သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ဥပဒေ ကန့်ကွက်ရေး လှုပ်ရှားသူတွေ အဖမ်းခံရပြန်


မကြာခင်ကျင်းပဖို့ ရှိတဲ့ လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေထည့်ပြီး မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေကို အတည်ပြုကြဖို့ အာဏာပိုင်တွေဖက်က စည်းရုံးလှုံ့ဆော်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ ဘက်က ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကိုတော့ ဖိနှိပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ အတိုက်အခံ အမျိုးသားဒီမိုကရစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ဖမ်းတာဆီးတာတွေတောင် လုပ်တဲ့အထိတောင် ရှိနေတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

မေလ (၁၀) ရက်နေ့မှာ ကျင်းပမယ့် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ပေးကြဖို့ ရန်ကုန်လို မြို့ကြီး တွေမှာ သာမက နယ်မြို့တွေမှာပါ အာဏာပိုင်တွေက အရှိန်မြှင့် လုပ်ဆောင်နေပေမယ့် ဒါကို ဆန့်ကျင်ကန့်ကွက်ဖို့ လှုပ်ရှားမှုတွေကိုတော့ ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးမှုတွေပါ လုပ်ဆောင်နေတယ်လို့ အန်အယ်လ်ဒီ က ပြောဆိုလိုက်တာပါ။ ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေ ထည့်ကြဖို့ မကြာသေးခင် ရက်တွေက စည်းရုံးလှုံ့ဆော်မှုလုပ်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် ဆိုရင်လည်း သားဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။ အာဏာပိုင်တွေဖက်က တဖက်သတ် စည်းရုံးမှုတွေ လုပ်ဆောင်နေပြီး ဆန့်ကျင်လှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေ လုပ်နေ တာဟာဖြင့် မျှတမှုမရှိတဲ့ လုပ်ရပ်အဖြစ် အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောဆိုလိုက်ပါတယ်။

“လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ကိုဝင်းမြင့်အောင်ရယ်၊ ကိုဟန်သာမြင့်ရယ်၊ ကိုအောင်ဆန်းတို့ သုံးယောက်ကို ရဲစခန်းက ခေါ်တယ်။ ကိုဟန်သာမြင့်က အဲဒီကို ရောက်နေတယ်။ ခဏ ခေါ်ယူ ထားတဲ့ အချိန်မှာ ကိုဝင်းမြင့်အောင် အိမကို ရှာတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းခရီးစဉ် ဗွီဒီယို အခွေတွေ တွေ့တယ်။ နောက်တခါ သူ့သားလေးရဲ့ ကိုယ်ပိုင်ကြည့်တဲ့ နိုင်ငံခြားကား တွေလည်း တွေ့တယ်တဲ့။ နောက် NLD က ထုတ်တဲ့ စာရွက်စာတမ်းတွေတွေ့တယ်တဲ့။ အဲဒီနေ့ ကတော့ သုံးယောက်စလုံးကို ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်ပြီးတော့ အင်္ဂါနေ့မှာကျတော့ ကိုဝင်းမြင့်အောင်နဲ့ သူ့သားကို ရဲစခန်းက ဖမ်းလိုက်တယ်။ ဗွီဒီယို အက်နဲ့လို့ ကြားရတာပါပဲ။ တရားမမျှ တတဲ့ အလုပ်ပဲ။ တကယ်တော့ ကန့်ကွက်တယ်၊ ကန့်ကွက်ပါလို့ တိုက်တွန်းတာဟာ ဥပဒေနဲ့ ညှိစွန်းမှုမရှိဘူး။ ကျွန်တော်တို့က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပျက်အောင်လုပ်တာမဟုတ်ဘူး။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပါဝင်ပါ။ မိမိတို့ ဆန္ဒကို လွတ်လပ်စွာပေးပါ။ ကန့်ကွက်ကြပါ။ ကျွန်တော် တို့ ဒါကို တိုက်တွန်းတာပဲ။ ဒါဟာ ကျွန်တော်တို့ နားလည်သလောက် ဥပဒေ ညှိစွန်းမှုမရှိဘူး။ သို့သော်လည်း အနှောက်အယှက်တရပ်လို့ဆိုပြီး တောက်လျှောက် အနှောက်အယှက် ပေးနေ ပါတယ်။”

ဒီလို ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေကို ဖိနှိပ်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ အာဏာပိုင်တွေ ဖက်ကတော့ ထောက်ခံမဲတွေ ထည့်ကြဖို့ စည်းရုံးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာပါ။ ဒီအထဲ က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က စည်းရုံးလှုပ်ရှားမှုကိုတော့ မြို့ခံတွေက သိပ်လိုလို လားလား ရှိကြတဲ့ပုံတော့ မတွေ့ရတဲ့အကြောင်း မြောက်ဥက္ကလာပ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“မနေ့က မနက်ပိုင်းမှာ မြောက်ဥက္ကလာပမှာ အောင် ဓမ္မာရုံရှိတယ်။ အဲဒီ ဓမ္မာရုံမှာ ရရဖ ဥက္ကဌနဲ့ မြို့နယ်မှူးအပါအဝင် ငါးယောက် ခြောက်ယောက်လောက်က စည်းရုံးပွဲ လုပ်ဖို့အတွက် လူတွေကို ဆင့်ခေါ်တယ်။ လူလေးယောက်ပဲ တက်တယ်။ အဲဒါနဲ့ ပျက်သွားတယ်။ စစ်တပ်ဖက်က အခြေခံ ဥပဒေကို ထောက်ခံဖို့အတွက် ဆိုင်းပုဒ်တွေထောင် နေကြတယ်။ မြောက်ဥက္ကလာ နှစ်ရပ်ကွက် မှာဆိုရင် လူတောင် မတက်ဘူး။ အဲဒါကြောင့် မကျေနပ်တဲ့သူလည်းရှိတယ်။ ဒါပေမဲ့ တချို့ကတော့ ကြောက်လို့ မလိုက်တာလဲ ရှိတယ်။ မကျေနပ်တဲ့သူတွေကို တွေ့ရင် သူတို့က ဆန့်ကျင်မဲ ပေးမယ်လို့ ပြောနေကြတယ်။”

ဒီလိုပဲ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း မကြာသေးခင်ရက်တွေက စည်းရုံးမှုတွေရှိခဲ့ပေမယ့် ဒေသ ခံတွေကတော့ အားတက်သရော ထောက်ခံကြတာမျိုးမရှိဘူးလည်းလည်း မြို့ခံတဦးက ပြောပြပါတယ်။

“ပုသိမ်မြို့မှာ ဆိုရင် ၂၇ရက်နေ့က ရရက ၃မှာ သူတို့ ထောက်ခံမဲတွေ ပေးဖို့အကြောင်းကို ဆွေးနွေး ကြတယ်။ တချို့က ဘာမှ မဆိုင်တဲ့ စကားတွေ ထည့်ပြောတယ်။ ဥပမာ ဒေါ်အောင်ဆန်း စုကြည် အာဏာရလို့ရှိရင် မင်းတို့ကို အင်္ဂလန်က ပေးထားတဲ့ရွှေတွေ ပြန်တောင်းမှာတို့၊ ဘာတို့ပေါ့။ အဲဒါ ကြံ့ခိုင်ရေးက တက်ပြောတာ။ ထူးခြားတာရှိသေးတယ်။ သူတို့ မတရားကို နဲနေလို့ ဒီလို ထည့်ရမယ် ဆိုပြီး နမူနာလေး လုပ်ပြတယ်။ နမူနားလေး လုပ်ပြီးတော့ သူတို့ ထည့်လိုက်တယ်။ အစမ်း လေ့ကျင့်တဲ့ အခါမှာ ကန့်ကွက်မဲတွေက များနေတယ်။ ကြိုတင်ပဲ ဒီဟာပဲ ယူမယ်ပြောပြီးခါမှ ကန့်ကွက်မဲတွေက များနေတော့ မင်းတို့တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး တိုင်းမှူးက ဆူတယ်။ အဲဒါလုပ်တာ တပတ်လောက်ရှိပြီ။”

ဒီလို အာဏာပိုင်တွေဖက်က စည်းရုံးမှုတွေ လုပ်ဆောင်နေချိန်မှာပဲ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ကလည်း ဒီဆန္ဒခံယူပွဲကနေ အတည်ပြုပေးမယ့် အခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းလမ်းမကျတာမို့ ကန့်ကွက်မဲတွေကိုသာ ထည့်ကြဖို့ လှုပ်ရှားမှုတွေကလည်း တချိန်တည်းလိုလို ထွက်ပေါ်နေတာပါ။ ပုသိမ်မြို့က ဒီလိုလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မြို့ခံကပဲ ပြောပြရာမှာတော့ -

“ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရေးဆွဲထားတာမဟုတ်လို့ ကန့်ကွက်ကြပါဆိုပြီး NOဆိုတဲ့ ကြက်ခြေခတ် စာရွက်ကလေးပုံစံတွေနဲ့ စာရွက်တွေ ဖြန့်တယ် နောက် ရုပ်ပြောင်လဲရှိတယ်။ မနေ့က မနက်ပိုင်းက စလို့ တောက်လျှောက် ပေါ့။ စာတွေကတော့ မနက်ကျမှ လိုက်ဝေတယ်။ သူတို့ကတော့ ဘယ်သူမှန်းတော့ မသိဘူး။ လိုက်ပြီးတော့ စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေတဲ့ ကြားက လုပ်သွားတာ။ ဘယ်သူမှန်း မသိတော့ ဖမ်းသွားခံရတယ်ဆိုတာတော့ မရှိဘူး။

အာဏာပိုင်တွေဖက်က စည်းရုံးလှုပ်ရှားမှုတွေ အကြီးအကျယ်လုပ်နေချိန်မှာပဲ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ဖက်ကလည်း ဆန့်ကျင်ကန့်ကွက်ကြဖို့ လှုပ်ရှားမှုတွေရှိနေတဲ့အထဲက ဧရာဝတီတိုင်း ပုသိမ်မြို့က အခြေအနေနဲ့ ပတ်သက်လို့ မြို့ခံတယောက်က ပြောပြခဲ့တာပါခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG