မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအတည်ပြုရေး လူထုဆန္ဒခံယူပွဲ အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်မဲတွေ နိုင်ငံတကာမှာ ကောက်ခံနေပါတယ်။
ဝါရှင်တန်မြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာလည်း မြန်မာနိုင်ငံသားတွေ လူထုဆန္ဒခံယူပွဲအတွက် ဆန္ဒမဲတွေ ပေးနေကြပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေးစိတ် လေ့လာခွင့် မပေးဘူးဆိုတဲ့ ဝေဖန်ချက်တွေ ရှိပေမယ့် မြန်မာသံရုံး အရာရှိတွေကတော့ မဟုတ်ဘူးလို့ ငြင်းဆိုနေပါတယ်။ အခြေအနေကို မစုမြတ်မွန်က တင်ပြထားပါတယ်။
ဒီနေ့ ဝါရှင်တန်မြို့တော်သံရုံးကို မြန်မာနိုင်ငံသားတချို့ လာရောက်ပြီး ကြိုတင်ဆန္ဒမဲတွေ ပေးခဲ့ကြပါတယ်။ မဲလာပေးတဲ့ အခြေအနေနဲ့ပတ်သက်လို့
ဝါရှင်တန်မြန်မာသံရုံး သံမှူးကြီး ဦးကျော်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဒီနေ့ကတော့ လူမများပါဘူး၊ အားလုံးပေါင်း ကျနော်တို့မှာ လူ ၅၀ လောက်ပဲ ရှိပါတယ်။”
ဘယ်နှစ်ရက် သတ်မှတ်ထားပါသလဲခင်ဗျာ။ -
“ကျနော်တို့ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက် သတ်မှတ်ပါတယ်။ နေ့စဉ် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ထားပါတယ်။”
မြန်မာနိုင်ငံသားတွေကို ကြိုပြီးတော့ အကြောင်းကြား ထားပါသလား ခင်ဗျာ။ -
“ဒီနေ့လာဖို့ ကျနော်တို့ ၂ ပတ်ကြိုပြီး အကြောင်းကြားထားပါတယ်။ ကျနော်တို့ကလည်း သိသိခြင်း လှမ်းပြီး အကြောင်းကြားထားပါတယ်။”
သူတို့က ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ကြိုပြီးတော့ လေ့လာခွင့် ရှိပါသလား။ -
“လေ့လာခွင့်ရှိပါတယ်။ ကျနော်တို့ ဒီ သံရုံးမှာတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်တွေ ချထားပေးပါတယ်။ ချထားပေးပြီးတော့ မဲမပေးခင် သူတို့ လေ့လာခွင့်ရှိပါတယ်။”
ဝါရှင်တန်မြန်မာသံရုံး သံမှူးကြီး ဦးကျော်ဝင်းက ပြောသွားတာပါ။ ဒီလို မြန်မာနိုင်ငံသားတွေ မဲလာပေးတဲ့အချိန်မှာပဲ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကို ကန့်ကွက်ကြပါဆိုပြီး သံရုံးရှေ့မှာ ဆော်သြနေတဲ့ သူတွေလည်း ရှိပါတယ်။ မြန်မာ့အရေး လှုပ်ရှားနေတဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုရင်အေးက သူတို့ ဒီနေ့ သံရုံးရှေ့သွားပြီး စည်းရုံးလှုပ်ရှားတာတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
“သံရုံးရှေ့မှာ ကျနော်တို့မှာ ဆိုင်းဘုတ်တွေနဲ့၊ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ နိုး အဆိုတော်အဖွဲ့ ရှိတယ်။ ကောင်မလေးတွေ အဆိုတော်လေးတွေ သုံးယောက်၊ သူတို့ ပိုစတာတွေလည်း ပါတယ်။ အဲဒီမှာ အကုန်လုံး ပါတယ်။ ကြက်ခြေခတ်လေး ကိုင်ထားတယ်။ ပြီးရင် ရိုးသွားပြီတို့ ဘာတို့ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ပုံလည်း ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာကြောင့် ကန့်ကွက် သင့်တယ်လို့ ရေးထားတဲ့ စာတွေပေါ့နော်။ အဲဒီစာတွေကို မဲလာပေးတဲ့ အင်အားစုတွေကို လိုက်ဝေတယ်။ ကျနော်တို့ တိုင်းပြည်မှာ စစ်တပ်ရဲ့ ဦးဆောင်မှုကို အနှစ် ၂၀ လုံးလုံး ကျနော်တို့ တိုင်းပြည်ခံခဲ့ရပါပြီ။ အောက်ဆုံးအဆင့်ကို ရောက်နေပြီ လူထုရဲ့ စားဝတ်နေရေး ဘာတခုမှ စစ်တပ်ရဲ့ ဦးဆောင်မှုအောက်မှာ တိုးတက်မလာဘူး၊ အနှစ် ၂၀ ဆို တော်လောက်ပြီ။ နောက်ဆက်ပြီး ခွင့်မပြုသင့်တော့ဘူး ဆိုတာမျိုးတွေ ရှင်းပြပါတယ်။”
ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးကြဖို့ ဆော်သြနေတဲ့ အထဲက ကိုရင်အေး ပြောပြသွားတာပါ။ ဖွဲ့စည်းပုံကို ကြိုတင်မဲပေးနိုင်တဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ သောကြာနေ့က အခြေအနေ ဖြစ်ပါတယ်။