သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စားနပ်ရိက္ခာ ကျပ်တည်းမှုပြဿနာ ကုလသမဂ္ဂ အဖြေရှာ


ကမ္ဘာတဝန်း စားသောက်ကုန်ဈေးနှုန်းတွေ တက်နေ
တာကြောင့် ကြီးထွားလာနေတဲ့ ပဋိပက္ခကို ကိုင်တွယ်
ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပမယ့် အရေးပေါ်အစည်း
အဝေးတရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) တက်ရောက်ဖို့ရှိပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးနဲ့ ကုလသမဂ္ဂအဖွဲ့အစည်း
၃၀ နီးပါးတို့က အကြီးအကဲတွေ တက်ရောက်မယ့် ဒီအဆင့်မြင့်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊
ဘန်းရ်န်မြို့မှာ ကျင်းပမှာပါ။ ဗွီအိုအေသတင်းထောက်
လီဆာ ရှလိုင်းန် (Lisa Schlein) ဂျီနီဗာကနေ ပေးပို့
ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စားသောက်ကုန်ဈေးနှုန်း ထိုးတက်နေတာဟာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတခု
ဖြစ်သွားခဲ့ပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဆင်းရဲ
မွဲတေမှု၊ ဆာလောင်မွတ်သိပ်မှုနဲ့ ကမ္ဘာပေါ်မှာ မတည်မငြိမ်မှုတွေ တိုးလာစေမယ့်
ပြဿနာအတွက် အခုကျင်းပမယ့် အစည်းအဝေးကနေ အဖြေတွေရှာရမယ်လို့
အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကမ္ဘာပေါ်က အဆင်းရဲဆုံးလူ သန်း ၁၀၀ လောက်ဟာ အစားအစာဝယ်စားဖို့ မတတ်
နိုင်ကြတော့ဘူးလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဈေးနှုန်းက တရစ်ချင်း
တက်လာနေတာကြောင့် ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ ဘဏ္ဍာငွေဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးသူအားလုံးကိုကျွေးဖို့ မလုံလောက်တော့ဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာ
အဖွဲ့ (WFP) ကပြောပါတယ်။ အပိုဆောင်းကုန်ကျငွေတွေကို ကာမိဖို့အတွက်
နောက်ထပ်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ပေးအပ်ကြဖို့ WFP က
မေတ္တာရပ်ခံထားပါတယ်။

မိုးထိအောင်တက်နေတဲ့ စားသောက်ကုန်ဈေးနှုန်းတွေကြောင့် အထူးသဖြင့် အထိနာ ရတဲ့လူတွေကတော့ သန်းပေါင်းများစွာသော ဒုက္ခသည်တွေနဲ့ အိုးအိမ်ပစ် ထွက်ပြေး
နေရသူတွေပါပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ကပြောပါ
တယ်။ ဒီလူအများစုဟာ နိုင်ငံတကာအသိုင်းအဝိုင်းက လှူဒါန်းတဲ့ စားနပ်ရိက္ခာပေါ်မှာ
လုံး၀ မှီခိုအားထားနေကြရသူတွေပါလို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရွန် ရက်ဒ်မွန်ဒ်
(Ron Redmond) ကပြောပါတယ်။

“ဒီလိုမျိုး အစားအစာဈေးနှုန်းတွေ ခုန်တက်သွားတာဟာ မတည်မငြိမ်ဖြစ်မှုကိုလည်း လှုံ့ဆော်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဆင်းရဲတဲ့နိုင်ငံတွေမှာဖြစ်ပြီး ဒါဟာ UNHCR
အတွက်လည်း အလွန်အမင်း စိုးရိမ်ဖွယ်ကိစ္စပါ။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံအများ အပြားမှာဖြစ်တာကို ကျနော်တို့ မြင်ရပြီးပါပြီ။ သိပ်သေချာပါတယ်၊ အိုးအိမ်ပစ်
ထွက်ပြေးသူတွေ တိုးလာပြီး နောက်ထပ် ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်မှုတွေ အဲဒီ
နိုင်ငံတွေမှာ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။”

စားသုံးသီးနှံဈေးနှုန်းတွေ သိသိသာသာ တက်သွားတာကြောင့် ဆင်းရဲတဲ့နိုင်ငံ
၃၇ နိုင်ငံမှာ အရေးပေါ်အခြေအနေဖြစ်နေပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့
စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။ ဘူကီနာဖာဆို၊ ကမ်မ်ရွန်း၊ ဟေတီ၊
အိုင်ဗရီကို့စ်၊ အီဂျစ်နဲ့ ဆီနီဂေါလ်နိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြားမှာလည်း အစားအစာလုယက်မှုတွေ ဖြစ်ခဲ့ရပြီးပါပြီ။

ဘန်းရ်န်မှာလုပ်မယ့်အစည်းအဝေးမှာ စားနပ်ရိက္ခာထုတ်လုပ်မှုအပေါ် ရာသီဥတု
အပြောင်းအလဲရဲ့ သက်ရောက်မှုနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအဖို့ ဒီလိုအပြောင်းအလဲတွေ
ကို ရင်ဆိုင်နိုင်ရေး ကူညီဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးကြပါလိမ့်မယ်။ ဇီဝ
လောင်စာဆီ ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး တိုးလာနေတဲ့ အငြင်းပွားမှုကို ဆွေးနွေးကြ
ဖို့လည်း ရှိပါတယ်။

ဇီဝလောင်စာဆီထုတ်လုပ်ဖို့ သီးနှံတွေစိုက်ပျိုးတာဟာ စားနပ်ရိက္ခာထုတ်လုပ်မှု
အတွက် အသုံးပြုရမယ့် မြေကောင်းယာကောင်းတွေ ပဲ့ပါသွားစေပြီး ဈေးတွေ
တက်လာစေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ တချို့ကတော့ ဇီဝလောင်စာဆီ
ထုတ်လုပ်တာကို ရပ်ဆိုင်းထားဖို့ တောင်းဆိုနေကြပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးကနေ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို ချက်ချင်းဖြေရှင်းရေး အရေးပေါ်လုပ်ဆောင်မှုတွေပါဝင်တဲ့ စီမံကိန်းတရပ်ထွက်လာဖို့ မျှော်လင့်ထားပါတယ်။ အစည်းအဝေး တက်ရောက်သူတွေဟာ ရေရှည်ပြဿနာတွေ
ကိုလည်း စပြီးတော့ ပြောဆိုဆွေးနွေးကြဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG