သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံခံရမည့်အရေးမှ အာဖဂန်နစ္စတန်သမ္မတ လွတ်မြောက်


အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့တော်မှာ စစ်ရေးပြ အခမ်းအနား တခု ကျင်းပနေတုန်း တာလီဘန် စစ်သွေးကြွတွေရဲ့ လုပ်ကြံမှုအန္တရာယ်ကနေ သမ္မတ Hamid Karzai လွတ်မြောက် သွားခဲ့ပါတယ်။

ဒီလုပ်ကြံမှုမှာ သမ္မတ လွတ်မြောက်သွားပေမယ့် ပါလီမန်အမတ်တဦးအပါအဝင် လူ ၃ ဦး သေဆုံးပြီး ကျန် ၈ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗီအိုအေသတင်းထောက် Ayaz Gul အစ္စလာမ်မာဘတ်မြို့က ပေးပို့ထားတဲ့ သတင်းကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ကာဘူးမြို့လည်ခေါင်က ဒီအခမ်းအနားမှာ အာဖဂန်နစ္စတန် နိုင်ငံတော် တီးမှုတ်ပြီး ဆုံးလို့ ဧည့်သည်တော်တွေ ပြန်ထိုင်မယ် အလုပ်မှာ သေနတ်သံတွေ ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ အရာရှိတွေ မျက်မြင်သက်သေတွေက ပြောဆိုကြပါတယ်။ ဒီလို သေနတ်သံတွေ ပေါ်ထွက်လာတယ် ဆိုရင်ပဲ အခမ်းအနား တက်ရောက်နေရတဲ့ အရာရှိကြီးတွေ နိုင်ငံရေး သမားကြီးတွေ အပါအဝင် ရာချီတဲ့ ပရိတ်သတ်ဟာ အပြေးအလွှား ရုတ်တရက် အကာအကွယ်တွေ ယူကြပါတယ်။ သမ္မတဟာ ဟာမစ်ခါဇိုင်းနဲ့တကွ ဝန်ကြီးတွေ ပါလီမန် အမတ်တွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ စစ်တပ်အကြီးအကဲတွေပါမကျန် မြင်ကွင်းက ဆုတ်ခွာ ပျောက်ကွယ်သွားကြပါတယ်။

အဲဒီနောက်မှာတော့ သမ္မတ ဟာမစ်ကာဇိုင်း နိုင်ငံတော် ရုပ်မြင်သံကြားမှာ ပြန်လည်ပေါ်ထွက်လာပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေကြဖို့ အခုလို မေတ္တာ ရပ်ခံခဲ့ကြပါတယ်။ တိုက်ခိုက်သူတွေဟာ အာဖဂန်နိုင်ငံ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်သူတွေ ဖြစ်တယ်လို့ သမ္မတက ဖော်ပြသွားပါတယ်။ တိုက်ခိုက်သူတွေကို စစ်တပ်က ချက်ခြင်း ဝိုင်းလိုက်ပြီး သံသယရှိသူတချို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တာလီဘန်တို့ကတော့ သူတို့လက်ချက်လို့ဆိုပါတယ်။ သူတို့က မစ္စတာ ခါဇိုင်းကို ပြစ်မှတ်ထား တိုက်ခိုက်ထားခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သူ ၆ယောက်အနက် သုံးယောက် သေဆုံးပြီး ကျန်သုံးယောက် လွတ်မြောက်သွားခဲ့ပါတယ်။

ဆိုဗီယက်တို့ ထောက်ခံပံ့ပိုးခဲ့တဲ့ အာဖဂန် မူဂျာဟီဒင် အစိုးရပြုတ်ကျခဲ့သော ၁၆နှစ်မြောက် စစ်ရေးပြ အခမ်းအနား မကြုံစဖူး ထူထပ်တဲ့ လုံခြုံရေးတွေ ချမှတ်ထားတဲ့ကြားထဲက အခုလို လုပ်ကြံရေး ကြိုးပမ်းမှု ဖြစ်ပွားခဲ့ရတာပါ။ ဝန်ကြီးတွေ အမေရိကန် သံအမတ်အပါအဝင် နိုင်ငံခြားသံသမန်တွေ၊ အာဖဂန်နစ္စတန်ရောက် နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေကို ကြီးကြပ်တာဝန်ယူတဲ့ အမေရိကန် တပ်မှူးတို့ အားလုံး ဘေးအန္တရယ် ကင်းရှင်းကြတယ်လို့ လုံခြုံရေးဌာနက ဆိုပါတယ်။ သမ္မတ ခါဇိုင်းဟာ ၂၀၀၁ခုနှစ်နှောင်းပိုင်း တာလီဘန်တွေကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့၊ အာဖဂန် အင်အားစုတွေ ဖြုတ်ချပြီး အာဏာတက်လာစဉ်ကတည်းက ဒီလို လုပ်ကြံမှု အားထုတ်မှုတွေ အများအပြားကို ကျော်လွှားခဲ့ရပြီးပါပြီ။ တာလီဘန်တို့ဟာ အာဖဂန်အစိုးရတပ်တွေ၊ နိုင်ငံခြားတက်ဖွဲ့တွေကို မကြာခဏ တိုက်ခိုက်လေ့ ရှိပြီး ဒီနှစ်အတွင်းမှာတော့ သမ္မတ ခါဇိုင်း ဖြုတ်ချရေးနဲ့ ပြည်ပတပ်တွေကို အာဖဂန်နစ္စတန် နိုင်ငံက မောင်းထုတ်ရေးအတွက် တိုက်ခိုက်မှုတွေ တိုးမြှင့်သွားမယ်လို့ သန္နိာဌန်ချထားကြပါလေရဲ့ ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG