မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)
က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ထိပ်တန်း
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး
အပါအဝင် ထိန်းသိမ်းခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုမယ်လို့ သတင်း
တွေ ထွက်ပေါ်လာနေပါတယ်။ တချိန်တည်းမှာပဲ အာဏာပိုင်တွေဘက်က ဆန္ဒခံယူပွဲမှာ ထောက်ခံ
မဲတွေပေးကြဖို့ အရှိန်မြှင့်စည်းရုံးလှုပ်ရှားမှုတွေ
ကလည်း ရှိနေတယ်လို့ ကြားရပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေး
ထားပါတယ်။
နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ အန်န်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ကို မေလ ၁၀ ရက်နေ့ကျင်းပမယ့် လူထု
ဆန္ဒခံယူပွဲမှာ ဆန္ဒမဲတွေပေးခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရ အာဏာပိုင် သတင်း
ရပ်ကွက်ကို ကိုးကားပြီးတော့ ဂျပန်နိုင်ငံက Yomiuri Shimbum သတင်းစာရဲ့ အင်တာနက်သတင်းတပုဒ်က ဖော်ပြလိုက်တာပါ။ ဂျပန်နိုင်ငံထုတ် Yomiuri Shimbum
ရဲ့ သတင်းဖော်ပြချက်နဲ့ပတ်သက်လို့ ဦးတင်ဦးရဲ့သားတဦးလည်းဖြစ်၊ ဂျပန်နိုင်ငံ
အခြေစိုက် အန်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုသန့်ဇင်ဦး
ကတော့ အခုလိုပြောပါတယ်။
“Yomiuri Shimbum သတင်းစာမှာပါတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော့်
ဖခင်တို့ကို မဲပေးခွင့်ပြုမယ်ဆိုပြီး ပါပါတယ်။ ကျနော်နားလည်သလောက် ပြောရရင်
တော့ အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတခုကထွက်လာတဲ့ သတင်းကို ကိုးကားပြီး
ရေးထားတာ။ Yomiuri Shimbum သတင်းစာကတော့ ဂျပန်တပြည်လုံး အတိုင်း
အတာနဲ့ရော၊ နိုင်ငံတကာမှာပါ နာမည်ရှိတဲ့ သတင်းစာတစောင်ဖြစ်ပြီး တော်တော်
ခိုင်လုံတဲ့ သတင်းတော်တော်များများကို ရေးတဲ့သတင်းစာဖြစ်ပါတယ်။ စောင်ရေလည်း သောင်းနဲ့ချီထုတ်ဝေပြီး နာမည်ရသတင်းစာတစောင်ဖြစ်တဲ့အတွက် သူ့ဆီကရတဲ့
သတင်းဟာ မှန်လိမ့်မယ်လို့တော့ ကျနော်ယူဆပါတယ်။”
ဂျပန်နိုင်ငံအခြေစိုက် အန်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ကိုသန့်ဇင်ဦး
ဖြစ်ပါတယ်။ အခုလို သတင်းတွေထွက်ပေါ်လာနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အန်န်အယ်လ်
ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါ
အဝင် ထိန်းသိမ်းခံထားရသူတချို့ကို ဆန္ဒခံယူပွဲအတွက် စာရင်းကောက်ယူမှုတချို့ ရှိနေတယ်ဆိုတဲ့သတင်းတွေ ကြားသိရသလို ဒါဟာလည်း နိုင်ငံသားတွေ ခံစားခွင့်ရှိရ
မယ့် အခွင့်အရေးဖြစ်တာမို့ ထူးထူးခြားခြား အခွင့်အရေးပေးတာမျိုးတော့ မဟုတ်ဘူး
လို့ ဆိုပါတယ်။
“ကျနော်တို့ကြားတာတော့ မဲပေးဖို့ စာရင်းလာကောက်တယ်လို့ ကြားတယ်။ ဘယ်လို
ပုံစံ ဘာညာတော့ အတိအကျမသိသေးဘူး၊ သတင်းတော့ကြားပါတယ်။ ကျန်တဲ့
လူလည်း ပါမှာပေါ့လေ၊ ကျနော်တို့ကြားသလောက်ပြောတာ။ နောက်တယောက်က မစုစုနွေးကိုလည်း အင်းစိန်အကျဉ်းထောင်ထဲမှာ စာရင်းလာကောက်တယ်လို့ ကြား
တယ်။ ဒီဥစ္စာတွေက မဲပေးဖို့ စာရင်းကောက်တယ်ဆိုတာ ဒါသူတို့ရဲ့ အခွင့်အရေးပဲ။ မဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံးကို မဲစာရင်းကောက်ရမှာက ကော်မရှင်အလုပ်ပဲ။
သာမန်အလုပ်ပဲလို့ ကျနော်တို့မြင်ပါတယ်။”
ဒါဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေး လှုပ်ရှားသူတွေအနေနဲ့ မြန်မာစစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်
တွေအရ မကြာခင် ကျင်းပပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိတာကို အာဏာပိုင်
တွေအနေနဲ့ အသိအမှတ်ပြုဖို့လိုတယ်လို့ အန်န်အယ်လ်ဒီက တိုက်တွန်းတောင်းဆိုမှု
ထွက်ပေါ်အပြီး တပတ်အကြာမှာပဲ ဒီသတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဆန္ဒ
ခံယူပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေမျိုးတွေရှိဖို့ တိုက်တွန်း တောင်းဆိုမှုတွေကလည်း ရှိနေတာပါ။
မြန်မာစစ်အစိုးရဘက်ကတော့ ဆန္ဒခံယူပွဲတွေဟာ တရားမျှတမှုရှိမယ်လို့ ပြောဆို
နေတာဖြစ်ပြီး မြန်မာစစ်အစိုးရရဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး
မောင်အေးရဲ့ သောကြာနေ့တုန်းက ဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှာလည်း ဆန္ဒခံယူပွဲ
ကို စနစ်ကျနမှန်ကန်စွာ ဆောင်ရွက်ပေးမှာဖြစ်တယ်ဆိုပြီး ထည့်သွင်းပြောဆိုသွား
တာပါ။ ဒါပေမယ့်လည်း ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အများပြည်သူအနေနဲ့ ကျယ်ကျယ်
ပြန့်ပြန့် မသိနိုင်သလို အာဏာပိုင်တွေဘက်က ထောက်ခံမဲတွေပေးကြဖို့ စည်းရုံး
လှုံ့ဆော်မှုတွေကို တဖက်သတ်ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဦးဉာဏ်ဝင်းက
ပြောပြပါတယ်။
“ဆန္ဒမဲပေးမယ့်လူတွေက ဘာဆန္ဒပေးရမယ်ဆိုတာတောင် မသိတဲ့အခြေအနေ
ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပေးရမယ့်စာအုပ်က တပြည်လုံးအတိုင်း
အတာနဲ့ပြောရင် အနည်းအကျဉ်းလောက်ပဲ ဖြန့်ဝေနိုင်တယ်။ ပြီးတော့ ဖတ်ရှုဖို့၊ နားလည်ဖို့ဆိုတာလည်း အချိန်အလွန်နည်းနေတယ်။ ဒါကြောင့် ပြည်သူလူထုက
မသိဘူးဆိုရင် မှန်ပါတယ်။ သို့သော်လည်း တဆက်တည်းဆက်ပြောချင်တာက
အစိုးရက ဆန္ဒမဲပေးဖို့၊ ထောက်ခံဖို့ သတင်းစာထဲက နေ့စဉ်ကြော်ငြာတယ်။
သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း အစည်းအဝေးတွေခေါ်ပြီး ဒါတွေပြောတယ်။ အဲဒီလိုပြောတဲ့အတွက် ပြည်သူလူထုမှာ တချက်တော့ ပွင့်သွားတာ
ပေါ့။ အစိုးရကလုပ်နေတာ ဆန္ဒခံယူပွဲ ထောက်ခံဖို့ဆိုတာ။ အဲတော့ အစိုးရကိုကြိုက်
သလား၊ ကြိုက်ရင်ထောက်ခံ၊ မကြိုက်ရင်ကန့်ကွက်ဆိုတဲ့ အခြေအနေတခုတော့
ပေါ်တယ်လို့ ကျနော်မြင်ပါတယ်။”
ဆန္ဒခံယူပွဲကျင်းပဖို့ အစိုးရက တရားဝင်ကြေညာခဲ့တဲ့နောက် အစိုးရသတင်းမီဒီယာ
တွေကတဆင့် ထောက်ခံမဲတွေပေးကြဖို့ လှုံ့ဆော်မှုတွေရှိခဲ့သလို ပြီးခဲ့တဲ့အပတ်ထဲက
ပဲ ရန်ကုန်လိုမြို့ကြီးတွေမှာ မြေစိုက်ပိုစတာတွေစိုက်ထူပြီး စည်းရုံးမှုတွေလည်း ရှိခဲ့
တာပါ။ ဒီလိုစည်းရုံးလှုံ့ဆော်မှုတွေထဲက မကြာသေးခင် ရန်ကုန်မြို့ တောင်ဥက္ကလာပ
မြို့နယ်မှာ အာဏာပိုင်တွေရဲ့ စည်းရုံးရေးလှုပ်ရှားမှုတခု ထူးထူးခြားခြားဖြစ်ခဲ့တာကို
ဦးဉာဏ်ဝင်းက ပြောပြရာမှာတော့ …
“မနေ့က တောင်ဥက္ကလာမှာ မြို့နယ်အာဏာပိုင်တွေက ဗွီဒီယိုအစည်းအဝေးဆိုပြီး ဗွီဒီယိုလုပ်ငန်းရှင်တွေ အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ ဗွီဒီယိုကိစ္စ အနည်း အကျဉ်းပြောပြီးတဲ့အခါ စာရွက်တွေကမ်းတယ်။ အဲဒီစာရွက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ နောက်ခံကတော့ ရဟန်းသံဃာတွေ၊ အရှေ့မှာတော့ မဲပုံး။ အဲဒီမဲပုံးထဲမှာ
ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမဲပေးနေတဲ့စာရွက်တွေ။ အတုပြုလုပ်ထားတဲ့
ဟာပေါ့ဗျာ။ အဲဒီလိုလုပ်တယ်လို့ ကျနော်တို့ သတင်းရတယ်။ စာရွက်လည်း ကျနော်တို့
တွေ့ပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာ အောက်လမ်းနည်းသုံးတယ်လို့ အဲဒီလို မှတ်ချက်
ပြုချင်ပါတယ်။”
အန်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။
တကယ်တော့ အခုလို ဆန္ဒခံယူပွဲတရပ် ကျင်းပပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တဲ့နောက်ပိုင်း ဒါဟာ ဒီမိုကရေစီမဆန်ဘူး၊ ဆန္ဒခံယူပွဲကနေ အတည်ပြု
ဖို့ရှိတဲ့ အခြေခံဥပဒေမူကြမ်းဟာလည်း သက်ဆိုင်သူတွေ ပါဝင်ရေးဆွဲထားတာ မဟုတ်
ဘူးဆိုပြီး အန်န်အယ်လ်ဒီ အပါအဝင် ဒီမိုကရေစီလိုလားသူတွေဘက်ကတော့ ဆန့်ကျင် ကန့်ကွက်ထားကြတာဖြစ်သလို နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတွင်းက လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်မှုတွေလည်း ရှိသင့်တယ်ဆိုပြီး ပြောဆိုထားတာပါ။