သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၇ ခုနှစ် မြန်မာ့သတင်းစာလွတ်လပ်ခွင့် ၂၀၀၆ ခုနှစ်ထက် ပိုဆိုး


၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတင်းစာလွတ်လပ်
ခွင့် အခြေအနေမှာ မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်
ကထက် လျော့ကျသွားတာကို အသစ်ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း ၁၉၅
နိုင်ငံကို စစ်တမ်းပြုစုထားတဲ့ အစီရင်ခံစာကို အမေရိကန် ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အဆင့်ကို ၁၉၄
အဖြစ် သတ်မှတ်ထားပါတယ်။ ကိုကျော်ကျော်သိန်းက
အပြည့်အစုံ တင်ပြထားပါတယ်။

အစီရင်ခံစာမှာပါတဲ့ ၁၉၅ နိုင်ငံထဲမှာ မြောက်ကိုရီးယား
က အောက်ဆုံးမှာပါ။ မြန်မာနိုင်ငံကတော့ မြောက်ကိုရီး
ယားထက် တဆင့်ပိုလွတ်လပ်တယ်လို့ ဆိုရပါမယ်။
၂၀၀၆ ခုနှစ်နဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ သတင်းစာ
လွတ်လပ်ခွင့်ဟာ လေးဆင့်ထပ်ပြီး လျော့ကျသွားတာ
တွေ့ရပါတယ်။ ၂၀၀၆ ခုနှစ် အစီရင်ခံစာမှာတုန်းက
မြန်မာနိုင်ငံဟာ ကျူးဘား၊ လစ်ဗျား၊ တာ့ခ်မေနစ္စတန်
နိုင်ငံတို့နဲ့အတူ အဆင့် ၁၉၀ မှာ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက သတင်းစာလွတ်လပ်ခွင့်အခြေအနေ ပိုပြီး ဆိုးသွားရတဲ့အကြောင်းတချို့ကို အစီရင်ခံစာပြုစုရာမှာ ပါဝင်သူတဦးဖြစ်တဲ့ Freedom
House ရဲ့ အကြီးတန်းသုတေသနမှူးတဦးဖြစ်သူ မစ္စ ကယ်ရင် ကာလယ်ကာ (Karin
Karlekar) က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“တကယ်ကတော့ မနှစ်က အစီရင်ခံစာပါ အခြေအနေနဲ့ ဒီနှစ်အစီရင်ခံစာပါ အခြေ
အနေက အများကြီး မကွာခြားပါဘူး။ ၂၀၀၆ ခုနှစ်က ဖြစ်ခဲ့တဲ့ပြဿနာတွေ ဒီနှစ်မှာ ဆက်ဖြစ်နေတုန်းပါ။ ကွာခြားတာတွေကတော့ စက်တင်ဘာလကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲ
တွေကို နှိမ်နင်းတာ၊ အဲဒီကာလအတွင်း သတင်းမီဒီယာတွေကို နှိမ်နင်းတာ၊ ဂျပန် သတင်းထောက်တယောက် သေဆုံးသွားခဲ့ရတာနဲ့ အင်တာနက်ကို ထိန်းချုပ်ထားတာ
တွေဟာ ဒီနှစ်အစီရင်ခံစာမှာ အဆင့်ကျသွားရတာရဲ့ အဓိကအကြောင်းအချက်တချို့
ပါပဲ။”

မနှစ်ကအစီရင်ခံစာမှာရော ဒီနှစ်အစီရင်ခံစာမှာပါ ဆက်တိုက်ထောက်ပြခဲ့တဲ့ အချက်
တချက်ကတော့ ၁၉၉၆ ခုနှစ်မှာ စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ အမိန့်တရပ်ပါ။ ဒီအမိန့်မှာ
နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေနိုင်တဲ့ ပြောဆိုမှုကိုပဲဖြစ်ဖြစ်၊ ထုတ်ပြန်ချက်တွေကိုပဲ
ဖြစ်ဖြစ် ပိတ်ပင်တားမြစ်ထားပြီး ကျူးလွန်သူတွေဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ
မယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ဆိုတာ နိုင်ငံတော်တည်ငြိမ်ရေးကို တကယ်ပဲ ခြိမ်းခြောက်နိုင်ပါသလားဆိုတာ မစ္စကယ်ရင်ကို
မေးတော့ သူက …

“မဟုတ်ပါဘူးရှင်၊ ကျမ အဲဒီလိုမထင်ပါဘူး။ လူတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်
ပြုတာကြောင့် သိသာထင်ရှားတဲ့ပုံစံမျိုးနဲ့ နိုင်ငံကို မတည်မငြိမ်ဖြစ်စေနိုင်တာ မတွေ့ရ
ပါဘူး။”

လွတ်လပ်စွာပြောဆိုခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေဟာ သူတို့ချည်းသက်သက်က
အစိုးရနဲ့ လူထုကို တိုက်ရိုက်အကျိုးဖြစ်တာမျိုး မဟုတ်ပေမယ့် လူတွေအနေနဲ့ သတင်း အချက်အလက်အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ရနိုင်တဲ့အတွက် နိုင်ငံအဖို့ အင်မတန်
အကျိုးရှိတဲ့ လွတ်လပ်ခွင့်တွေဖြစ်တယ်လို့ မစ္စကယ်ရင်က ထောက်ပြခဲ့ပါတယ်။

“စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်တို့၊ အကျင့်ပျက် ခြစား
တာ လျော့နည်းမှုအဆင့်တို့၊ ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်မှုအဆင့်တို့ ကြားမှာ အတော်လေးအားကောင်းတဲ့ အဆက်အစပ်ရှိပါတယ်။ ဒါ့ကြောင့် တိုင်းပြည်ကို
ချောချောမွေ့မွေ့ လည်ပတ်စေနိုင်တဲ့ အဖွဲ့အစည်း ယန္တရားတွေ ဖြစ်ပေါ်လာရေးနဲ့
ပြောမယ်ဆိုရင် သတင်းစာလွတ်လပ်ခွင့်ဟာ အင်မတန်အရေးကြီးတဲ့ အချက်တရပ်ပါ။”
Freedom House အဖွဲ့က အကြီးတန်းသုတေသနမှူး မစ္စ ကယ်ရင် ကာလယ်ကာပါ။

မြန်မာနိုင်ငံအပါအဝင် သတင်းစာလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေက အုပ်ချုပ်သူတွေ
ကတော့ မစ္စကယ်ရင်တို့နဲ့ အမြင်မတူတာ အသေအချာပါ။ ကမ္ဘာပေါ်ကနိုင်ငံတွေကို ကြည့်မယ်ဆိုရင်တော့ သတင်းစာလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအများစုဟာ မရှိတဲ့နိုင်ငံ
အများစုထက် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းတဲ့နိုင်ငံတွေ ဖြစ်နေတာကို တွေ့ရကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG