာအိပ်လေးတွေ ပေးလိုက်ပြီးတော့ စာရွက်လေးတွေနဲ့ ကိုယ်ကြိုက်တဲ့နေရာကို အမှန်၊အမှားပေါ့ အဲဒီလိုမျိုး လုပ်ခဲ့ပြီးတော့ စာအိပ်ထဲ ထည့်ပြီးတော့ အဲဒီပလက်စတစ်ခြင်းထဲပဲ ထည့်ပေးခဲ့ရပါတာပဲ။ မဲပုံးရယ်လို့ ဒီအတိုင်း သီးသန့်ကြီး ပေးထားတာတော့ မရှိပါဘူး။”

ရုံးလုပ်ငန်းကိစ္စအတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးကို ရောက်သွားတုန်း လူထုဆန္ဒခံယူပွဲအတွက် မဲပေးဖို့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံသား တဦးပါ။ ဒီလို ကြိုတင်မဲတွေ ထည့်ရပေမယ့်လည်း အခု ဆန္ဒခံယူပွဲကနေ အတည်ပြုဖို့ရှိတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်တာ၊ ဆန္ဒခံယူပွဲဆိုင်ရာ သတင်း အချက်အလက်တွေတော့ ဘာမှ ပြည့်ပြည့်စုံစုံ မသိရဘူးလို့လည်း သူက ပြောပါတယ်။ အခုလို မြန်မာသံရုံးက ကြိုတင်မဲ ပေးခိုင်းတာတွေ ရှိနေပေမယ့်လည်း ထောင်သောင်းချီရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကြားမှာတော့ ဒီလို မဲပေးနိုင်တဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိထားရပုံတော့ မပေါ်ပါဘူး။

“သတင်းထွက်နေတာတော့ ကြာပြီ။ သံရုံးမှာ မဲပေးရမယ်ဆိုပြီးတော့။ ဒါပေမယ့် အတိအကျ မသိဘူးပေါ့။ အဲဒါ မနေ့က ကျနော်နဲ့ တရားဝင်လုပ်နေတဲ့ ကျနော်တို့ စက်ရုံက နှစ်ယောက်က သွားတဲ့အခါကျတော့ သူတို့ ပြန်လာတဲ့အခါကျတော့ ကျနော် မေးကြည့်တဲ့အခါကျတော့ ဒီလို၊ ဒီလိုပဲ ဆိုပြီးတော့ မဲပုံးရယ် ဘာညာ အတိအကျရယ်လို့တော့ မရှိဘူးပေါ့။ အဖြစ်ပေါ့။ သူတို့ လုပ်ထားပြီးတော့ ပြောမယ်ဆိုရင်တော့ တော်တော်များများကတော့ ကြောက်ပြီးတော့ သူတို့ကို မပေးဘူးဆိုရင် ပါမစ်သက်တမ်း မတိုးပေးမှာတို့ ဘာတို့ အဲဒီလို အနေအထားအရပေါ့ ကြည့်ပြီး ပေးခဲ့ရတာပဲ။ ကြိုက်လားလို့မေးရင်တော့ ဘယ်သူမှ မကြိုက်ကြဘူး။ သိနေတာပဲဟာ အကုန်လုံးက။ စာကမ်းထားတာတို့၊ ဥပမာ - ကြိုပြီး ကြေညာတာတို့ ဘာတို့ မရှိဘူး။ သံရုံးကို သွားမှပဲ သိကြရတာ များပါတယ်။ ရောက်တော့မှပဲ သက်တမ်းတိုးဖို့သွားတဲ့သူတွေ အခွန်ဆောင်ဖို့ သွားတဲ့သူတွေ အဲဒီရောက်ပြီဆိုလို့ရှိရင် သိရပြီ။ မဲပေးရမယ်ဆိုပြီးတော့ပေါ့။ ကြိုပြီးတော့ ကျနော်တို့ကို စက်ရုံကို စာပို့ထားတာတို့တော့ ဘာမှမရှိဘူး။”

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတဦးဖြစ်တဲ့ ကိုမင်းမင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက လူထုဆန္ဒခံယူပွဲကို နိုင်ငံအဝန်း မေလ (၁၀) ရက်နေ့မှာ ကျင်းပပေးမယ်လို့ ကြေညာပေးခဲ့တဲ့နောက် ပြည်ပမှာရောက်ရှိနေကြပြီး မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း သက်ဆိုင်ရာ သံရုံးတွေမှာ ကြိုတင်မဲတွေပေးခွင့် ပြုခဲ့တာပါ။ တချိန်တည်းမှာပဲ အခုလို ဆန္ဒမဲတွေ ပေးကြတဲ့ အချိန်မှာ ကန့်ကွက်မဲတွေ ပေးကြဖို့ ပြည်ပမှာ ရှိနေတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ လှုံ့ဆော်လှုပ်ရှားမှုတွေကလည်း ထွက်ပေါ်နေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG