သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ရှယ်ဗရွန်ရေနံကုမ္ပဏီကြီး ကြံရာပါဖြစ်နေ


အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ
တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် စစ်အစိုးရကို စီးပွားရေးအရ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေတဲ့ကြားကပဲ အမေရိကန် စီးပွားရေးကုမ္ပဏီတခုဖြစ်တဲ့ ရှယ်ဗရွန်ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားပြီး ဒီကုမ္ပဏီဟာ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့လည်း ဆက်နွယ်ပတ်သက်နေတယ်လို့ လူ့အခွင့်
အရေးအဖွဲ့တခုက အပြစ်တင်လိုက်ပါတယ်။

ရှယ်ဗရွန်ကုမ္ပဏီအနေနဲ့ ဒီအချက်ကို
ထည့်မတွက်ဘူး၊ မစဉ်းစားနိုင်တော့ဘူး
ဆိုရင်တော့ သူ့ကို အမေရိကန်ဥပဒေနဲ့အညီ လူ့အခွင့်အရေးချိုးဖောက်မှုမှာ ပတ်သက်တဲ့
အတွက် တရားစွဲဆိုတာတွေပါ လုပ်သွားမယ်
လို့ Earth Rights International (ERI) သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအဖွဲ့
ကြီးက ပြောလိုက်ပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ
ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

ERI အဖွဲ့အနေနဲ့ အခုလို ရှယ်ဗရွန်ရေနံကုမ္ပဏီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု
ပတ်သက်ပုံတွေကို ဒီကနေ့ပဲ အစီရင်ခံစာသစ်တရပ် ထုတ်ပြန်ပါတယ်။ ရှယ်ဗရွန်
ကုမ္ပဏီဟာ စစ်တပ်ကအုပ်ချုပ်တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ကနေ ဘယ်လိုအမြတ်အစွန်းတွေယူတယ်၊ လူတွေကို ဖိနှိပ်နိုင်အောင် စစ်အစိုးရကို
ဘယ်လို ငွေကြေးထောက်ပံ့ကူညီနေတယ် ဆိုတာတွေကို ရေးသားထားတာပါ။
အစီရင်ခံစာကိုတော့ Human Cost of Energy စွမ်းအင်လုပ်ငန်းကြောင့် လူတွေ နစ်နာဆုံးရှုံးမှုဖြစ်နေတယ်လို့ အမည်ပေးထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ သတင်းစာရှင်းလင်းပွဲလုပ်တော့ ERI တာဝန်ခံဖြစ်တဲ့ ကိုနိုင်ထူးက ရှယ်ဗရွန် ရေနံ ထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ဒေသတွေမှာ ဘယ်လို လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို အခုလိုထောက်ပြပါတယ်။

“ဒီရေနံပိုက်လိုင်းတည်ဆောက်ထားတဲ့ ဒေသတဝိုက်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ အတင်းအကျပ် လုပ်အားပေးခိုင်းစေတာ၊ ပေါ်တာဆွဲအသုံး
ပြုတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဥပဒေမဲ့သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်း
ဆိုင်ရာ အဓမ္မပြုကျင့်တာ၊ လုယက်တာနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေပါ။
ဒါတွေကို ပိုက်လိုင်းစောင့်ကြပ်ရတဲ့ လုံခြုံရေးတပ်ရင်းတွေက ကျူးလွန်ကြတာပါ။
ဒီတပ်ရင်းတွေဟာ ဒေသခံရွာသားတွေကို ခေါ်ယူပြီး ပိုက်လိုင်းစောင့်ကြပ်တဲ့ တပ်တွေ
အတွက် ရိက္ခာပစ္စည်းတွေ သယ်ယူခိုင်းပါတယ်။ ဒါ့အပြင် ဒေသခံကျေးရွာသားတွေကို
ခေါ်ယူ စစ်သင်တန်းပေးပြီး ပတ်ဝန်းကျင်ဒေသလုံခြုံရေးကို ယူခိုင်းပါတယ်။ ဒီတော့
ဒေသခံတွေက ဒီစစ်တပ်အတွက်၊ လုံခြုံရေးအတွက် လုပ်ပေးနေရပါတယ်။ ဒါတွေဟာ အခုအချိန်အထိ ဖြစ်နေတုန်းပါ။”

ဒါကြောင့်လည်း ပိုက်လိုင်းတလျှောက်ရှိနေတဲ့ ဒေသခံတွေဟာ အခုလို သူတို့ခံစား
နေရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေဟာ ရှယ်ဗရွန်ရေနံလုပ်ငန်း
ကြောင့်ဖြစ်တယ်လို့ ယူဆကြတဲ့အကြောင်းလည်း ERI က သူတို့ရဲ့တွေ့ရှိချက်ကို
ပြောပါတယ်။ ဒီအဖြစ်အပျက်တွေအားလုံးအတွက် ရှယ်ဗရွန်ရေနံကုမ္ပဏီအနေနဲ့
တာဝန်ရှိတယ်၊ တာဝန်ယူရမယ်လို့လည်း ERI က ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကြောင့် အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်ကွက်ပြီး စီးပွားရေးပိတ်ဆို့နေတဲ့အချိန်မှာပဲ အမေရိကန်အခြေစိုက် ရှယ်ဗရွန်ကုမ္ပဏီက အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပတ်သက်နေတာကြောင့် ဒါကို အမေရိကန်
လွှတ်တော် အစိုးရပိုင်းအထိသိရှိအောင် လုပ်သွားရမယ်လို့လည်း ERI လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရှယ်ဗရွန်ကုမ္ပဏီရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့
ပတ်သက်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ဒါဟာ ပထမ
အကြိမ် အစီရင်ခံစာ ထုတ်ပြန်လိုက်တာကြောင့် ဒီအစီရင်ခံစာနဲ့ အမေရိကန်
ပြည်ထောင်စုရဲ့ ဥပဒေတွေကို ပြန်ဆန်းစစ်စရာနဲ့ ရှယ်ဗရွန်ကုမ္ပဏီကိုယ်တိုင်ကလည်း သူ့လုပ်ငန်းတွေကို ပြန်စစ်ကြောစရာဖြစ်လာမယ်လို့ မျှော်လင့်တယ်လို့ ERI ရဲ့
အမှုဆောင်ဒါရိုက်တာ ကစောဝါးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရှယ်ဗရွန်ဟာ အမေရိကားရဲ့ ပေါ်လစီရေးတဲ့သူတွေအပေါ်မှာ တော်တော်လေး
အာဏာရှိတဲ့အတွက် ကျနော်တို့ရဲ့ ဒီ Report ကို အမေရိကန်နိုင်ငံမှာရှိတဲ့ အန်န်ဂျီအို
တွေ၊ Activists တွေအနေနဲ့ ကောင်းကောင်းမွန်မွန်၊ စနစ်တကျနဲ့ လုပ်ရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ AFLCIO ဆိုရင် ကျနော်တို့ရဲ့ Report ကို စောင့်နေတာ
ကြာလှပြီ။ US Campaign for Burma တို့ကလည်း ဒီ Report မျိုးကို စောင့်နေတာ
ကြာလှပြီ။ ဒီ Report မျိုးက ပိုက်လိုင်းတလျှောက်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးတွေကို ပီပီပြင်ပြင်မှတ်တမ်းတင်ပြီးတော့ ကမ္ဘာကိုဖြန့်ချိမှာဖြစ်တယ်။ ဒါကြောင့် ဒီမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပြတ်ပြတ်သားသားနဲ့ သူတို့ရဲ့ ဘာတွေကို
ဆောင်ရွက်ရမလဲ၊ ဘာတွေကို ပြောင်းလဲရမလဲဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။”

ဒါပေမယ့် ရှယ်ဗရွန်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ သူတို့ကြောင့် လူ့အခွင့်
အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို ငြင်းဆန်ထားပြီး သူတို့အနေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတွေကို ပညာရေးနဲ့ ကျန်းမာရေး ထောက်ပံ့ကူညီ
တာတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့
ပတ်သက်တဲ့ သက်သေအခိုင်အမာ သူတို့မှာ ရှိထားတယ်၊ အခုအစီရင်ခံစာမှာလည်း ဖော်ပြထားတယ်လို့ ကစောဝါးက ပြောပါတယ်။

“သူတို့ကတော့ အမြဲတမ်းငြင်းနေတာပဲ။ ဒီလူ့အခွင့်အရေးတွေ မဖြစ်ပါဘူး၊ သူတို့ လူ့အခွင့်အရေးချိုးဖောက်မှုမဖြစ်အောင် ပိုက်လိုင်းဒေသမှာ ဘာတွေဘာတွေ လုပ်နေ
တယ်ဆိုတာ အမြဲတမ်းပြောနေတယ်။ ဒါပေမယ့် အနေအထားတခုမှာ ရှယ်ဗရွန်က
ယူနိုကယ်ကို ဝယ်လိုက်တဲ့အချိန်မှာ ကျနော်တို့မှာရှိတဲ့ သက်သေအထောက်အထား
တွေနဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေပါတယ်ဆိုတာကို ရှယ်ဗရွန်ကိုတင်ပြ
နိုင်ရင် ရှယ်ဗရွန် တခုခုလုပ်လာလိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။”

ERI အနေနဲ့ ရှယ်ဗရွန်ကုမ္ပဏီက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်
တာကို အမေရိကန်ပြည်ထောင်စု ဥပဒေတွေအရ တရားစွဲဆိုဖို့ နောက်ပိုင်းမှာ
ဆက်လုပ်သွားမယ်လို့ သတိပေးထားပါတယ်။ အရင် ယူနိုကယ် ရေနံကုမ္ပဏီတုန်း
ကလည်း ERI အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူ ဒေသခံတွေအစား ယူနိုကယ်
ကုမ္ပဏီကို တရားစွဲဆိုခဲ့တာကြောင့် နောက်ဆုံး ယူနိုကယ်ကနေ ဒေသခံတွေအတွက် နစ်နာကြေးပေးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအဆင့်ကတော့
သူတို့မှာ သက်သေအထောက်အထား အခိုင်အမာရှိတယ်ဆိုတာကို အဓိကပြချင်တဲ့
သဘောပါပဲလို့ ကစောဝါးက ပြောပါတယ်။ ရှယ်ဗရွန်ကုမ္ပဏီဟာ ယူနိုကယ်ကနေ
၂၀၀၅ ခုနှစ်အတွင်းကစလို့ ရှယ်ယာတွေ ဝယ်ယူခဲ့တာပါ။ အခု ERI ရဲ့ အစီရင်ခံစာ
သစ်မှာတော့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ပိုက်လိုင်းတဝိုက် ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖော်ပြထားတယ်ဆိုတော့ ရှယ်ဗရွန်
ကုမ္ပဏီ လွှဲပြောင်းကိုင်တွယ်ချိန်မှာ ဖြစ်ပျက်ခဲ့တာတွေ အများစုလို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG