သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒအစစ်အမှန်ဖော်ထုတ်ပြီး မဲရုံတွေကိုစောင့်ကြည့်ဖို့ တိုင်းရင်းသားပါတီတွေ လူထုကို တိုက်တွန်း


မြန်မာနိုင်ငံမှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲမှာ လူထုအနေနဲ့ ဆန္ဒအစစ်အမှန်ကို
ထုတ်ဖော်ဖို့ လိုအပ်သလို မဲရုံတွေကိုသွားပြီး စောင့်ကြည့်လေ့လာတာတွေလုပ်ဖို့
ပြည်တွင်း တိုင်းရင်းသားပါတီ အဖွဲ့အစည်း ၁၂ ဖွဲ့က မြန်မာပြည်သူတွေကို တိုက်တွန်း
ထားပါတယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများရဲ့
ကြေညာချက်နဲ့ပတ်သက်ပြီး ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

မြန်မာစစ်အစိုးရ အတည်ပြုဖို့ ပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ
အနှစ်သာရပြည့်ဝတဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့
အကြောင်း တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ထားပါ
တယ်။ စစ်တပ်က အာဏာကိုချုပ်ကိုင်ထားတဲ့ ဗဟိုချုပ်ကိုင်တဲ့ အစိုးရပုံစံမျိုးကိုပဲ
ပုံဖော်မယ့် ဖွဲ့စည်းပုံလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိနဲ့ ဆန္ဒအစစ်အမှန်
ကို ရဲရဲရင့်ရင့်ထုတ်ဖော်ဖို့ တိုင်းရင်းသားပါတီတွေက တိုက်တွန်းထားပါတယ်။ ရန်ကုန်
မြို့က ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD) ဌာနေကိုယ်စားလှယ်
ဦးခွန်ထူးက ကြေညာချက်ပါ အချက်တွေနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ကြေညာချက်မှာ အချက်လေးချက်ပါတယ်ဗျ။ ပြည်သူသို့ ပန်ကြားချက်ပေါ့ဗျာ။ အခု စစ်အစိုးရကကျင်းပမယ့် လူထုဆန္ဒခံယူပွဲဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲသွားနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ဒါကို အခွင့်အရေးတရပ်အဖြစ် ရှုမြင်
ပြီးမှ မိမိတို့ရဲ့ ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပါ။ ဒါ နံပါတ်တစ်အချက်ပေါ့။ နံပါတ်နှစ်
ကတော့ လူထုအနေနဲ့ ကြောက်စရာမလိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက အာရုံစိုက်ကြည့်နေတဲ့အတွက် ကြောက်စရာမလိုဘူး။ ကြောက်ပြီးမှ ကြားနေမယ်၊
ကြောက်ပြီးမှ မိမိဆန္ဒကို မြိုသိပ်မယ်ဆိုရင် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။
ဒါ နံပါတ်နှစ်ပေါ့ဗျာ။”

နံပါတ်သုံးအချက်အနေနဲ့ ပြည်သူတွေဘက်က တိုင်းပြည်ကို ဆန္ဒအစစ်အမှန်နဲ့
လမ်းကြောင်းမှန်ပေါ် ပြန်တင်ဖို့၊ နောက် မဲရုံတွေကိုသွားပြီး စောင့်ကြပ်ကြည့်ကြဖို့
လည်း ကြေညာချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။ ဦးခွန်ထူးက အခုလိုပြောပါ
တယ်။

“ပြည်သူလူထုက မိမိနဲ့ထိုက်တန်တဲ့ အစိုးရကိုပဲ မိမိရရှိမယ်။ အဲဒါကြောင့် မိမိတို့ရဲ့
ဆန္ဒမှန်ကို ထုတ်ဖော်ပြီး တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပါ၊ တိုင်းပြည်က
အရမ်းဆိုးဝါးနေပြီ။ နံပါတ်လေးအချက်ကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အခန်း (၈)၊
ပုဒ်မှ (၂၂) မှာ မဲရုံပိတ်ချိန်မှာ အနည်းဆုံး လူ ၁၀ ယောက်ရှေ့မှာ မဲရေရမယ်။ ဒီလို
ပါတဲ့အတွက် ပြည်သူကို ကျနော်တို့က ဘယ်လိုတိုက်တွန်းသလဲဆိုတော့ မနက် မဲရုံ စဖွင့်တဲ့အချိန်မှာလည်းကောင်း၊ ညနေ မဲရုံပိတ်တဲ့အချိန်မှာလည်းကောင်း၊ မဲရုံတွေမှာ
ပါဝင်စောင့်ကြည့်ဖို့ အထူးတိုက်တွန်းထားပါတယ်။”
ရန်ကုန်မြို့က ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD) ဌာနေ
ကိုယ်စားလှယ် ဦးခွန်ထူး ပြောပြသွားတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က မေလကျင်းပမယ့် လူထုဆန္ဒခံယူပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို
ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတရပ်အဖြစ် ရှုမြင်ပြီး ဆန္ဒအစစ်အမှန်ကို ရဲရဲဝံ့ဝံ့
ထုတ်ဖော်ဖို့ ပြည်သူသို့ပန်ကြားချက်နဲ့ လုပ်ဆောင်ရမယ့် အချက်တွေအဖြစ် ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း အခု တိုင်းရင်းသားပါတီတွေ စုပေါင်း
ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြန်လည်ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG