သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး သဘောကွဲသူတွေကို စစ်အစိုးရက အကြမ်းဖက်သမား များဟု သတ်မှတ်ခြင်း အပေါ် အမေရိကန် ဝေဖန်


အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့သက်ဆိုင်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးဟာ တင်းမာနေဆဲပါပဲ။ မြန်မာစစ်အစိုးရကတော့ သူ့တို့ကို ဆန့်ကျင်တဲ့ လုပ်ရပ်အားလုံးနီးပါးလိုလိုကို အကြမ်းဖက် လုပ်ရပ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိသလို သောင်းကျန်းသူတွေ ရာဇဝတ်သားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးဆန့်ကျင်သူတွေကြား ခွဲခွဲခြားခြား သတ်မှတ်တာကလည်း မရှိသလောက်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး သဘောထားကွဲလွဲကြတဲ့ အုပ်စုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ လွယ်လွယ်ကူကူပဲ တတန်းတည်းထား သတ်မှတ်လေ့ရှိပြီး၊ ဒီလို သတ်မှတ်ချက်နဲ့ နိုင်ငံရေး အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့ စောင့်ကြည့်ဖို့အတွက် လုပ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်အတော် များများအတွင်း ရန်ကုန်နဲ့ နိုင်ငံတွင်းက တချို့နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အဖြစ်အပျက် အများစုကို မြန်မာ အစိုးရကတော့ တိုင်းပြည် တည်ငြိမ်မှုကို နှောက်ယှက် ဖျက်ဆီးလိုသူ သောင်းကျန်းသူ အဖျက်အမှောင့် အုပ်စုတွေရဲ့ လုပ်ရပ်တွေအဖြစ် ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေအနေနဲ့ ကျူးလွန်သူတွေကို တိတိကျကျ ဖော်ထုတ်တာ၊ စစ်မှန်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့ အထောက်အထားမျိုးတွေကို လူသိရှင်ကြား ထုတ်ဖော်တာမျိုးတော့ မရှိပါဘူး။ အခင်းဖြစ်ပွားတဲ့ မြင်ကွင်းတွေ၊ ဖောက်ခွဲရေးပစ္စည်း အစိတ်အပိုင်း အကြွင်းအကျန်တွေကို ကြည့်ရှုခွင့်ရဖို့ အမေရိကန် သံရုံးက မေတ္တာရပ်ခံတာတွေ ရှိခဲ့ပေမဲ့လည်း ဒါတွေကို တလျှောက်လုံး ငြင်းပယ်ခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ကမ္ဘာတဝန်း အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာက ထောက်ပြပြောဆိုလိုက်တာပါ။ အမေရိကန် အစိုးရရဲ့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာဘက်က သူတို့အနေနဲ့ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး အထောက်အထားတွေနဲ့ ပြနေတာပဲ။ အဲဒါမမှန် ဘူးလားလို့ မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းကို မေးကြည့်တော့ -

“အထောက်အထားတွေက မခိုင်လုံဘူး။ သူက ဟိုလူနဲ့ဒီလူနဲ့ ဆက်သွယ်တယ်။ ဒီလူနဲ့ ဟိုလူနဲ့ ဆက်သွယ်တယ်ဆိုပြီး အားလုံးကို လှမ်းချိတ်လိုက်တာ။ အဲဒီသတင်းကို ကြည့်လိုက်တာနဲ့ မခိုင်လုံတာ နဲနဲပေါ်တယ်။ အားလုံး လူတွေ အများကြီး၊ အဖွဲ့တွေ အများကြီးရှိဖို့ မဖြစ်နိုင်ဘူး။ လုပ်ရင်ဆို တဖွဲ့ကပဲ သိုသိုသိပ်သိပ် သူ့ဟာနဲ့ သူလုပ်သွားကြမှာကိုး။ ကျွန်တော့်အမြင်က ဒီအထောက်အထားတွေက မခိုင်လုံတဲ့ ပြဿနာပေါ့။ နောက်တခုက အသုံးပြုတဲ့ ဗုံး အမျိုးအစားက၊ နောက်တခုက အင်္ဂလိပ်လို forensicပေါ့။ အားလုံး သိပ္ပံနည်းကျလေ့လာပြီးတဲ့အခါမှ ခန့်မှန်းချက်က ပြောနိုင်မှာပေါ့။ ဒါပေမဲ့ အဲဒီအဆင့်တွေတောင်မှ စစ်အစိုးရက လုပ်နိုင်တဲ့ စွမ်းအင်မရှိတာကို တွေ့ရတယ်။ ကျွန်တော်လည်း သံသယရှိတာပဲ။ ဒီအထောက်အထားတွေ ခိုင်လုံသလား မခိုင်လုံဘူးလားဆိုတာကို၊ နောက် အမေရိကန် အစိုးရဆိုရင် ပိုပြီးတော့ သံသယရှိမှာပေါ့လေ။ သူတို့မှာ forensicတို့ လုပ်နိုင်တဲ့ စွမ်းအားရှိတာကိုး။”

ဒါကတော့ မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းရဲ့ အမြင်ကို ကြားခဲ့ရတာဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG