သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဒေါ်စုကိုဆက်ထိန်းသိမ်း ထားရတဲ့မြန်မာစစ်အစိုးရကို နားလည်နိုင်ပါတယ်"        (ထိုင်းဝန်ကြီးချုပ် ခွန်စမတ်)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရအနေနဲ့ ပြန်လွှတ်ပေးဖို့ မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အနှောက်အယှက်မပေးပဲ ကောင်းကောင်းမွန်မွန် ထားရှိ တယ်လို့ ထိုင်းဝန်ကြီး ချုပ် စမတ်ဆွန်ဒရာဝေက ဒီကနေ့ပဲ ထိုင်းကိုရောက် နေတဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံ အပြီး ပြောဆိုခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ ရောက်နေ တဲ့ ဦးသားညွန့်ဦးက ဒီအကြောင်း ကို တင်ပြပေးပါ တယ်။

ထိုင်းနိုင်ငံကို သုံးရက်ကြာ အလည်အပတ်ရောက်နေတဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် စမတ်ဆွန်ဒရာဝေတို့ ဦးဆောင်တဲ့ နှစ်ဖက် ဝန်ကြီးအဖွဲ့တွေ ဒီနေ့ မနက်မှာ တရားဝင် အပြန်အလှန် ထိုင်း အစိုးရဝန်ကြီးချုပ်ရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ကနဦးအားဖြင့် နှစ်ဖက် အပြန်အလှန် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီ ချက် စာချွန်လွှာတခုကို လက်မှတ်ထိုးဖို့ လျာထားကြပေမယ့် မြန်မာနိုင်ငံဖက်က ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး အဆင်သင့် မဖြစ်တာကြောင့် လက်မှတ်ထိုးတာ မဖြစ်ခဲ့ဘူးလို့ သိရ ပါတယ်။ ဒီနေ့ အစည်းအဝေးက ပြန်အထွက် မှာ ထိုင်းဝန်ကြီးချုပ် စမတ်ကို သတင်းထောက်တွေ ဝိုင်းမေးတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ မှတ်ချက် စကား ထိုင်းဝန်ကြီးချုပ်က ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရအနေနဲ့ လွှတ်ပေးဖို့မရှိပေမယ့် အနှောက်အယှက်မရှိ ကောင်းကောင်းမွန်မွန်ထားတယ်။ ဒါကို နိုင်ငံခြားသားတွေအနေနဲ့ လက်ခံနိုင်စရာရှိမှာ မဟုတ်ပေ မယ့် သူတို့အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် ထားတယ် ဆိုရင်ပဲ လက်ခံလို့ရပါတယ်”လို့ ထိုင်းဝန်ကြီးချုပ်စမတ်က ပြောခဲ့ပါတယ်။

ဒီအတွက်လည်း မြန်မာအတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေအဖို့တော့ မကျေမနပ် ဖြစ်စရာလို့ ပြောရမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးထားတာဟာ တကယ်တမ်းက မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့တင် မညီညွတ် ဘူးလို့ အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခု ထိန်းသိမ်းထားတာဟာ လုံး၀ ဥပဒေနဲ့ မညီဘူး။ အဲဒီလို ဥပဒေနဲ့ မညီတာကို ဥပဒေ ပြဌာန်းချက်နဲ့ အညီ အယူခံယူဖို့ ကြိုးစားတဲ့အခါမှာလည်း လုံး၀ လက်မခံဘူး။ အယူခံခွင့်ကို ပိတ်ထားတယ်။ အဲဒါတွေ အားလုံးဟာ ဥပဒေနဲ့ မညီဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အခုပြောဆိုနေတာတွေဟာ တချက်မှ မမှန်ဘူး။ အဲဒီ နှစ်ခုပဲ ပြောချင်တယ်။”

အန်ကယ်တို့ကို ပြည်ပနဲ့ရော ဆက်သွယ်ခွင့်ပေးသလား ခင်ဗျာ။

“မရပါဘူး ခင်ဗျာ။”

မြန်မာဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ သတင်းထောက်တွေကို ရှောင်ထွက်သွားလို့ ဘာမှ သူဆီက တုန့်ပြန်ချက် မထွက်လာပါဘူး။ ဒီကနေ့ ဆွေးနွေးပွဲမှာတော့ နှစ်ဖက်အပြန်အလှန် စီးပွားရေး ရင်းနှီးမြုပ်နှံမှုကိစ္စတွေ စွမ်းအင် လုပ်ငန်းဆိုင်ရာ ကိစ္စတွေကိုပဲ အဓိကထား ဆွေးနွေးဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး အရာရှိ တဦးက ပြောပါတယ်။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ နောက်ပိုင်း ထိုင်း ခရီးစဉ် ကိုတော့ သူက အခုလို ပြောပြပါတယ်။

“ဒီကနေ့ ညနေပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ်နဲ့အတူ ထိုင်းဘုရင်မင်းမြတ်ကို သွားရောက် တွေ့ဆုံမှာပါ။ ပြီးရင်တော့ အစိုးရဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီးချုပ်နဲ့အတူ ညစာစားပွဲလုပ်မှာပါ။ မနက်ဖြန်မနက်ပိုင်းကျရင်တော့ ချင်းရိုင်မှာရှိတဲ့ ဒွိုင်တုံ ဘုရင့်စီမံကိန်းတွေကို သွားကြည့်မှာပါ။ အဲဒီမှာ ဒေသခံတွေအတွက် ဖွံဖြိုးရေးစီမံကိန်းတွေ ဘယ်လိုလုပ်သလဲဆိုတာကို လေ့လာမယ်။ ဒီကနေပြီးရင်တော့ သူ မြန်မာနိုင်ငံကို မနက်ဖြန်ပဲ ပြန်ဖို့ရှိပါတယ်”လို့ ဝန်ကြီးချုပ်ရုံး အရာရှိတဦးက ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ နောက်ပိုင်း ထိုင်းခရီးစဉ်ကို ရှင်းပြခဲ့တာပါ။

အခြားမြန်မာဝန်ကြီး ငါးဦးနဲ့အတူ လာရောက်တဲ့ အခု ခရီးစဉ်အတွင်းမှာတော့ စွမ်းအင်ကိစ္စနဲ့ နယ်စပ်ဒေသ ဖွံဖြိုးရေး စီမံကိန်း ကိစ္စတွေကို အဓိက နှစ်ဖက် ဆွေးနွေးကြတယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့လာမယ့် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲကိစ္စ နိုင်ငံရေးကိစ္စတွေကိုလည်း ဆွေးနွေး ဖြစ်ကြ တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း ထိုင်းဝန်ကြီးချုပ် စမတ်ရဲ့ မှတ်ချက်ထဲမှာ မြန်မာနိုင်ငံဟာ ၅၀ရာခိုင်နှုန်းဒီမိုကရေစီတော့ဖြစ်လာလိမ့်မယ်လို့ ထိုင်းသတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန္ဒခံယူပွဲအတွက် ထိုင်းဖက်က အကူအညီတချို့ပေးလိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဘာမှ တုန့်ပြန်ချက်မပေးခဲ့ဘူးလို့လည်း ထိုင်းဝန်ကြီး ချုပ်က ပြောဆိုသွားပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG