သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ မင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ ကုလ အတွင်းရေးမှူးချုပ်ကို အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကျန်းမာရေးအခြေ
အနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတဲ့
အတွက် သူတို့လွတ်မြောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်ပေးဖို့ အမေရိကန် အထက်လွှတ်တော်
အမတ်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) နဲ့ လူ့အခွင့်
အရေး မဟာမင်းကြီး လုဝီစ် အာဘာ (Louise
Arbour) တို့ကို တောင်းဆိုလိုက်ကြပါတယ်။ တောင်းဆိုချက်ထဲမှာ တခြား ဘာတွေများ ထူးခြား
ချက်တွေ ပါသေးသလဲဆိုတာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီမိုကရက်တစ်ပါတီက အထင်ကရ အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဒိုင်ယန်
ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ရစ်ချတ် ဒါဘင် (Richard Durbin) တို့က ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာ
မင်းကြီး လုဝီစ် အာဘာ (Louise Arbour) တို့ကို လိပ်မူပြီး ဧပြီလ ၃၀ ရက် ရက်စွဲနဲ့
ပေးပို့ခဲ့ကြတာပါ။

စာထဲမှာ အဓိကဖော်ပြထားတဲ့အချက်ကတော့ မြန်မာနိုင်ငံက အဓိက နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ကို ချက်ချင်း လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ တောင်းဆိုပေးဖို့၊ အထူး
သဖြင့်တော့ ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ
ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ်တွေ ဘာကြောင့် အခုလို စာထုတ်တောင်းဆို
ရတာပါလဲလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB အဖွဲ့က ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ ဂျယ်ရမီ ဝူဒမ် (Jeremy Woodrum) ကို ကျနော်
မေးကြည့်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှကြည့်ရှု စောင့်ရှောက်ပေးခြင်း မရှိတဲ့အပေါ် လူတွေက တော်တော် စိတ်ပျက်နေကြတယ်လို့ ကျနော်ထင်တယ်လေ။ စစ်အစိုးရက ဒီနည်းနဲ့ လူတွေသတ်နေတာတွေ၊ နောက်
လူတွေကို မတရားအကျဉ်းချတာတွေ လုပ်နေပေမယ့် ဘယ်သူမှ သူတို့ကို အရေးယူ
ခြင်း မရှိဘူးလေ။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ အချိန်တန်ပြီ၊
အထူးသဖြင့်တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုသင့်ပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်
ရေး ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံ
အနေနဲ့ အခုအချိန်မှာ ဖိအားပေးလုပ်ဆောင်သင့်တယ်လို့ ဂျယ်ရမီ ဝူဒမ်က
ဆက်ပြောပါတယ်။

“အမေရိကန်အစိုးရအနေနဲ့ အဓိကလုပ်ဆောင်သင့်တဲ့ အချက်ကတော့ ကုလသမဂ္ဂ
အနေနဲ့ စစ်အစိုးရအပေါ် လက်နက်တင်ပို့မှုပိတ်ပင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်
တရပ် ချမှတ်ရေး ဖြစ်ပါတယ်။ စစ်အစိုးရဟာ ကိုယ့်ပြည်သူကို သတ်ဖြတ်တဲ့နေရာမှာပဲ ဒီလက်နက်တွေကို အသုံးချတာပါ။ ဒါကြောင့် ဒီ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်
တားဆီးဖို့ အခုအချိန်မှာ အရေးတကြီး လိုအပ်နေတာပါ။ မကြာသေးခင်ကပဲ အထက် လွှတ်တော်အမတ် ရစ်ချတ် ဒါဘင်နဲ့ ဒိုင်ယန် ဖိုင်းစတိုင်းတို့ဟာ အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီးဆီကို စာရေးပြီးတော့ ဒီကိစ္စကို အမြန်ဆုံးလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါ
သေးတယ်။”
မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB အဖွဲ့က ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ ဂျယ်ရမီ
ဝူဒမ် ပြောသွားတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက လိုအပ်တဲ့
ဆေးကုသမှုတွေ လုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက်၊ အကျဉ်းသားတွေ မကြာခဏ
သေဆုံးရတဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် လိုအပ်တဲ့ ဆေးကုသမှုတွေ ရရှိနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရေးကို လုပ်
ဆောင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို တောင်းဆိုခြင်းဖြစ်ကြောင်း
လည်း စာထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG